ဇူလိုင် ၂၈

ဘရာဇီးနိုင်ငံရှိ အမေဇုန်ရှိ ကဇာတ်ရုံနှစ်ခုကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) က ယနေ့တွင် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်နေရာများအဖြစ် သတ်မှတ်ခဲ့သည်။

မာနော့စ်မြို့ရှိ Teatro Amazonas နှင့် ဘီလမ်မြို့ရှိ Theatro da Paz နှစ်ခုစလုံးကို ၁၉ ရာစုနှောင်းပိုင်း ရော်ဘာစီးပွားရေးတိုးတက်မှုကာလအတွင်း ခမ်းနားသော ဥရောပပုံစံဖြင့် တည်ဆောက်ခဲ့ပြီး အမေဇုန်၏ ရွှေခေတ် ကြွယ်ဝချမ်းသာမှုကို ထင်ဟပ်စေကြောင်း ဖော်ပြထားသည်။

ကိုရီးယားသမ္မတနိုင်ငံ ဘူဆန်တွင် ကျင်းပသော ကမ္ဘာ့အမွေအနှစ်ကော်မတီ၏ ၄၈ ကြိမ်မြောက် အစည်းအဝေးအတွင်း အဆိုပါကဇာတ်ရုံများကို ယူနက်စကို ကမ္ဘာ့အမွေအနှစ်အဆင့် သတ်မှတ်ရန် ဆုံးဖြတ်ချက်ကိုချမှတ်ခဲ့ရာ မြောက်ပိုင်းဘရာဇီးတွင် နိုင်ငံတကာအသိအမှတ်ပြုမှုကိုရရှိသည့် ပထမဆုံး ယဉ်ကျေးမှုနေရာများ ဖြစ်လာခဲ့သည်။

အမေဇုန်မိုးသစ်တော၏ အဓိကနေရာတွင် တည်ရှိသော Teatro Amazonas ကို မာနော့စ်တွင် ၁၈၉၆ ခုနှစ်က ဖွင့်လှစ်ခဲ့သည်။ ထိုအော်ပရာရုံ တည်ဆောက်ရန် အသုံးပြုသောပစ္စည်းများကို အီတလီနိုင်ငံမှ Carrara စကျင်ကျောက်နှင့် ပြင်သစ်နိုင်ငံ Alsace ဒေသမှ အမိုးပြားများ အပါအဝင် ဥရောပနိုင်ငံအမျိုးမျိုးမှ တင်သွင်းခဲ့သည်ဟု သိရသည်။ ဘရာဇီး၏အထင်ကရယဉ်ကျေးမှုအမွေအနှစ်သင်္ကေတများအနက် တစ်ခုဖြစ်ပြီး နှစ်စဉ် အမေဇုန်အော်ပရာပွဲတော်ကို လက်ခံကျင်းပသည့် အဓိက ကဇာတ်ရုံလည်းဖြစ်သည်။

ပါရာပြည်နယ်၏ မြို့တော် ဘီလမ်တွင် ၁၈၇၈ ခုနှစ်က ဖွင့်လှစ်ခဲ့ပြီး နောက်ပိုင်းတွင် တိုးချဲ့ခဲ့သော Theatro da Paz သည် နိုင်ငံတွင် ရှေးအကျဆုံး အော်ပရာရုံများအနက် တစ်ခုဖြစ်ပြီး နီယိုဂန္ထဝင်ဗိသုကာလက်ရာ ကျောက်မျက်ရတနာတစ်ခုအဖြစ် သတ်မှတ်ခံထားရသည်။

ဘရာဇီးနိုင်ငံသည် ယခုအခါ ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းတွင် နေရာစုစုပေါင်း ၂၆ ခု ရှိလာပြီဖြစ်သည်။ ၎င်းတို့တွင် ယဉ်ကျေးမှုအမွေအနှစ်နေရာ ၁၆ ခု၊ သဘာဝနအမွေအနှစ်နေရာ ကိုးခုနှင့် ယဉ်ကျေးမှုနှင့် သဘာဝရောနှောနေရာ တစ်ခုတို့ပါဝင်သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို