ဘူဇွာဟိုတယ် ရုပ်ရှင်ဇာတ်ကား နိုဝင်ဘာ ၃၀ ရက်တွင် တစ်နိုင်ငံလုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံများတွင် ရုံတင်ပြသသွားမည်

ရန်ကုန် ၂၅ နိုဝင်ဘာ

 

ဆောင်းညပြာသို ရုပ်ရှင်ထုတ်လုပ်ရေးမှ မူပိုင်နှင်းဆီဇာတ်လမ်းကို ဇာတ်ညွန်း/ ဒါရိုက်တာ ပြည်ဟိန်းသီဟရေးသားရိုက်ကူးသည့် ဘူဇွာဟိုတယ် ရုပ်ရှင်ဇာတ်ကား အထူးပွဲကို ယနေ့နံနက်ပိုင်းတွင်  ရန်ကုန်မြို့ သမ္မတအဆင့်မြင့် ရုပ်ရှင်ရုံ တွင်ပြသခဲ့ပြီး အဆိုပါ ရုပ်ရှင်ဇာတ်ကားအား နိုဝင်ဘာ ၃၀ ရက်မှစတင်ကာ မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံများတွင် ရုံတင်ပြသသွားမည်ဖြစ်သည်။

 

အဆိုပါ ဘူဇွာဟိုတယ် ရုပ်ရှင်ဇာတ်ကားကို ဧရာဝတီတိုင်းဒေသကြီးချောင်းသာ ကမ်းခြေတွင် ရိုက်ကူးခဲ့ပြီး ပရိတ်သတ် ရယ်မောပျော်ရွှင်နိုင်စေရန် မြင့်မြတ်၊ ရွှေသမီး၊ ခင်လှိုင်၊ တက္ကသိုလ်ဂွမ်းပုံနှင့် အနုပညာရှင်များစွာက ကျရာအခန်းကဏ္ဍမှ ပီပြင်စွာ ပါဝင်သရုပ်ဆောင်ထားသည်။

 

သရုပ်ဆောင်ရွှေသမီးက “ ဒီဇာတ်ကားလေးက ပျော်စရာကောင်းပါတယ်။ ကြည့်တဲ့သူတွေအတွက် ကမ်းခြေကို တစ်ကယ်ရောက်သွားသလို ခံစားရတယ်။ ဇာတ်ဝင်ခန်းတိုင်းမှာ ရယ်စရာလေးတွေဖြစ်တဲ့အတွက် စိတ်လည်း ကြည်နူးရတယ်။ ပျော်လည်း ပျော်တယ်။ ဒီဇာတ်ကားမှာ အမှတ်တရတွေက အများကြီးပါ။ ဒီဇာက်ကား ရိုက်တာ တစ်နှစ်ကျော်ပြီ။ အဝတ်အစားကတော့ ဒီဇိုင်နာနဲ့ တိုင်ပင်ပြီး သေသေချာချာ လေးချုပ် ထားတယ်” ဟုပြောသည်။

 

 

 

သရုပ်ဆောင် တက္ကသိုလ်ဂွမ်းပုံက “ဒီဇာတ်ကားက ဟာသကားလေးပါ။ ဘူဇွာဟိုတယ်ဇာတ်ကားကြည့်ပြီး ပရိတ်သတ်ကို ပျော်စေချင်တယ်။ ဒီဇာတ်ကားမှာ ဟာသသရုပ်ဆောင် တော်တော်များများပါတယ်။ ဒါရိုက်တာက သရုပ်ဆောင်တွေကို သူ့ ကာရိုက်တာနဲ့သူ ထိမိပြီးတော့ သူအဖွဲ့လေးနဲ့သူ ဟာသလေးတွေလုပ်ထားတယ်” ဟု ပြောသည်။

 

 

 

 

သရုပ်ဆောင် ဇော်ဝင်းနိုင်က “ဒီဇာတ်ကားမှာ ဟိုတယ်ပိုင်ရှင်သူဌေးကြီးက သားသမီး ကိုးယောက်မွေးထားတယ်။ သူစိမ်းတွေကို အလုပ်ခန့်ရင် လခတွေပေးနေရ မှာစိုးလို့ သားသမီးကိုးယောက်ကိုပဲ တန်တဲ့နေရာပြန်ခန့်ထားတယ်။ အဲ့ဒီကစပြီး အလွဲတွေဖြစ် ရော။ ရယ်စရာကားဖြစ်တဲ့အတွက် အဲဒီအလွဲတွေက ရယ်ရတာပါ။ ဒီဇာတ်ကားက ဟိုတယ်ဇာတ်ပါ။ ဟိုတယ်မှာပဲ မှားတတ်တဲ့ အလွဲလေးတွေပါ။ အဲဒီအလွဲတွေက သဘာဝလည်းကျတယ်။ ရယ်လည်းရယ်ရတယ်” ဟု ဇာတ်ကားနှင့် ပတ်သက်၍ ပြောပြသည်။

 

 

 

 

သရုပ်ဆောင် K ညီက “ ဒီဇာတ်ကားမှာ ဘူဇွာကြီးရဲ့ သားသမီးကိုးယောက်ထဲက တစ်ယောက်ပါ။ စားဖိုဆောင်မှာ တာဝန်ကျတဲ့ စားဖိုမှူးနေရာက ပါဝင်သရုပ်ဆောင် ထားပါတယ်။ ပေးအပ်လာတဲ့ ကာရိုက်တာပိုင်းကို ကြိုးစားတယ်။ ပြင်ဆင်တယ်။ ကျွန်တော် သရုပ်ဆောင်တဲ့အခန်းမှာ ပရိတ်သတ်ကြီး ရယ်ရတယ်ဆိုရင် ဝမ်းသာတယ်။ ပီတိဖြစ်တယ်။ ဒါက ကြိုးစားခြင်းရဲ့ ရလဒ်ပဲလေ။ ကျွန်တော်အတွက်တော့ အားဖြစ်စေပါတယ်” ဟု ၎င်း၏ သရုပ်ဆောင်ပိုင်းနှင့် ပတ်သက်၍ ပြောပြသည်။

 

 

သတင်း-မင်းသစ်(MNA)/ဓာတ်ပုံ-နေလင်း