ဘူးမှုတ်တတ်တဲ့ကလေးတွေ စကားပိုတတ်လွယ်

၂၁ အောက်တိုဘာ

 

တံတွေးတွေထွက်အောင်အထိ တဘူးဘူးနဲ့ ဘူးမှုတ်တတ်တဲ့ ကလေးတွေ၊ နှုတ်ခမ်းကို လျှာနဲ့သပ်တတ်တဲ့ ကလေးတွေက စကားစပြောတတ်ဖို့ ပိုလွယ်တယ်လို့ အင်္ဂလန်နိုင်ငံ Lancaster University ရဲ့ သုတေသနက ဖော်ပြခဲ့ပါတယ်။

 

နှုတ်ခမ်းလှုပ်ရှားမှုတွေနဲ့ ကလေးရဲ့ ဘာသာစကားစွမ်းရည်တွေကြားမှာ ဆက်နွှယ်မှုကြီးမားတယ်လို့ သုတေသီတွေက ပြောပါတယ်။ ကလေးတွေကို လျှာနဲ့နှုတ်ခမ်းသပ်တတ်အောင် သင်ပေးတာ၊ ဘူးမှုတ်ဖို့ သင်ပေးတာ၊ ကစားနည်းလုပ်ပေးတာကမှ စကားလုံးတွေ အသံထွက်တတ်လာအောင် သူတို့ရဲ့ သင်ယူလေ့လာနိုင်စွမ်းကို ပိုကောင်းစေမယ်လို့ ဆိုပါတယ်။

 

သုတေသနမှာ အသက်တစ်နှစ်ခွဲအရွယ် ကလေးငယ် အယောက် ၁၂၀ ကျော်ကို လေ့လာခဲ့ပါတယ်။ ဒီအရွယ်မှာ ကလေးတွေက စကားလုံးအသစ်တွေ သင်ယူမှု ပိုမြန်တာဖြစ်ပါတယ်။ လေ့လာမှုရလဒ်တွေအရ နှုတ်ခမ်းလှုပ်ရှားမှု သိပ်မရှိတဲ့ ကလေးတွေဟာ ဘာသာစကားစွမ်းရည်မှာ အားနည်းကြတယ်လို့ သုတေသီ Dr Katie Alcock ကပြောပါတယ်။ ကလေးတွေကို နှုတ်ခမ်းလှုပ်ရှားမှု များများလုပ်ရတဲ့ ကစားနည်းတွေ ကစားပေးတဲ့၊ ချော့မြှူတဲ့မိဘတွေနဲ့ဆို ကလေးက စကားပိုတတ်ကြတယ်လို့ သုတေသနက ထောက်ပြခဲ့ပါတယ်။

 

ကလေးတွေက တစ်နှစ်ခွဲရောက်တဲ့အခါ ထက်ဝက်လောက်က စကားလုံး ၁၀ဝ လောက် စပြောတတ်နေပြီး စာကြောင်းတွေပါ ဆက်ပြီးပြောတတ်နေပြီ။ နောက်တဝက်ကတော့ မရဘူး။ ကလေးတွေရဲ့ ၅ ရာခိုင်နှုန်း၊ ၁၀ ရာခိုင်နှုန်း လောက်က စကားတတ်တာ အရမ်းနည်းတယ်။လို့ သူကပြောပါတယ်။ ကလေးကို စကားတတ်စေချင်၊ ဘာသာစကားကျွမ်းကျင်စေချင်ရင် ဘူးမှုတ်မှာကို မကြောက်ပါနဲ့။ ဝမ်းသာလိုက်ပါ။ ဒီနည်းလေးတွေနဲ့ ကလေးရဲ့ လေ့လာသင်ယူမှုမှာ ကူညီပေးပါ။

 

ကလေးက လုပ်လိုက်တဲ့ အသံလေးတွေအတိုင်း အသံလိုက်ထွက်ပေးပါ။ ကလေးနဲ့စကားပြောပါ။ စကားပြောတဲ့အခါ အသံအသစ်အဆန်းလေးတွေ ထည့်ပြောပါ။ ကလေးက လိုက်တုသလား ကြည့်ပါ။ ကလေးကို သီချင်းဆိုပြပါ။ မြန်မာဓလေ့အရ ပုခက်လေးထဲထည့် သီချင်းဆိုသိပ်တာ သိပ်ကောင်းတဲ့နည်းပါ။ အသံအနိမ့်အမြင့် အမျိုးမျိုးနဲ့ တချို့နေရာမှာ အသံမြှင့်ပြီး တချို့နေရာမှာ တိုးတိုးညှင်းညှင်းဆိုပါ။ ကလေးမှတ်မိလောက်တဲ့ ဆိုနေကျသီချင်းကိုပဲ ဆိုပြပြီး သူနှုတ်ခမ်း လိုက်လှုပ်သလားကြည့်ပါ။ ကလေးနဲ့ ရွယ်တူလို အဖော်လုပ်ကစားပေးပါ။ ဖုန်းဆက်တဲ့ပုံလိုလုပ်ပြီး သူနဲ့စကားပြောနေသယောင် လုပ်ပေးပါ။

 

သင့်ကလေးက သင့်အသံအမြဲကြားနေပါစေ။ တတ်နိုင်သလောက် ခဏခဏ စကားပြောပေးပါ။ အထူးသဖြင့် သူ့ကို စကားပြောလိုက်တဲ့အခါ သူ့ဘက်က မျက်နှာကြွက်သားလှုပ်ရှားတဲ့ တုံ့ပြန်မှုဖြစ်လာအောင် ကြိုးစားပါ။ ဥပမာ မြှူလိုက်လို့ပြန်ရယ်ပြတာဆိုရင် မျက်နှာကြွက်သား လှုပ်ရှားပါလိမ့်မယ်။

 

ရေးသားသူ - Yun Sandi Nan Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ - Dr. Thurein Hlaing Win

 

ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်