ဗီဒီယိုဈေးကွက် ပြန်လည်ဦးမော့စေချင်သည့် ခင်ဝင့်ဝါ

၂ ဇန်နဝါရီ

Miss Supernational 2014 ပြိုင်ပွဲ၌ ဖေ့ဘွတ်တွင် လိုက်ခ်အများဆုံးဆုကို ရရှိခဲ့ပြီး အလှမယ်ဘဝကနေ သရုပ်ဆောင်အဖြစ် ဗီဒီယိုဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့ကာ သရုပ်ဆောင်ပိုင်းမှာပါ အချိန်တိုအတွင်း နေရာတစ်နေရာ ရရှိလာခဲ့သည့် ခင်ဝင့်ဝါက လက်ရှိဗီဒီယိုဈေးကွက်အပေါ် သူ၏သုံးသပ်ချက်တွေကို ယခုလို ဆိုလာသည်။

“ဗီဒီယိုများများရိုက်မှ နယ်ကပရိသတ်တွေက ပိုပြီးတော့ကြည့်တာလေ။ အခုကတော့သိတဲ့အတိုင်း ဗီဒီယိုဈေးကွက်ကလည်း ပျက်နေတာ။ ညီမကတော့ ဗီဒီယိုတွေ ပြန်ရိုက်မယ်ဆို ပြန်ရိုက်ချင်ပါတယ်။ ရိုက်မယ်ဆိုရင်လည်း ကိုယ့်ကိုလုပ်ကွက် ပေးမယ့်၊ ကိုယ့်အတွက်လည်း ဇာတ်ရုပ်ကောင်းတစ်ခုဖြစ်မယ့်၊ ပရိသတ်လည်း ကြိုက်နှစ်သက်မယ့် ဇာတ်လမ်းကောင်းလေးတွေ ရိုက်ချင်ပါတယ်။ ၂၀၁၈ ကုန်တော့မယ့် အချိန်မှာ ပြန်ပြီးကြည့်ဖြစ်တော့ တစ်နှစ်ထက် တစ်နှစ်ပိုပြီး ရင့်ကျက်စေမယ့်သင်ခန်းစာ တွေရတယ်။ အလုပ်ကနေရရှိတဲ့ သင်ခန်းစာတွေပေါ့။ ကိုယ့်ကိုယ်ကိုယ် ပိုပြီးရင့်ကျက်လာအောင်၊ ကိုယ့်ကိုယ်ကိုယ် ပိုပြီးသန်မာလာအောင် ကြိုးစားဖို့လိုတယ်လို့ ထင်ပါတယ်။ ညီမကပြောစရာရှိရင် ပွင့်ပွင့်လင်းလင်းပြောတတ်တယ်။ အခု နောက်ပိုင်းတော့ ဒီလောကမှာ ရောက်လာတာလည်းကြာလာတော့ ရရှိတဲ့သင်ခန်းစာရယ်၊ အသက်အပိုင်းအခြားအရ အသိလေးတွေ ရင့်ကျက်လာတာရယ်ကြောင့် တစ်ယောက်တည်းနေတတ်လာပြီး တစ်ယောက်တည်း အလုပ်လုပ်တတ်လာတယ်။ ညီမကတော့ ‘စေတနာကောင်းရင် ကံကောင်းမယ်’ဆိုတဲ့စကားကို လက်ကိုင်ထားတယ်။ ညီမစေတနာ ကောင်းကောင်းထားတယ်။ လူတစ်ယောက်အခက်အခဲဖြစ်ရင် ကူညီတယ်။ အဲဒါကို တချို့တွေက အရောင်ဆိုးချင်ကြတဲ့သူတွေရှိတယ်။ ဒါတွေကို ညီမအပြစ်မတင်ဘူး။ ညီမလမ်း ညီမလျှောက်တယ်။ အကောင်းဆုံးကြိုးစားသွားမယ်။ ဝေဖန်တဲ့သူရှိတယ်၊ တိုက်ခိုက်တဲ့သူရှိတယ်၊ ချစ်ပေးတဲ့သူတွေရှိတယ်။ ကိုယ့်ဘဝ နေထိုင်မှုပုံစံနဲ့ကိုယ် ရှေ့ဆက်သွားမှာပါ။ ညီမလုပ်ချင်တဲ့ အနုပညာအလုပ်တွေကိုအကောင်းဆုံးလုပ်ရင်း ပေါ့ပေါ့ပါးပါး ဖြတ်သန်းသွားမှာပါ” ဟု ပြောသည်။ 

ကိုလင်း