ဗီယက်နမ် ယူ-၁၅ အမျိုးသမီးဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာအသင်း ယှဉ်ပြိုင်မည်

၂၂ သြဂုတ်

မြန်မာ ယူ-၁၅ အမျိုးသမီးအသင်းသည် ဗီယက်နမ် ယူ-၁၅ အမျိုးသမီး ဖိတ်ခေါ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ယင်းပြိုင်ပွဲကို စက်တင်ဘာ ၁ ရက်မှ ၅ ရက်အထိ ကျင်းပမည်ဖြစ်ပြီး လေးသင်းပတ်လည်စနစ်ဖြင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ 

အိမ်ရှင်ဗီယက်နမ်အသင်းနှင့်အတူ မြန်မာ၊ ဟောင်ကောင်နှင့် အိုက်စလန်အသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး မြန်မာ ယူ-၁၅ အမျိုးသမီးအသင်းအတွက် အတွေ့အကြုံကောင်းများ ရရှိမည့်ပြိုင်ပွဲလည်းဖြစ်သည်။ 

ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ်သည် ယူ-၁၅ ဖိတ်ခေါ်ပြိုင်ပွဲကို အမျိုးသား၊ အမျိုးသမီး ပြိုင်ပွဲနှစ်ခုဆက်တိုက် ကျင်းပခြင်းဖြစ်သည်။ အမျိုးသား ယူ-၁၅ ဖိတ်ခေါ်ပြိုင်ပွဲကို သြဂုတ် ၂၆ ရက်မှ ၃၀ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အမျိုးသမီးပြိုင်ပွဲကို စက်တင်ဘာပထမပတ်တွင် ဆက်လက်ကျင်းပခြင်းဖြစ်သည်။
 
ဗီယက်နမ် ယူ-၁၅ ဖိတ်ခေါ်ပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာ ယူ-၁၅ အမျိုးသမီးအသင်းကို နည်းပြချုပ်အဖြစ် ဒေါ်စန်းစန်းသိန်းက ကိုင်တွယ်နေပြီး ကစားသမား ၂၅ ဦးဖြင့် လေ့ကျင့်လျက်ရှိသည်။ မြန်မာအသင်းသည် ယခုနှစ်အတွင်း အာဆီယံ ယူ-၁၅ အမျိုးသမီးပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့သည့်အသင်းကို အခြေခံကာ ဖွဲ့စည်းထားခြင်းဖြစ်သည်။

သတင်း-ရဲရင့်ရှိုင်း