ဗီယက်နမ် ယူ-၁၅ ဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာအသင်း ယှဉ်ပြိုင်မည်

ရန်ကုန် ၂၁ သြဂုတ်

ဗီယက်နမ်နိုင်ငံ၌ သြဂုတ် ၂၆ ရက်မှ ၃၀ ရက်အထိ ကျင်းပမည့် ဗီယက်နမ် ယူ-၁၅ ဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာအသင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

 

6757

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ဦးမင်းသူ ကိုင်တွယ်နေသည့် မြန်မာ ယူ-၁၅ အသင်းဖြင့် ယှဉ်ပြိုင်မည်ဖြစ်ပြီး မန္တလေးမြို့၌ ကျင်းပသည့် လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲအပြီးတွင် ဆက်လက်လေ့ကျင့်ပြင်ဆင်လျက်ရှိသည်။ မြန်မာ ယူ-၁၅ အသင်းသည် ကစားသမား ၂၀ ဖြင့် လေ့ကျင့်လျက်ရှိပြီး လက်ရှိတွင် မန္တလေးမြို့၌ လေ့ကျင့်နေကာ ပြိုင်ပွဲသွားရောက်ခါနီးတွင် ရန်ကုန်မြို့၌ အပြီးသတ်လေ့ကျင့်ပြင်ဆင်မည်ဖြစ်သည်။ 

ဗီယက်နမ် ယူ-၁၅ ဖိတ်ခေါ်ပြိုင်ပွဲတွင် အိမ်ရှင် ဗီယက်နမ်အသင်းအပါအဝင် ရုရှားအသင်း၊ တောင်ကိုရီးယားနှင့် မြန်မာအသင်းတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။

ပြိုင်ပွဲကို လေးသင်းပတ်လည်စနစ်ဖြင့် ကျင်းပမည်ဖြစ်ပြီး အုပ်စုပွဲစဉ်များအဖြစ် သြဂုတ် ၂၆ ရက်တွင် မြန်မာနှင့် ဗီယက်နမ်၊ ရုရှားနှင့် တောင်ကိုရီးယား၊ သြဂုတ် ၂၈ ရက်တွင် မြန်မာနှင့် တောင်ကိုရီးယား၊ ဗီယက်နမ်နှင့် ရုရှား၊ သြဂုတ် ၃၀ ရက်တွင် မြန်မာနှင့် ရုရှား၊ ဗီယက်နမ်နှင့် တောင်ကိုရီးယားအသင်းတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။

မြန်မာ ယူ-၁၅ အသင်းသည် စက်တင်ဘာတွင် ယှဉ်ပြိုင်ရမည့် ၂၀၂၀ အာရှ ယူ-၁၆ ခြေစစ်ပွဲအတွက် ပြင်ဆင်နေခြင်းဖြစ်ပြီး ဖိတ်ခေါ်ပြိုင်ပွဲနှစ်ခုဆက်တိုက် ယှဉ်ပြိုင်နေခြင်းဖြစ်သည်။ မြန်မာအသင်းသည် သြဂုတ် ၁၄ ရက်မှ ၁၈ ရက်အထိ မန္တလေးမြို့၌ ကျင်းပသည့် လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အင်ဒိုနီးရှားကို နှစ်ဂိုး-ဂိုးမရှိ၊ တောင်ကိုရီးယားအသင်းကို သုံးဂိုး-တစ်ဂိုး၊ မွန်တီနီဂရိုးအသင်းကို သုံးဂိုး-တစ်ဂိုးတို့ဖြင့် ရှုံးနိမ့်ခဲ့သည်။

သတင်း - ညီမြတ်သော်တာ
ဓာတ်ပုံ - ဖိုးသော်ဇင်