ဟနွိုင်း ဒီဇင်ဘာ ၂၉
ယခုနှစ်အတွင်း ဗီယက်နမ်နိုင်ငံသို့ နိုင်ငံတကာခရီးသွား ၂၁ ဒသမ ၅ သန်း လာရောက်လည်ပတ်နိုင်သည်ဟု ခန့်မှန်းထားကြောင်း ဗီယက်နမ်ခရီးသွားလုပ်ငန်း အမျိုးသားအာဏာပိုင်အဖွဲ့၏ ပြောကြားချက်ကို ကိုးကား၍ နေ့စဉ်ထုတ် သတင်းစာနမ်ဒန်က ဒီဇင်ဘာ ၂၉ ရက်တွင် ဖော်ပြထားသည်။
ထို့အပြင် ဗီယက်နမ်နိုင်ငံသည် ပြည်တွင်းခရီးသွား ၁၃၅ ဒသမ ၅ သန်းအထိ ရှိလာရန်လည်း ခန့်မှန်းထားကြောင်း အဆိုပါသတင်းစာတွင် ဖော်ပြထားသည်။ ဗီယက်နမ်နိုင်ငံ၏ ခရီးသွား လုပ်ငန်းမှရရှိသော ဝင်ငွေသည် ဗီယက်နမ်ဒေါင် ၁ ကွာဒရီလီယံ (အမေရိကန်ဒေါ်လာ ၃၉ ဒသမ ၈ ဘီလီယံခန့်) ရှိမည်ဟု ခန့်မှန်းထားသည်။
ဗီယက်နမ်နိုင်ငံသည် လာမည့်နှစ်တွင် နိုင်ငံတကာခရီးသွား ၂၅ သန်းနှင့် ပြည်တွင်းခရီးသွား သန်း ၁၅၀ အထိ ရောက်ရှိရေး မျှော်မှန်းလုပ်ဆောင်လျက်ရှိပြီး ခရီးသွားလုပ်ငန်းမှ ဝင်ငွေ ဗီယက်နမ် ဒေါင် ၁ ဒသမ ၁၂ ကွာဒရီလီယံကျော် (အမေရိကန်ဒေါ်လာ ၄၄ ဒသမ ၆ ဘီလီယံခန့်) ရရှိရေး ရည်မှန်းထားသည်။
ဆင်ဟွာ


