ဗိဿနိုးမြို့ဟောင်းကြီး၏ တိမ်မြုပ်ပျောက်ကွယ်နေသော အနောက်ဘက်မြို့ရိုးကို ပြန်လည်တွေ့ရှိရန် နီးကပ်နေ

ရန်ကုန်၊ ဧပြီ ၂၂

ဗိဿနိုးမြို့ဟောင်းကြီး၏ တိမ်မြုပ်ပျောက်ကွယ်နေသော အနောက်ဘက်မြို့ရိုးကို ပြန်လည်ရှာ‌ဖွေ တွေ့ရှိရန် နီးကပ်နေပြီဖြစ်ကြောင်း သာသနာရေးနှင့် ယဥ်ကျေးမှုဝန်ကြီးဌာန၊ ပုဂံဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက အသိပေးထားသည်။

ဗိဿနိုးမြို့ဟောင်းကြီးကို အကြိမ်ကြိမ်တူးဖော်သုတေသနပြုခဲ့ကြရာတွင် ယခင်က တူးဖော်စဥ် ရန်ပယ်ချောင်းဟောင်း၏ ကမ်းပါးနံရံနေရာ၌ အုတ်အထပ်ဆယ်လွှားခန့်ပါရှိသော အုတ်ရိုးတန်းတစ်ခုကို တွေ့ခဲ့သော်လည်း ဆရာကြီးဦးအောင်သော်ရေးခဲ့သော ကုန်းတစ်ခုချင်း အလိုက် အင်္ဂလိပ်ဘာသာဖြင့် ရှင်းလင်းရေးသားထားသည့် Excavations at Beikthano စာအုပ်တွင် မဖော်ပြခဲ့ကြောင်း ၄င်း၏ လူမှုကွန်ရက်ဖေ့စ်ဘွတ်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

“ဗိဿနိုးမြို့ဟောင်းကြီးကို ၁၉၉၃ ခုနှစ်ဝန်းကျင်မှာ တူးဖော်သုတေသနပြုခြင်းတွေ ရပ်တန့်နေခဲ့ရာမှ ပြန်လည်တူးဖော် သုတေသနပြုခဲ့ကြပြန်ပါတယ်။ အဲဒီအခါမှာတော့ ဟိုးယခင်ကကဲ့သို့ ကုန်းအမှတ်များ သတ်မှတ်သည့်နေရာမှာ ကုက္ကိုခွ KKG ကို အသုံးမပြုတော့ပဲ မြို့ဟောင်းကြီး၏ နာမည်အတိုကောက် BTO လို့သာ စတင်သတ်မှတ်ပြီး ကုန်းအမှတ် BTO 1 ကနေ ပြန်လည်တူးဖော်ခဲ့ကြပါတယ်။ ဗိဿနိုးမြို့ဟောင်းကြီး၏ တူးဖော်သုတေသန သမိုင်းတစ်လျှောက် ၆၉ ကုန်းပြီးစီးခဲ့သည့်နေရာမှာ ၂၀၀၃ ခုနှစ် ကုန်းအမှတ် BTO 11 ကနေ BTO 21 ထိ တူးဖော်သုတေသနပြုခဲ့မှုအတွင်း ကျွန်တော်အနေနှင့် BTO 15 နှင့် BTO 19 ကိုလည်းကောင်း၊ ၂၀၁၁ ခုနှစ်အတွင်း BTO 35 ကနေ BTO 38 အထိ ကိုလည်းကောင်း ကုန်း ၆ ကုန်းကို တာဝန်ယူပြီး ဦးဆောင်၍ တူးဖော်သုတေသနပြုခဲ့ရပါတယ်” ဟု ဦးကျော်မျိုးဝင်းက ရေးသားထားသည်။

ထို့သို့ အကြိမ်ကြိမ်တူးဖော် သုတေသနပြုမှုအတွင်း ၄င်းအနေဖြင့်  GIS (Geographic Information System) စနစ်ဖြင့် ချဉ်းကပ်လေ့လာမှုများကိုလည်း ဆောင်ရွက်ခဲ့ကာ အချက်အလက်များ ညှိနှိုင်းရယူပြီး အနောက်ဘက်မြို့ရိုးရှိနိုင်ခြေ အလားအလာတွက်ချက်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း  သိရသည်။

 

mdn

 

“ထိုသို့ဆောင်ရွက်နေစဉ်အတွင်း တူးဖော်မှုအဖွဲ့အတွင်းပါဝင်သည့် လူငယ်များကို GIS၊ RS၊ GPS နည်းပညာများ သင်ကြားပေးခြင်းစသည့်များကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။ ယခုအခါမှာတော့ ဗိဿနိုးမြို့ဟောင်းကြီး၏ ပျောက်ကွယ်နေခဲ့သည့် အနောက်ဘက်မြို့ရိုးကြီးကို ပြန်လည် ရှာတွေ့ဖို့ရာ နီးကပ်နေပြီဖြစ်ပါတယ်။ ယခင်မိမိနဲ့ အတူတူးဖော်သုတေသနပြုခဲ့ကြသည့် မျိုးဆက်သစ်များက ဆက်လက်ရှာဖွေနေကြပေပြီ။ ဗိဿနိုးမြို့ဟောင်း၏ အနောက်ဘက် မြို့ရိုးဖြစ်နိုင်ခြေတစ်လျှောက် စမ်းသပ်ကျင်းပေါင်းငါးနေရာ တူးဖော်ခဲ့တဲ့နေရာ လေးနေရာ မြို့ရိုးကြီးရှိခဲ့ကြောင်း ခိုင်မာသည့်သက်သေ အထောက်အထားများလည်းရရှိထားပါပြီ” ဟု ၄င်း၏ ရေးသားချက်အရသိရသည်။

ထို့အပြင် ဗိဿနိုးမြို့ကြီး၏ တောင်ဘက်မြို့ရိုး၌ ဝင်ပေါက်ဂိတ်တံခါးရှိခဲ့ကြောင်းလည်း ဖော်ထုတ်နိုင်ခဲ့ကာ ဗိဿနိုးမြို့ဟောင်းကြီး၏ ယခုလက်ရှိတည်ရှိနေသည့် အင်းကြီးထက် အစပေါင်းများစွာ ကြီးမားသောအင်းကြီးတစ်ခု ဗိဿနိုးမြို့ဟောင်းကြီး၏ အနောက်ဘက်မှာ ရှိခဲ့ကြောင်းလည်း နည်းပညာအသစ်များက ဖော်ထုတ်ပေးနေကြောင်း ဦးကျော်မျိုးဝင်းက ‌ပြောသည်။

MT