ဗြိတိသျှကိုလိုနီစနစ်နှင့် ယနေ့ကမ္ဘာ့နိုင်ငံရေး ပဋိပက္ခများ

စာဆိုတမန်

 

ယမန်နေ့မှအဆက်

ဖော့ကလန်ကျွန်းဆွယ်
ဖော့ကလန်ကျွန်းစုသည် တောင်အတ္တလန်တိတ် သမုဒ္ဒရာအတွင်း အာဂျင်တီးနား နိုင်ငံကမ်းခြေမှ အရှေ့ဘက်မိုင် ၃၀ဝ အကွာတွင် တည်ရှိကာ အဓိကကျွန်းကြီး နှစ်ကျွန်းဖြစ်သည့် အရှေ့ဖော့ကလန်နှင့် အနောက်ဖော့ကလန် ကျွန်းကြီးအပါ အဝင် ကျွန်းငယ်ပေါင်း ၇၀ဝ ဖြင့် ဖွဲ့စည်းထားသည့် ကျွန်းစုကြီး ဖြစ်ပါသည်။ အေဒီ ၁၆ ရာစုတွင် ဥရောပသားများ ရောက်ရှိခဲ့ကြပြီး ဖော့ကလန်ကျွန်းအား ဗြိတိသျှနှင့် စပိန်တို့မှ ၎င်း၏ ကိုလိုနီအဖြစ် အသီးသီးပိုင်းခြား အုပ်ချုပ်ခဲ့ပါသည်။ ၁၈၁၀ ပြည့်နှစ်တွင် စပိန်နိုင်ငံမှ အာဂျင်တီးနား လွတ်လပ်ရေးရရှိသည့်နောက်ပိုင်း စပိန်တို့ပိုင်ဆိုင်ခဲ့သည့် ဖော့ကလန်ကျွန်း အား သိမ်းယူရန် ကြိုးစားခဲ့ရာ ဗြိတိသျှတို့က ဖော့ကလန်ကျွန်းအား ပြန်လည်သိမ်းယူခဲ့ပါသည်။

ယင်းနောက် စပိန်တို့၏ ပိုင်နက်ဖြစ်ခဲ့ပြီး အာဂျင်တီးနားနှင့် နီးစပ်နေသည့် ဖော့ကလန်ကျွန်းအား အာဂျင်တီးနားနိုင်ငံက အကြိမ်ကြိမ် ပြန်လည်သိမ်းပိုက်ရန် ကြိုးစားခဲ့ပါသည်။ အထင်ရှားဆုံးအဖြစ် ၁၉၈၂ ခုနှစ်တွင် အာဂျင်တီးနားတပ်ဖွဲ့များက ဖော့ကလန်ကျွန်းအား တိုက်ခိုက်သိမ်းပိုက်ရာမှ ဖော့ကလန်ကျွန်းပဋိပက္ခ ဖြစ်ပွားခဲ့ပါသည်။ သို့သော်လည်း ဗြိတိသျှရေတပ် အရေးသာခဲ့ပြီး ဗြိတိသျှအုပ်ချုပ်မှုအောက်သို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။ ဒေသခံအများစုမှာ အင်္ဂလိပ်ဘာသာ စကားပြောကြားပြီး အာဂျင်တီးနားနိုင်ငံ၏ တရားဝင် ရုံးသုံးဘာသာစကားဖြစ်သည့် စပိန်ဘာသာစကားကို ၁၀ ရာခိုင်နှုန်း ခန့်သာ ပြောကြားကြပါသည်။ ထို့ကြောင့်လည်း ၂၀၁၃ ခုနှစ် မတ်လတွင် ပြုလုပ်ခဲ့သည့် ပြည်သူ့ဆန္ဒခံယူပွဲ၌ ဖော့ကလန် ကျွန်းတွင် နေထိုင်သူ လူဦးရေ၏ ၉၉ ဒသမ ၈ ရာခိုင်နှုန်းက ဗြိတိသျှအုပ်ချုပ်မှုအောက်၌သာ ဆက်လက်နေထိုင်လိုကြောင်း ဆန္ဒပြုခဲ့ကြပါသည်။

တောင်အမေရိကတိုက်၏ တောင်ဘက်အစွန်နှင့် အတ္တလန်တိတ်သမုဒ္ဒရာ၏ အနောက်တောင်ဘက်တွင် တည်ရှိနေသည့် ဖော့ကလန်ကျွန်းသည် ပထမနှင့် ဒုတိယကမ္ဘာစစ် ကာလများအတွင်းက ဗြိတိသျှ စစ်သင်္ဘောများနှင့် အရပ်ဘက်သင်္ဘော များအတွက် လောင်စာဆီဖြည့်တင်းရာနှင့် ပြင်ဆင်သည့် နေရာဖြစ်ခဲ့ပြီး ရေဒီယိုကြေးနန်း ထပ်ဆင့်လွှင့်စက်များ တပ်ဆင် ထားကာ မဟာဗျူဟာအရ အရေးကြီးသည့် နေရာဖြစ်နေသည့်အတွက် ဗြိတိသျှတို့က လက်လွှတ်ရန် ဆန္ဒမရှိပါ။

အာဂျင်တီးနားနိုင်ငံသည် စပိန်အစိုးရထံမှ လွတ်လပ်ရေး ရရှိခဲ့သည့်အလျောက် စပိန်ကိုလိုနီဖြစ်ခဲ့သည့် ဖော့ကလန်ကျွန်း သည် အာဂျင်တီးနားနိုင်ငံ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု မှတ်ယူထားပါသည်။ ဖော့ကလန်ကျွန်း ပဋိပက္ခကြောင့် အာဂျင် တီးနားနိုင်ငံတွင် မျိုးချစ်စိတ်ခံယူချက်များ မြင့်တက်လာခဲ့ပြီး ထိုစဉ်က အာဂျင်တီးနား နိုင်ငံအစိုးရ၏ အုပ်ချုပ်မှုအပေါ် ကြီးမားသော ဆန့်ကျင်ကန့်ကွက်မှုများ ဖြစ်ပေါ်လာခဲ့ပါသည်။ အာဂျင်တီးနား နိုင်ငံအနေဖြင့် ၎င်းတို့၏ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဖော့ကလန်ကျွန်းအား အချုပ်အခြာပိုင်နယ်မြေအဖြစ် ထည့်သွင်းပြဋ္ဌာန်းထားပြီး ကုလသမဂ္ဂ၌ ဖွဲ့စည်း ထားရှိပြီးဖြစ်သည့် United Nations Special Committee for Decolonization  ၌ အဆိုတင်သွင်းကာ ဗြိတိန်ထံမှ ပြန်လည်ရယူနိုင်ရန် အစဉ်ကြိုးပမ်းလျက်ရှိပါသည်။

ဆိုက်ပရပ်စ်ကျွန်း
ရှေးခေတ် ဂရိဒဏ္ဍာရီလာ အချစ်နတ်ဘုရားမဖြစ်သူ Aphrodite (Venus) မွေးဖွားရာနယ်မြေဖြစ်သည့် ဆိုက်ပရပ်စ် နိုင်ငံသည် မြေထဲပင်လယ်၏ အရှေ့ဘက်အခြမ်းတွင် တည်ရှိပြီး တတိယမြောက်အကြီးဆုံး ကျွန်းနိုင်ငံတစ်ခုဖြစ်ကာ ဂရိနှင့် တူရကီလူမျိုးများ အများစုနေထိုင်ကြပါသည်။ မြေထဲပင်လယ်တွင် မဟာဗျူဟာအရ အရေးပါသည့် ကျွန်းဖြစ်သည့် အားလျော်စွာ ဂရိ၊ ပါရှန်၊ အီဂျစ်နှင့် ရောမတို့၏ သိမ်းပိုက်မှုကို ခံခဲ့ရပါသည်။ ၁၆-ရာစုတွင် တူရကီ အော်တိုမန် အင်ပါယာ၏ လက်အောက်သို့ ကျရောက်ခဲ့ပါသည်။ ထိုအချိန်မှစ၍ ဂရိအများစုရှိခဲ့သော ဆိုက်ပရပ်စ်ကျွန်းတွင် တူရကီလူမျိုးများ အခြေချ နေထိုင်လာခဲ့ကြပါသည်။ ပထမကမ္ဘာစစ်တွင် တူရကီတို့ထံမှ ဆိုက်ပရပ်စ်ကျွန်းအား ဗြိတိသျှတို့ သိမ်းယူခဲ့ပြီးနောက် ၁၉၂၅ ခုနှစ်တွင် ဗြိတိန်နိုင်ငံ၏ ပိုင်နက်တစ်ခုအဖြစ် သွတ်သွင်းခဲ့ပါသည်။

၁၉၃၀ ပြည့်နှစ်တွင် ဆိုက်ပရပ်စ်ရှိ ဂရိလူမျိုးများက Greek Cypriot တို့အတွက် လွတ်လပ်ရေးပေးရန် တောင်းဆို ခဲ့ကြသည်။ တူရကီနိုင်ငံ၏ သွေးထိုးလှုံ့ဆော်မှုဖြင့် တူရကီလူမျိုးများကလည်း ၎င်းတို့အတွက် Turkish Cypriot လွတ်လပ်ရေး သီးသန့်ပေးရန် တောင်းဆိုခဲ့ကြရာ လူမျိုးရေးပဋိပက္ခများ ဖြစ်ပွားခဲ့ကြသည်။ ၁၉၆၀ ပြည့်နှစ်တွင် ဗြိတိသျှက ဆိုက်ပရပ်စ်အား ပေါင်းစည်းခြင်းလည်းမပြုရန်၊ ခွဲခြားခြင်းလည်းမပြုရန်နှင့် ဆိုက်ပရပ်စ်၏ နိုင်ငံအဖြစ် ရပ်တည်မှုကို စောင့်ရှောက်ပေးရန် ဂရိနှင့် တူရကီတို့နှင့် သဘောတူညီချက်ရယူပြီး လွတ်လပ်ရေးပေးခဲ့ရာမှ ဆိုက်ပရပ်စ်တွင် ယနေ့ထိတိုင် လူမျိုးရေး ပဋိပက္ခများ ဖြစ်ပွားခဲ့ရာ ၁၉၆၄ ခုနှစ်မှစ၍ ယနေ့ထိတိုင် ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့များက  Green Line ပိုင်းခြား၍ တပ်စွဲထားခဲ့ပါသည်။

၁၉၇၄ ခုနှစ်တွင် ဆိုက်ပရပ်စ်၌ စစ်အာဏာသိမ်းမှု ပေါ်ပေါက်ခဲ့ပြီးနောက် အမျိုးသားရေးဝါဒီများ အာဏာရရှိလာပြီး နောက်ပိုင်းတွင် တူရကီတပ်များက Turkish Cypriotကို ကာကွယ်ရန် ဆိုက်ပရပ်စ်အား နိုင်ငံမြောက်ပိုင်းအထိ ကျူးကျော်ကာ နိုင်ငံ၏ သုံးပုံတစ်ပုံကျော်ကို သိမ်းယူခဲ့ပါသည်။ ယင်းဖြစ်စဉ်ကြောင့် မြောက်ပိုင်းရှိ ဂရိလူမျိုး ၁၈၀ဝဝဝ ခန့် တောင်ဘက်သို့ ဒုက္ခသည်များအဖြစ် ထွက်ပြေးရသကဲ့သို့ တူရကီ ၄၅၀ဝဝ ခန့်မှာလည်း တောင်ဘက်မှ နှင်ထုတ်ခံရသဖြင့် ဒုက္ခသည်များ ဖြစ်ခဲ့ကြပါသည်။ ၁၉၈၃ ခုနှစ်တွင် Turkish Cypriot လူမျိုးများ နေထိုင်ရာဒေသအား တရားဝင် လွတ်လပ်သော ဒေသအဖြစ် ကြေညာခဲ့ပြီး  Turkish Republic of Northern Cyprus အဖြစ် ခေါ်ဆိုရန် တစ်ဖက်သတ် ကြေညာခဲ့ပါသည်။ အဆိုပါလွတ်လပ်ရေးအား တူရကီနိုင်ငံ အစိုးရတစ်ခုတည်းသာ အသိအမှတ်ပြုထားပါသည်။

ဆိုက်ပရပ်စ်နိုင်ငံသည် သေးငယ်သည့် ကျွန်းနိုင်ငံလေး ဖြစ်သော်လည်း ရေကြောင်းခရီးတွင် အချက်အချာကျသည့် နေရာ၌ တည်ရှိသည့်အတွက်ကြောင့် ရေတပ်အင်အားဖြင့် အင်ပါယာချဲ့ထွင်ခဲ့သည့် ဗြိတိန်နိုင်ငံအတွက် အရေးပါသည့် နိုင်ငံ တစ်နိုင်ငံ ဖြစ်နေပါသည်။ ဗြိတိန်၏ ရေတပ်အခြေစိုက် စခန်းများထားရှိရန်နှင့် အရှေ့အလယ်ပိုင်းဒေသတွင်း ခြေကုပ်မှု ရယူရန်အတွက် ဆိုက်ပရပ်စ်နိုင်ငံအား သိမ်းယူခဲ့ပြီး လွတ်လပ်ရေးပေးသည့်အခါ အပြည့်အဝမပေးဘဲ အခြားနိုင်ငံ နှစ်နိုင်ငံအား ဝင်ရောက်စွက်ဖက်ခွင့် ပေးအပ်ခဲ့သည့် အကျိုးရလဒ်ကို ဆိုက်ပရပ်စ်လူမျိုးများ ယခုအချိန်ထိ တွေ့ကြုံခံစား နေရပါသည်။

လူမျိုးရေး/ဘာသာရေးပဋိပက္ခများ အစ္စရေး-ပါလက်စတိုင်း
အစ္စရေး-ပါလက်စတိုင်းဒေသသည် လွန်ခဲ့သည့်နှစ်ပေါင်း ၃၅၀ဝ ခန့် ဂျူးလူမျိုးများ ရေကြည်ရာ၊ မြက်နုရာ လှည့်လည် နေခဲ့ရသည့် နော်မင်ဒစ်ဘဝ (nomandic life) အား စွန့်လွှတ်ပြီး ဤနယ်မြေတွင် စတင်အခြေချ ခဲ့သည့်အချိန်မှ စတင်ခဲ့ ပါသည်။ ယင်းဒေသသည် အာရှတိုက်၊ ဥရောပတိုက်နှင့် အာဖရိကတိုက်တို့၏ ဆုံချက်၊ တစ်ဆူတည်းသော ဖန်ဆင်းရှင် ဘုရားကို ကိုးကွယ်သည့် ဂျူး၊ ခရစ်ယာန်နှင့် အစ္စလာမ်ဘာသာများ ပေါ်ထွန်းရာနေရာနှင့် အင်ပါယာများ ပွတ်တိုက်သည့် ဆုံချက်ဖြစ်သည့်အားလျော်စွာ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းကို ပုံဖော်ပေးသည့် နေရာလည်းဖြစ်သကဲ့သို့ အင်အားကြီး နိုင်ငံများ၏ လွှမ်းမိုးမှုကို အမြဲခံခဲ့ရသည့်ဒေသလည်း ဖြစ်ပါသည်။

အစ္စရေး-ပါလက်စတိုင်းဒေသသည် ရှေးယခင်က ပါရှန်၊ ဂရိ၊ ရောမနှင့် အော်တိုမန်အင်ပါယာတို့၏ အုပ်ချုပ်မှုတွင် ရှိခဲ့ ပါသည်။ ပထမကမ္ဘာစစ် ပြီးဆုံးပြီးနောက် နိုင်ငံပေါင်းချုပ်အသင်းကြီးက ပါလက်စတိုင်းဒေသကို အုပ်ချုပ်ရန်အတွက် ဗြိတိန်ကို အာဏာအပ်နှင်းခဲ့ပါသည်။ ယင်းအချိန်မှစ၍ အာရပ် အမျိုးသားရေးဝါဒီများနှင့် ဂျူးဇီယွန်ဝါဒီများအကြား အငြင်းပွားမှု ပဋိပက္ခများသည် အာရပ်လက်နက်ကိုင်အဖွဲ့နှင့် ဂျူးတို့အကြား တိုက်ပွဲများအဖြစ် တဖြည်းဖြည်း အသွင်ပြောင်းလဲ လာခဲ့ကြပါသည်။

ဒုတိယကမ္ဘာစစ်အတွင်း ဟော်လိုကော့စ်ဟု ခေါ်တွင်သည့် ဥရောပဂျူးများ အစုလိုက်အပြုံလိုက် အသတ်ခံခဲ့ရပြီးနောက် ဂျူးနိုင်ငံတော် ထူထောင်ရေးလှုပ်ရှားမှုများ ပိုမိုအားကောင်း လာခဲ့ပါသည်။ ဗြိတိန်တို့က ပါလက်စတိုင်းပြဿနာ (Ques-tion of Palestine) အား ကုလသမဂ္ဂ အထွေထွေညီလာခံသို့ ၁၉၄၇ ခုနှစ် ဧပြီလတွင်တင်ပြခဲ့ရာ ဂျူးနိုင်ငံနှင့် အာရပ်နိုင်ငံ နှစ်ခုအဖြစ် ခွဲထုတ်ရန် ဆုံးဖြတ်ခဲ့ပါသည်။ ယင်းနောက် အာရပ် စစ်သွေးကြွများသည် အာရပ်နိုင်ငံများမှ တိုက်ခိုက်သူအချို့၏ အကူအညီဖြင့် ဂျူးတို့အား တိုက်ခိုက်ခဲ့ပါသည်။ ပထမပိုင်းတွင် ဂျူးတို့ရှုံးနိမ့်ခဲ့သော်လည်း ဂျူးကာကွယ်ရေး အဖွဲ့အစည်းများ က အာရပ်များအား ပြန်လည်တွန်းလှန်နိုင်ခဲ့ပြီး နယ်မြေကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါသည်။ ဗြိတိသျှတို့၏ ပါလက်စတိုင်း နယ်မြေအုပ်ချုပ်မှုပြီးဆုံးသည့် ၁၄-၅-၁၉၄၈ ရက်နေ့တွင် ကုလသမဂ္ဂမှ သတ်မှတ်ပေးသော နယ်မြေတွင် အစ္စရေးနိုင်ငံ ထူထောင်ကြောင်း ကြေညာခဲ့ပါသည်။

အိမ်နီးချင်း အာရပ်နိုင်ငံများက အစ္စရေးနိုင်ငံ၏ ဖြစ်တည်မှုကို ဆန့်ကျင်ခဲ့ကြပြီး အစ္စရေး-အာရပ်စစ်ပွဲ ရှစ်ကြိမ်ဖြစ်ပွား ခဲ့ပါသည်။ အဆိုပါ စစ်ပွဲများတွင် အစ္စရေးက အနိုင်ရရှိခဲ့ပြီး ပါလက်စတိုင်းတို့ နိုင်ငံမဲ့ဖြစ်ကာ ဒုက္ခသည်သိန်းချီ၍ အိမ်နီးချင်း အာရပ်နိုင်ငံများတွင် ခိုလှုံခဲ့ကြပါသည်။

ပါလက်စတိုင်းတို့၏ အဓိကရည်မှန်းချက်မှာ အရှေ့ဂျေရု ဆလင်အား မြို့တော်အဖြစ်သတ်မှတ်ပြီး နိုင်ငံထူထောင်ခွင့် ရရှိရေး၊ အိမ်နီးချင်းနိုင်ငံများသို့ ရောက်ရှိနေသည့် ပါလက်စတိုင်း ဒုက္ခသည်များ နေရပ်ပြန်ခွင့်ရရှိရေး၊ ဖမ်းဆီးခံ ပါလက်စတိုင်း များအား ပြန်လွှတ်ပေးရေး၊ ပါလက်စတိုင်းနယ်မြေများတွင် ဂျူးများအိမ်ရာ ဆောက်လုပ်နေမှုများ ရပ်တန့်ရေး စသည်တို့ ဖြစ်ပါသည်။ အစ္စရေးတို့ဘက်ကမူ ၎င်းတို့၏ ဖြစ်တည်မှု တစ်နည်းအားဖြင့် အစ္စရေးနိုင်ငံအား ဂျူးလူမျိုးများ၏ နိုင်ငံအဖြစ် အာရပ်နိုင်ငံများက အသိအမှတ်ပြုရေးနှင့် ဂျေရုဆလင် မြို့တော်အား အစ္စရေးနိုင်ငံ၏ မြို့တော်အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုထားပါသည်။

ယနေ့အထိ အစ္စရေးနှင့် ပါလက်စတိုင်းတို့အကြား ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်ကာ ပါလက်စတိုင်းနိုင်ငံအဖြစ် ရပ်တည်နိုင်မှုနှင့် နယ်မြေသတ်မှတ်မှုတို့ကို သဘောတူညီနိုင်ခြင်း မရှိသေးဘဲ လက်နက်ကိုင်ပဋိပက္ခများ (Armed Conflicts) ၊ ပါလက်စတိုင်း အထွေထွေအုံကြွမှုများ (Palestine Intifada) နှင့် အကြမ်းဖက် တိုက်ခိုက်မှုများအကြား သံသရာလည်နေပြီး နှစ်ဖက် အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးခဲ့ကြရပါသည်။

ကက်ရှ်မီးယားဒေသ
ဗြိတိသျှတို့သည် ကိုလိုနီနယ်မြေတစ်ခုဖြစ်သည့် အိန္ဒိယနိုင်ငံအား ၁၉၄၇ ခုနှစ်တွင် လွတ်လပ်ရေးပေးသည့်အခါ ဘာသာရေး အပေါ်မူတည်၍ အိန္ဒိယနှင့် ပါကစ္စတန်ဟူ၍ နှစ်နိုင်ငံ ခွဲခြားခဲ့ပါသည်။ နယ်ခြားမျဉ်းဆွဲရန် နယ်မြေဒေသနှင့် ပကတိ အခြေအနေများကို သိရှိခြင်းမရှိသည့် Cyril Radcliffe  အား တာဝန်ပေးအပ်ခဲ့ပြီး ၎င်း၏ နယ်မြေသတ်မှတ်ချက်ကြောင့် ယနေ့အချိန်အထိ အိန္ဒိယနှင့် ပါကစ္စတန် နှစ်နိုင်ငံအကြားတွင် အဆုံးမသတ်နိုင်သည့် ပဋိပက္ခများ အထူးသဖြင့် ကက်ရှ်မီးယား ဒေသပိုင်ဆိုင်မှုနှင့် ပတ်သက်၍ စစ်ပွဲများ၊ ပဋိပက္ခများ ဖြစ်ပွားခဲ့သည်မှာ ယနေ့ထိတိုင်ပင် ဖြစ်ပါသည်။

ယင်းသို့ နှစ်နိုင်ငံပိုင်းခြား သတ်မှတ်သည့်အချိန်တွင် In-dian Independence Act of 1947 အရ ကက်ရှ်မီးယား ဒေသ၏ မဟာရာဂျာသည် သီးသန့်နေရန် ဆုံးဖြတ်ခဲ့သော်လည်း ၁၉၄၇ ခုနှစ်တွင် ပါကစ္စတန်နိုင်ငံဘက်မှ ကျူးကျော်ရန်စမှုကြောင့် အိန္ဒိယနိုင်ငံနှင့် ပူးပေါင်း၍ သဘောတူညီချက် ပြုလုပ်ကာ ကိုယ်ပိုင်အုပ်ချုပ်ရေး ရရှိခဲ့ပါသည်။ ပါကစ္စတန်နိုင်ငံမှ အဆိုပါ သဘောတူညီချက်သည် တရားမဝင်ကြောင်း ကန့်ကွက်ခဲ့ရာမှ နယ်မြေပိုင်ဆိုင်မှုအပေါ် အငြင်းပွားမှုဖြင့် ၁၉၄၇ ခုနှစ် တွင်စတင်၍ ပထမအကြိမ် စစ်ပွဲဖြစ်ပွားခဲ့ပါသည်။ ကက်ရှ်မီးယား အရေးအခင်းအား ၁၉၄၉ ခုနှစ် ဇန်နဝါရီလတွင် ကုလသမဂ္ဂမှ ကြားဝင်စေ့စပ် ဖြေရှင်းပေးခဲ့သောကြောင့် နှစ်နိုင်ငံသည် ကြားခံစည်းသတ်မှတ်၍ စစ်ပြေငြိမ်းခဲ့ပြီး သဘော တူညီချက်များရယူကာ အိန္ဒိယနိုင်ငံမှ ကက်ရှ်မီးယားဒေသ၏ ၆၅ ရာခိုင်နှုန်းကို လည်းကောင်း၊ ပါကစ္စတန်နိုင်ငံမှ ၃၅ ရာခိုင် နှုန်းကို လည်းကောင်း အသီးသီး ခွဲယူခဲ့ကြပါသည်။ သို့ရာတွင် အပြည့်အဝ ပိုင်ဆိုင်လိုမှုနှင့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ဆက်လက်ဖြစ်ပွားခဲ့ပါသည်။

ယနေ့အချိန်တွင် ကက်ရှ်မီးယားဒေသအား သုံးနိုင်ငံမှ ပိုင်ဆိုင်ပြီး အိန္ဒိယနိုင်ငံမှ ဂျမူး (Jammu)၊ ကက်ရှ်မီးယား တောင်ကြား (Kashmir Valley) နှင့် လာဒက်ခ်ခရိုင် (La-dakh) တို့အပါအဝင် နယ်မြေ ၅၅ ရာခိုင်နှုန်းကို လည်းကောင်း၊ ပါကစ္စတန်နိုင်ငံမှ အဇက်ကက်ရှ်မီးယား (Azad Kashmir) နှင့် ဂီလ်ဂျစ်-ဘာလစ္စတန် (Gilgit-Baltistan) အပါအဝင် နယ်မြေ ၃၀ ရာခိုင်နှုန်းကို လည်းကောင်း၊ ကျန် ၁၅ ရာခိုင်နှုန်းအား တရုတ်နိုင်ငံမှလည်းကောင်း ထိန်းချုပ်လျက်ရှိပါသည်။ ၂၀၁၉ ခုနှစ် ဩဂုတ်လတွင် အိန္ဒိယအစိုးရမှ ဂျမူးနှင့် ကက်ရှ် မီးယားတောင်ကြားတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးထားခြင်း အား ပြန်လည်ရုပ်သိမ်းခဲ့ပြီး ဗဟိုအစိုးရ၏ တိုက်ရိုက်အုပ်ချုပ်မှု အောက်တွင် ထားရှိရန် ဆုံးဖြတ်ခဲ့ပါသည်။

ပဋိပက္ခများ ဆက်လက်ဖြစ်ပွားရခြင်း၏ အကြောင်းရင်းများကို လေ့လာကြည့်မည်ဆိုပါက ကက်ရှ်မီးယားဒေသသည် အိန္ဒိယနှင့် ပါကစ္စတန် နှစ်နိုင်ငံလုံးအတွက် ပထဝီဝင် အနေအထားအရ အရေးပါပြီး ရေအရင်းအမြစ်နှင့် လျှပ်စစ်စွမ်းအင် ရရှိရေးအတွက် အရေးကြီးသည့်ဒေသအား အပြည့်အဝ ပိုင်ဆိုင်လိုခြင်း၊ မတူကွဲပြားသည့် လူမျိုးစုများ၊ ဘာသာဝင်များ အများအပြားနေထိုင်လျက်ရှိပြီး ဒေသခွဲများလည်း များစွာရှိသည့်အတွက် နိုင်ငံရေးနှင့် ဘာသာရေး ရည်မှန်းချက်များ ကိုယ်စီရှိခြင်း၊ အိန္ဒိယနိုင်ငံမှ ပိုင်ဆိုင်သည့် ကက်ရှ်မီးယား တောင်ကြားသည် အစ္စလာမ်ဘာသာဝင်များ အများစုနေထိုင် သည့် နယ်မြေဖြစ်သည့်အတွက် ၎င်းတို့မှ အိန္ဒိယအစိုးရ၏ အုပ်ချုပ်မှုအောက်မှ ခွဲထွက်လိုခြင်းနှင့် ၎င်းတို့မှ လက်နက်ကိုင် အကြမ်းဖက် တိုက်ခိုက်မှုများဖြစ်ပွားခြင်း၊ အဆိုပါ အကြမ်းဖက် တိုက်ခိုက်မှုများအား ပါကစ္စတန်အစိုးရမှ ထောက်ပံ့မှုများ ပေးအပ်လျက်ရှိပြီး မတည်ငြိမ်မှုများကို ဖန်တီးစေလျက်ရှိခြင်းကြောင့် ယနေ့ထက်တိုင် တင်းမာမှုများ၊ ပဋိပက္ခများ၊ စစ်ပွဲများ ဖြစ်ပွားလျက်ရှိသည်မှာ နှစ် ၇၀ နီးပါးခန့် ရှိပြီဖြစ်ပါသည်။
(ဆက်လက်ဖော်ပြပါမည်)