နေပြည်တော် ၁၃ စက်တင်ဘာ
မြောက်အိုင်ယာလန်
အေဒီ ၁၇ ရာစု၊ ၁၈၀၁ ခုနှစ်တွင် အိုင်ယာလန်ကျွန်းအား ဗြိတိန်နိုင်ငံ၏ လက်အောက်ခံကိုလိုနီတစ်ခုအဖြစ်သို့ တရားဝင် သွတ်သွင်းခြင်း ခံခဲ့ရပါသည်။ အိုင်ယာလန်ကျွန်း မြောက်ပိုင်းဒေသများတွင် Protestant ဘာသာကိုးကွယ်သည့် Scottish နှင့် English များ အခြေချနေထိုင်ခဲ့ကြပြီး တောင်ပိုင်းဒေသများတွင်မူ Catholic ဘာသာဝင် Irih လူမျိုးများ နေထိုင်ခဲ့ကြပါသည်။ အေဒီ ၁၈ ရာစု အတွင်း၌ မြောက်အိုင်ယာလန်သည် စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုများဖြင့် လူနေမှုအဆင့်အတန်း မြင့်မားလာခဲ့သော်လည်း တောင်ပိုင်းတွင်မှု ဏမသအနျအညေအ ဘာသာဝင်များ၏ မြေယာချုပ်ကိုင်မှုများကြောင့် Catholic ဘာသာဝင်တို့၏ လူနေမှုဘဝမှာ တဖြည်းဖြည်းနိမ့်ကျလာခဲ့ပါသည်။
၂၀ ရာစုအစောပိုင်းတွင် ဗြိတိသျှအစိုးရ၏ အိုင်ယာလန် ကိုယ်ပိုင်အုပ်ချုပ်ရေးHome rule နှင့် ပတ်သက်၍ နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများ စတင်ဖြစ်ပေါ်လာခဲ့ပြီး Catholic ဘာသာဝင်များအနေဖြင့် ဗြိတိသျှအုပ်ချုပ်မှုအောက်မှ လွတ်လပ်ရေးရရှိခွင့်ကို ဆန္ဒရှိခဲ့ကြသော်လည်း Protestant ဘာသာဝင်များမှာမူ Catholic တို့၏ အုပ်ချုပ်မှုအောက်တွင် နေထိုင်လိုခြင်းမရှိဘဲ ဗြိတိသျှတို့၏ အုပ်ချုပ်ရေးအောက်တွင်သာ ဆက်လက်နေထိုင်လိုကြပါသည်။ ယင်းသို့ နိုင်ငံရေးအရ အငြင်းပွားမှုကို ဖြေရှင်းရန်အတွက် ဗြိတိသျှအစိုးရသည် ၁၉၂၀ ပြည့်နှစ်တွင် အိုင်ယာလန်ကျွန်းအား နှစ်ပိုင်းခွဲခြားထားသည့် ဗြိတိန်အစိုးရ၏ Gover nment of Ireland Act အား ပြဋ္ဌာန်းခဲ့ပြီးနောက် ၁၉၂၂ ခုနှစ်တွင် တောင်ပိုင်းအိုင်ယာလန်သည် လွတ်လပ်သည့် အိုင်ယာလန်သမ္မတနိုင်ငံ ဖြစ်လာခဲ့သော်လည်း မြောက် အိုင်ယာလန်ဒေသမှာမူ UK နိုင်ငံ၏ ဒေသအစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ပါသည်။
ယင်းနောက်ပိုင်းတွင် မြောက်အိုင်ယာလန်၌ ဗြိတိန်နိုင်ငံလက်အောက်တွင် ဆက်လက်နေထိုင်လိုသည့် Protestants ဘာသာဝင် Unionist / loyalist များနှင့် အိုင်ယာလန်သမ္မတနိုင်ငံနှင့် ယှဉ်တွဲနေထိုင်လိုသည့် ဃအေ့သူငချ ဘာသာဝင် Nationalist / Republican ဘာသာရေးနှင့် နိုင်ငံရေးအရအုပ်စု နှစ်စု ကွဲပြားလာခဲ့ပါသည်။ ၁၉၇၀ ပြည့်နှစ် ဧပြီလတွင် မြောက်အိုင်ယာလန်ရှိ ဗြိတိသျှစစ်တပ်နှင့် ဒေသခံများအကြား အဓိကရုဏ်းများ ဖြစ်ပွားခဲ့ပြီးနောက် မြောက်အိုင်ယာလန်ပါလီမန်အား ဖျက်သိမ်း၍ လန်ဒန်မှ တိုက်ရိုက်အုပ်ချုပ်ခဲ့ပါသည်။
ထို့နောက် Nationalist အုပ်စုဖြစ်သည့် Provisional Irish Republican Army (IRA)က လက်နက်ကိုင်တော်လှန်ရေးတစ်ရပ်အသွင်ဖြင့် လွတ်လပ်ရေး ရယူရန် သတ်မှတ်ခဲ့ပြီး မြောက်အိုင်ယာလန်ရဲတပ်ဖွဲ့ဝင်များနှင့် ဗြိတိသျှစစ်တပ်တို့ကို သာမက လန်ဒန်မြို့အပါအဝင် အခြားဒေသများကိုလည်း လက်နက်ကိုင် အကြမ်းဖက်နည်းလမ်းများဖြင့် တိုက်ခိုက်လာခဲ့ရာ The Troubles ဟုခေါ်တွင်ခဲ့သည့် နှစ်ပေါင်း ၃၀ ကြာ သွေးချောင်းစီးတိုက်ခိုက်မှုကာလများ ဖြစ်ပေါ်ခဲ့ရပါသည်။ အဆိုပါကာလအတွင်း မြောက်အိုင်ယာလန်၌ ဗြိတိသျှစစ်တပ်မှ စစ်သည်အင်အား ၇ သောင်းခန့်အထိ စေလွှတ်နှိမ်နင်းမှုများ ပြုလုပ်ခဲ့ရာ လူပေါင်း ၃၆၀ဝ ကျော် သေဆုံးခဲ့ရပါသည်။
အဆိုပါ အကျပ်အတည်းအားဖြေရှင်းရန် ပဋိပက္ခမှာ ပါဝင်နေသည့် အဓိက အုပ်စုနှစ်စုသာမက နောက်ကွယ်ရှိ ကူညီအားပေးလျက်ရှိသော အိုင်းရစ်အမျိုးသား ရေးဝါဒအား နိုင်ငံရေးအရ ထောက်ခံအားပေးလျက်ရှိသည့် အိုင်ယာလန် သမ္မတ နိုင်ငံအစိုးရနှင့် အမေရိကန်ပြည်ထောင်စု၌ အခြေချနေထိုင်လျက်ရှိသည့် အိုင်းရစ်-အမေရိကန်များမှလည်း ဘဏ္ဍာရေးအထောက်အပံ့ပေးလျက်ရှိသည့်အတွက် အမေရိကန်အစိုးရကိုပါ ပါဝင်ခဲ့စေပြီး ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ရာ ၁၉၉၈ ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင် Belfast Agreement (Good FridayAgree-ment) ထွက်ပေါ်လာခဲ့ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အဆင့်ဆင့်အား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြပါသည်။
၂၀၁၆ ခုနှစ်၌ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဖြင့် စတင်ဖြစ်ပေါ်လာခဲ့သည့် ဗြိတိန်နိုင်ငံ၏ အီးယူမှထွက်ခွာရေး Brexit အရေးကိစ္စသည် မြောက်အိုင်ယာလန်ဒေသသို့ ပြန်လည်ရိုက်ခတ်လာခဲ့ပါသည်။ Brexit အရေးကိစ္စနှင့် ပတ်သက်၍ မြောက်အိုင်ယာလန်ပြည်သူအများစုမှာ အီးယူအဖွဲ့ဝင်အဖြစ် ဆက်လက်နေထိုင်ရန် ဆန္ဒရှိကြပါသည်။ မြောက်အိုင်ယာလန်ဒေသရှိ အလုပ်သမားများ၊ ကျောင်းသားများ၊ ဆေးကုသမှု ခံယူလျက်ရှိသူများနှင့် စီးပွားရေးအရ ကူးသန်းရောင်းဝယ်သူများသည် မိုင် ၃၀ဝ ကျော်ခန့်ရှိသည့် မြောက်အိုင်ယာလန်နှင့် အိုင်ယာလန်သမ္မတနိုင်ငံ နယ်စပ်အား နေ့စဉ် အတားအဆီးမရှိ ကူးသန်းသွားလာလျက်ရှိရာ အကယ်၍ ဗြိတိန်နိုင်ငံအနေဖြင့် အီးယူမှခွဲထွက်ခဲ့ပြီးနောက် အဆိုပါနယ်စပ်ဒေသ၌ လုံခြုံရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ဂိတ်စခန်းများ အစရှိသည့် Check point များ ထားရှိလာမည်ဆိုပါက အဆိုပါဒေသရှိ ပြည်သူများအနေဖြင့် ၄င်းတို့၏ လွတ်လပ်စွာသွားလာခွင့်နှင့် ကုန်စည်ကူးသန်းရောင်းဝယ်ခွင့်များအား ထိခိုက်ဆုံးရှုံး လာနိုင်မည့် Hard border အတားအဆီးများ ဖြစ်ပေါ်လာမည့်အရေးကို စိုးရိမ်ပူပန်လျက်ရှိပါသည်။ ဗြိတိန်အစိုးရအနေဖြင့်မူ ၂၀၁၆ ခုနှစ် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲရလဒ်အရ အီးယူမှခွဲထွက်ရန် ဆုံးဖြတ်ခဲ့စဉ် အဆိုပါမြောက်အိုင်ယာလန် နယ်စပ်ကိစ္စသည် အရေးကြီးပြဿနာတစ်ရပ်ဖြစ်လာခဲ့မည်ဟု တွက်ဆခဲ့ခြင်း မရှိခဲ့ပါ။ အကယ်၍ ဗြိတိန်အနေဖြင့် အီးယူမှ သဘောတူညီမှုမရရှိဘဲ No-deal Brexit ဖြင့် ထွက်ခွာရမည်ဆိုပါက က္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ စည်းမျဉ်း ဥပဒေသများအတိုင်း အကောက်ခွန်ဂိတ်စခန်းများ အခွန်စည်းကြပ်ကောက်ခံမှုများ ဆောင်ရွက်ရမည့်နည်းလမ်းနှင့် အကယ်၍ အီးယူနှင့် သဘောတူညီချက်ရရှိ၍ ထွက်ခွာရမည်ဆိုပါက မြောက်အိုင်ယာလန်အား အီးယူ၏ ဘုံဈေးကွက်နှင့် စုပေါင်း အကောက်ခွန်စနစ် (CustomUnion) အတွင်း ဆက်လက်ကျန်ရှိနေစေမည့် BackstopPlan နည်းလမ်းနှစ်သွယ်အနက် တစ်ခုကို ရွေးချယ်ရတော့မည်ဖြစ်ရာ အဆိုပါ မြောက်အိုင်ယာလန်ကိစ္စသည် ဗြိတိန်နှင့် အီးယူအကြား သဘောတူညီချက် ရယူရန် အကြိမ်ကြိမ်ညှိနှိုင်းဆွေးနွေးရာ၌ အခက်အခဲဆုံးနှင့် သဘောကွဲလွဲမှု အများဆုံးကိစ္စရပ်တစ်ခု ဖြစ်လာခဲ့ပါသည်။
ယခုနောက်ဆုံး အီးယူဘက်မှလည်း ဗြိတိသျှပါလီမန်မှ သုံးကြိမ်တိုင်ပယ်ချခဲ့သည့် Withdrawal Agreement ထပ်မံညှိနှိုင်းဆွေးနွေးမည်မဟုတ်ကြောင်း ငြင်းဆိုထားရာ ဗြိတိန်အနေဖြင့် ယင်းသို့ထပ်မံညှိနှိုင်းဆွေးနွေးနိုင်ခြင်းမရှိဘဲ အီးယူမှ No-deal Brexit ဖြင့် ထွက်ခွာရမည်ဆိုပါက Backstop Plan မှာလည်း အလိုအလျောက်ပျက်ပြယ်သွားမည်ဖြစ်ရာ မြောက်အိုင်ယာလန်ဒေသ၏ အနာဂတ်အလား အလာသည် သေချာရေရာမှုမရှိဘဲ Brexit ပေါ်တွင် များစွာမူတည်လျက်ရှိပါသည်။ အကယ်၍ No-deal Brexit ဖြင့် ထွက်ခွာခဲ့ရပြီး နိုင်ငံရေး၊ စီးပွားရေးအရ ထိခိုက် နစ်နာဆုံးရှုံးမှုများ ရှိလာပါက အီးယူနှင့်တွဲရေး (သို့မဟုတ်) ဗြိတိန်နိုင်ငံနှင့်တွဲရေး အစရှိသည့် နိုင်ငံရေးသဘောထား ကွာဟမှုများ၊ အငြင်းပွားမှုများမှတစ်ဆင့် ပဋိပက္ခများ ပြန်လည်ဖြစ်ပွားလာပြီး ၁၉၉၈ ခုနှစ်၌ ဗြိတိန်အစိုးရနှင့် ရရှိထားခဲ့သည့် FridayAgreement ကိုပါ ထိခိုက်လာနိုင်ပါသည်။
ဟောင်ကောင်ဒေသ
ဟောင်ကောင်ဒေသသည် တရုတ်နိုင်ငံ၏ အရှေ့တောင်ဘက်ပိုင်းတွင် တည်ရှိကာ ပထမဘိန်းစစ်ပွဲအပြီး ၁၈၄၂ ခုနှစ်အတွင်း ဗြိတိန်နိုင်ငံက တရုတ်နိုင်ငံအား အနိုင်ရရှိပြီးနောက် ဟောင်ကောင်ကျွန်းသည် ဗြိတိသျှကိုလိုနီလက်အောက်ခံအဖြစ် ရောက်ရှိခဲ့ပါသည်။ ဒုတိယဘိန်းစစ်ပွဲအပြီး ၁၈၆၀ ပြည့်နှစ်များအတွင်း Kowloon ကျွန်းဆွယ်အားလည်းကောင်း၊ ၁၈၉၈ ခုနှစ်တွင် NewTerritories ကျွန်းစုများအားလည်းကောင်း သိမ်းပိုက်ခဲ့ပြီး ဟောင်ကောင်ဒေသတစ်ခုလုံးကို ၉၉ နှစ် သက်တမ်းရှိ စာချုပ်ဖြင့် ဗြိတိန်နိုင်ငံမှ အုပ်ချုပ်စီမံခဲ့ပါသည်။
၁၉၈၄ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ဗြိတိန်နှင့် တရုတ်နိုင်ငံအကြား Sino-British Joint Declaration စာချုပ်ချုပ်ဆိုခဲ့ပြီး ၁၉၉၇ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် ဗြိတိန်နိုင်ငံမှ ဟောင်ကောင်ဒေသအား အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့ပါသည်။ အဆိုပါ စာချုပ်တွင် တရုတ်အစိုးရအနေဖြင့် ဟောင်ကောင်၏ နိုင်ငံခြားရေးနှင့် ကာကွယ်ရေးကဏ္ဍမှအပ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ဥပဒေပြုရေးတို့ကို လွတ်လပ်စွာလုပ်ပိုင်ခွင့်နှင့် ဈေးကွက်စီးပွားရေးစနစ်များရရှိသည့် “နိုင်ငံတစ်ခု၊ စနစ်နှစ်မျိုး (One Country, TwoSystems)” အုပ်ချုပ်မှုပုံစံဖြင့် ၂၀၄၇ ခုနှစ်အထိ နှစ်ပေါင်း ၅၀ ကြာ ဆက်လက်ထားရှိရန် သဘောတူထားခဲ့ပါသည်။
ဟောင်ကောင်ကျွန်းသည် ဗြိတိန်နိုင်ငံ၏ အုပ်ချုပ်မှုအောက်တွင် အထူးဖွံ့ဖြိုးတိုးတက်ခဲ့ပြီး ကွန်မြူနစ်တရုတ်နိုင်ငံနှင့်မတူဘဲ အနောက်နိုင်ငံများ၏ စနစ်များအတိုင်း လွတ်လပ်စွာထုတ်ဖော်ပြောကြားခွင့်နှင့် စီတန်းလှည့်လည်ဆန္ဒပြခွင့် စသည့် အခွင့်အရေးများ ရရှိကြပါသည်။ အာရှတိုက်တွင် The 4 Asian Tigers ဟု လူသိများသည့် စီးပွားရေးတိုးတက်သည့် နိုင်ငံ/ဒေသများအနက် ပါဝင်ကာ စီးပွားရေးနှင့် ဘဏ္ဍာရေးတွင် အချက်အချာကျသည့်နေရာတစ်ခု ဖြစ်လာခဲ့ပါသည်။
ဟောင်ကောင်အစိုးရအနေဖြင့် ပြည်ပသက်ဆိုင်ရာနိုင်ငံများမှ အလိုရှိသည့် တရားခံများကို ပြန်လည်လွှဲပြောင်းပေးမည့် ဥပဒေကြမ်း (Extradition Bill) ကို ပြင်ဆင်ရန် ကြေညာခဲ့ပြီး ၂၀၁၉ ခုနှစ် ဧပြီလအတွင်း တင်သွင်းရန် စီစဉ် ဆောင်ရွက်ခဲ့ပါသည်။ ယင်းဥပဒေကြမ်းအရ တရုတ်နိုင်ငံမှ အလိုရှိသည့် တရားခံများကို တရုတ်ပြည်မကြီးသို့ လွှဲပြောင်းရမည်ဖြစ်ပြီး ပြည်မကြီးရှိ တရားရုံးများမှ မမျှတသည့် ပြစ်ဒဏ်များကို ချမှတ်ခွင့်၊ တရားစီရင်ခွင့် ရရှိနိုင်ကြောင်းဖြင့် ကန့်ကွက် ခဲ့ကြပါသည်။ ယင်းသို့ လွှဲပြောင်းခွင့်ရရှိသွားမည်ဆိုပါက တက်ကြွလှုပ်ရှားသူများ၊ သတင်းထောက်များအပေါ် ပြစ်ဒဏ်များ လိုသလိုချမှတ်နိုင်ကာ တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုအောက်သို့ရောက်ရှိ၍ ကိုယ်ပိုင်အုပ်ချုပ်မှုပုံစံ ပျောက်ကွယ်သွားမည်ဟု ယူဆကြခြင်း ဖြစ်ပါသည်။
ဥပဒေကြမ်းအား ဆန့်ကျင်သည့် ဆန္ဒပြသူများက တရားခံလွှဲပြောင်းပေးရေး ဥပဒေကို ပယ်ဖျက်ပေးရန်၊ ဆန္ဒပြမှုများအတွင်း ရဲများ၏ ကိုင်တွယ်ဆောင်ရွက်မှုကို စုံစမ်းစစ်ဆေးပေးရန်၊ ဖမ်းဆီးထားသူများအား လွှတ်ပေးရန်၊ လက်ရှိ ဟောင်ကောင် အုပ်ချုပ်ရေးမှူး Carrie Lam နုတ်ထွက်ပေးရန်စသည်ဖြင့် တောင်းဆိုခဲ့ကြပြီး လက်ရှိတွင် ဟောင်ကောင်အစိုးရမှ တရားခံလွှဲပြောင်းရေးဥပဒေကြမ်း ဆွေးနွေးမှုကို ဆိုင်းငံ့ထားလျက်ရှိပါသည်။ သို့သော် ဟောင်ကောင်ပြည်သူများက ဆန ́ပြမှုများကို ဆက်လက်လုပ်ဆောင်ခဲ့ပြီး ကျယ်ပြန့်သည့် ဒီမိုကရေစီအရေးပြုပြင်ပြောင်းလဲမှုများကို တောင်းဆိုလာကြကာ ဟောင်ကောင်ပါလီမန်၊ လေဆိပ်များအထိ ဝင်ရောက်၊ ပိတ်ဆို့ ဆန္ဒပြခဲ့ကြပါသည်။ ဆန္ဒပြမှုများမှာ ပိုမိုပြင်းထန်လျက်ရှိနေပြီး ထိခိုက်၊ ဒဏ်ရာရသူများရှိလာကာ ရဲတပ်ဖွဲ့က အင်အားသုံးဖြိုခွဲမှုများရှိသည်ဟု ဝေဖန်မှုများ ထွက်ပေါ်လာခဲ့ပါသည်။
ဗြိတိန်အစိုးရနှင့် တာဝန်ရှိသူများက ဟောင်ကောင်ဆန္ဒပြသူများဘက်မှ ခုခံကာကွယ်ပြောဆိုမှုအပေါ် တရုတ်နိုင်ငံက ပြင်းထန်စွာဝေဖန်ပြောကြားခဲ့ပါသည်။ ဝန်ကြီးချုပ်တာဝန် စတင်မထမ်းဆောင်မီ ဗြိတိသျှဝန်ကြီးချုပ် Boris Johnson က အင်တာဗျူးတစ်ခုတွင် ဟောင်ကောင်ပြည်သူများဘက်မှ ထောက်ခံပြောကြားမှုပြုခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီး DominicRabb မှလည်း နှစ်ဖက်နိုင်ငံရေးဆွေးနွေးမှုနှင့် ရဲတပ်ဖွဲ့၏ ကိုင်တွယ်မှုအပေါ် လွတ်လပ်သောစုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် ပြောကြားခဲ့ပါသည်။ တရုတ်အစိုးရက ဗြိတိန်နိုင်ငံအနေဖြင့် ပြည်တွင်းရေးအား ဝင်ရောက်စွက်ဖက်ခြင်း မပြုရန်နှင့် မလိုလားအပ်သည့် စွပ်စွဲမှုများ မပြုလုပ်ရန် စသည်ဖြင့် ပြန်လည်သတိပေးခဲ့ပါသည်။
မြန်မာနိုင်ငံနှင့် နှိုင်းယှဉ်သုံးသပ်ချက်
ဗြိတိသျှကိုလိုနီစနစ် အကျိုးသက်ရောက်မှုများကို အထက်ဖော်ပြပါ ဥပမာ/ ဖြစ်စဉ် ခုနစ်ခု (ဂျီဘရော်လ်တာ၊ ဖော့ကလန်၊ ဆိုက်ပရပ်စ်၊ ကက်ရှ်မီးယား၊ အစ္စရေး-ပါလက်စတိုင်း၊ မြောက်အိုင်ယာလန်နှင့် ဟောင်ကောင်) တို့နှင့် နှိုင်းယှဉ်လေ့လာ ကြည့်ပါက ဗြိတိသျှတို့အတွက် အသုံးဝင်မှု၊ ကိုလိုနီအုပ်ချုပ်ရေးစနစ်နှင့် လွတ်လပ် ရေးပေးစဉ် နယ်မြေပိုင်းခြားသတ်မှတ်ခဲ့မှု စသည့်အချက်သုံးချက်အပေါ် အခြေခံ၍ ယင်းကိုလိုနီဒေသ/ နိုင်ငံများ၏ ကံကြမ္မာကို သတ်မှတ်ပေးခဲ့သည်ဟု ယေဘုယျ သုံးသပ်နိုင်ပါသည်။
ကိုလိုနီနယ်မြေများသည် ဗြိတိသျှတို့အတွက် မဟာဗျူဟာအရ အရေးပါ နေပါက လွတ်လပ်ရေးပေးရန် စိုးစဉ်းမျှ စဉ်းစားပေးခြင်းမရှိဘဲ စစ်ရေးနည်းအပါအဝင် နည်းလမ်းမျိုးစုံသုံး၍ ၄င်း၏နယ်မြေများကို ထိန်းသိမ်းခဲ့သည်ကို တွေ့ရမည် ဖြစ်ပါသည်။ (ဥပမာ - ဂျီဘရော်လ်တာ၊ ဖော့ကလန်နှင့် မြောက်အိုင်ယာလန်တို့တွင် အထက်ဖော်ပြပါအခြေအနေကို တွေ့ရှိရပြီး ယင်းဒေသများသည် လက်ရှိအထိ ဗြိတိန်နိုင်ငံ၏ လက်အောက်တွင် ရှိနေဆဲဖြစ်ပါသည်။) လွတ်လပ်ရေး မဖြစ်မနေ ပေးရတော့မည်ဆိုပါကလည်း ဗြိတိသျှတို့၏ နယ်မြေပိုင်းခြားမှုများနှင့် ယင်းနယ်မြေများမှ ထွက်ခွာသွားခြင်းတို့ ဆောင်ရွက်သည့်အခါ လက်တွေ့နှင့်ကင်းကွာပြီး ၄င်းတို့ သဘောကျဆုံးဖြတ်ခဲ့ကြောင်း၊ ထို့ကြောင့် နောက်ဆက်တွဲပြဿနာများ ယနေ့ထိတိုင် ကျန်ခဲ့ကြောင်း တွေ့ရှိရပါသည်။ (ဥပမာ - အစ္စရေး-ပါလက်စတိုင်းနှင့် ကက်ရှ်မီးယားဒေသ။) ထို့ပြင် မြန်မာနိုင်ငံ၏ ဖြစ်စဉ်တွင် ကိုလိုနီစနစ်၏ သွေးခွဲ အုပ်ချုပ်မှုများကြောင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ထိခိုက်ခဲ့ပြီး လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ ယခုထက်တိုင်ဖြစ်ပွားသည်ကို တွေ့ မြင်နိုင်ပါသည်။
ကိုလိုနီခေတ်မတိုင်ခင် အင်းဝ၊ ဟံသာဝတီနှင့် ကုန်းဘောင်ခေတ် အစောပိုင်း ကာလများ၌ မြန်မာမင်းများနှင့် ဥရောပနယ်ချဲ့များဖြစ်သည့် ဗြိတိသျှ၊ ပြင်သစ်၊ ပေါ်တူဂီတို့နှင့် ဆက်ဆံရေးကို လေ့လာကြည့်ပါက ဥရောပကိုလိုနီစနစ်၏ ပထမခေတ် (၁၅ ရာစုမှ ၁၇ ရာစုနှစ်များအတွင်း) တွင် အဓိကလုပ်ဆောင်လေ့ရှိသည့်အတိုင်း လက်နက်အပါအဝင် ကုန်ပစ္စည်းရောင်းဝယ်ခြင်းနှင့် စင်ပြိုင်အုပ်စုများအကြား တစ်ဖက်ဘက်သို့ဘက်လိုက်၍ လက်နက်ခဲယမ်းများ ထောက်ပံ့ပေးခြင်းတို့ ဆောင်ရွက်ခဲ့သည်ကို တွေ့ မြင်နိုင်ပါသည်။
ကုန်းဘောင်ခေတ်နှောင်းပိုင်းတွင် ကိုလိုနီစနစ်ကို တွယ်ကျယ်စွာအသုံးချနိုင်လာသည်နှင့်အတူ ဗြိတိသျှတို့သည် ကုန်ပစ္စည်းများ ရောင်းချရန်အတွက်မဟုတ်ဘဲ နယ်မြေချဲ့ထွင်ရန် ဦးတည်ဆောင်ရွက်ခဲ့ပြီး ၁၈၈၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံအား ဗြိတိသျှ အင်ပါယာထဲသို့ သွတ်သွင်းခဲ့ပါသည်။
မြန်မာမင်းများ၏ သူ ့ကျွန်မခံလိုသည့် ဇာတိသွေး၊ ဇာတိမာန်များကြောင့် ဩဇာခံဘုရင်စနစ် ထူထောင်၍ သွယ်ဝိုက်အုပ်ချုပ်ရန်မဖြစ်နိုင်ဟု သံသယရှိခဲ့သည့်အတွက်ကြောင့် လည်းကောင်း၊ မြန်မာမျိုးချစ်များ၏ လက်နက်စွဲကိုင်အြွုံကမှု များကြောင့်လည်းကောင်း၊ အခြားကိုလိုနီများတွင် ကျင့်သုံးလေ့ရှိသည့် သွယ်ဝိုက် အုပ်ချုပ်ခြင်းစနစ်ကို ကျင့်သုံးခြင်းမပြုတော့ဘဲ ရှိရင်းစွဲအုပ်ချုပ်ရေးစနစ်ကို ဖျက်သိမ်းကာ အတွင်းဝန်၊ ဝန်ထောက်၊ မြို့ပိုင်စသည်တို့ပါဝင်သည့် အုပ်ချုပ်ရေးစနစ်ကို ထူထောင်ခဲ့သည်မှာ ထူးခြားပါသည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများနှင့် ဖွံ့ ဖြိုးတိုးတက်မှုနှင့် စီးပွားရေး နှေးကွေးနေမှုများကိုထောက်ပြပြီး ကိုလိုနီ ခေတ်တွင် မြန်မာတို့၏ မြို့ပြစည်ပင်သာယာရေး၊ ဒေသ္တရအုပ်ချုပ်ရေး၊ ပညာရေးနှင့် ပို့ဆောင်ရေးစနစ်များ အဆင့်အတန်း ပိုမိုမြင့်မားခဲ့သည်ဟု အမေကျော် ဒွေးတော်လွမ်းသူအချို့ကလည်းကောင်း၊ လက်ရှိအခြေအနေအပေါ် မချိတင်ကဲ ဖြစ်နေ၍လည်းကောင်း ပြောကြားချက်များ ရှိခဲ့ကြပါသည်။ ဗြိတိသျှကိုလိုနီစနစ်ကို ထောက်ခံသည့် သမိုင်းပညာရှင်များကလည်း ဗြိတိသျှတို့က ဒီမိုကရေစီစနစ်၊ တရားဥပဒေစိုးမိုးရေး၊ Burma Civil Service / Indian Civil Service (BCS / ICS) တို့ကဲ့သို့သော ပညာတတ်စီမံခန့်ခွဲရေးဝန်ထမ်းများ စသည်တို့ ဖန်တီးမွေးထုတ်ပေးခဲ့သည်ဟုလည်း ထောက်ပြခဲ့ကြပါသည်။
မှန်စင်စစ် ဗြိတိသျှနယ်ချဲ့တို့သည် မြန်မာ့ ရေ/မြေ သယံဇာတပေါကြွယ်မှုကို ခေါင်းပုံဖြတ်ခဲ့ကြပါသည်။ ကိုလိုနီခေတ်စီးပွားရေးတွင် ဗြိတိသျှ၊ ဥရောပနှင့် တရုတ်/အိန္ဒိယလုပ်ငန်းရှင်များက လက်ဝါးကြီးအုပ်ထားပြီး ပြည်တွင်းလုပ်ငန်းရှင်များမှာ လက်ဝေခံသာသာအဆင့်မှာပင် ရှိခဲ့ပါသည်။ စိုက်ပျိုးရေး၊ သယံဇာတနှင့် ကုန်ထုတ်လုပ်ငန်းများမှ ပို့ကုန်များတိုးမြှင့်တင်ပို့နိုင်ရန် လုပ်အားခသက်သာသည့် ဘင်္ဂလားဒေသမှ လုပ်သားများ အတားအဆီးမရှိ ဝင်ရောက်လုပ်ကိုင်စေခဲ့ရာ အကျိုးဆက်အဖြစ် မြန်မာနိုင်ငံ အထူးသဖြင့် ရခိုင်ပြည်နယ်တွင် လူဝင်လူထွက် ပြဿနာနှင့် လူမျိုးရေးပဋိပက္ခများမှာ ယနေ့ထက်တိုင် ကြုံတွေ့နေရပါသည်။
ထို့ပြင် ဗြိတိသျှနယ်ချဲ့တို့သည် ဒီမိုကရေစီ၊ ပညာရေးနှင့် ပို့ဆောင်ရေးစနစ်များကို ကိုလိုနီစနစ်သက်ဆိုးရှည်စေရန်အတွက်သာ လုပ်ဆောင်ခဲ့ပါသည်။ ဒီမိုကရေစီ စနစ်စတင်နိုင်စေရန် ဒိုင်အာခီအုပ်ချုပ်ရေးကို ဖော်ဆောင်ခဲ့သော်လည်း လုပ်ပိုင်ခွင့် အပြည့်အဝမပေးထားသည့်အတွက် ယုံကြည်ကိုးစားမှုများ ပျောက်ကွယ်ခဲ့ရသည်။ တစ်ဖန် ကိုလိုနီခေတ်တွင် စီးပွားရေးအရ တွက်ခြေမကိုက်သည့်ဒေသများ အထူးသဖြင့် ဧရာဝတီမြစ်အနောက်ဘက်ကမ်းတွင် လမ်းများကို ဖောက်လုပ်ခဲ့ခြင်း မရှိပါ။ ဧရာဝတီမြစ်ကူးတံတား တစ်စင်းသာရှိခဲ့ပါသည်။ ပညာရေးတွင်လည်း ကိုလိုနီ ခေတ်မတိုင်ခင်ကရှိခဲ့သည့် ဘုန်းကြီးကျောင်းပညာရေးစနစ်ကြောင့် မြန်မာလူမျိုးအများစုမှာ စာရေး/စာဖတ်တတ်ခဲ့ကြပြီး ပညာသင်ကြားနိုင်ခဲ့သော်လည်း ကိုလိုနီခေတ်တွင် လူကုံထံသားသမီးများသာ အဆင့်မြင့်ပညာရေးစနစ်ကို အပူအပင်မရှိ သင်ကြားနိုင်ခဲ့ပြီး ဆင်းရဲ/ချမ်းသာ ကွာခြားလာခဲ့ပါသည်။
သွေးခွဲအုပ်ချုပ်ခဲ့သည့်စနစ်မှာ မြန်မာနိုင်ငံအတွက် ယနေ့ထက်တိုင် ဆိုးကျိုးသက်ရောက်နေသည့် ကိုလိုနီဆိုးမွေတစ်ခု ဖြစ်ပါသည်။ တောင်တန်းဒေသအား သွယ်ဝိုက်အုပ်ချုပ်ခဲ့ခြင်း၊ တိုင်းရင်းသားလူမျိုးများ လူများစုဖြစ်သည့် ဗမာများနှင့်မတူ ခွဲခြားဆက်ဆံခြင်းနှင့် အချို့အား ဗြိတိသျှစစ်တပ်တွင် အမှုထမ်းခွင့်များပေးခဲ့ခြင်း စသည်တို့ကြောင့် လွတ်လပ်ရေးရပြီးနောက်ပိုင်း ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားခဲ့ရပါသည်။
နိဂုံး
ကမ္ဘာ့နိုင်ငံရေးပြဿနာ အများအပြား၏ ဇာစ်မြစ်များမှာ ဗြိတိသျှတို့၏ ကိုလိုနီစနစ်ကြောင့်ဖြစ်ကြောင်း ဗြိတိသျှဝန်ကြီးချုပ်များက ဝန်ခံပြောကြားခဲ့သည်များလည်း ရှိခဲ့ပါသည်။ ပါကစ္စတန်နိုင်ငံသို့ ၂၀၁၁ ခုနှစ်က ရောက်ရှိစဉ် ကက်ရှ်မီးယားဒေသနှင့် ပတ်သက်၍ ဗြိတိန်နိုင်ငံအခန်းကဏ္ဍအပေါ် ဖြေကြားခဲ့ရာတွင် ဝန်ကြီးချုပ် David Cameronက ဗြိတိန်နိုင်ငံအနေဖြင့် က္ဘာ့ပြဿနာအများအပြားကို ဖန်တီးခဲ့မိကြောင်း၊ တစ်ဖန် Theresa May က ၂၀၁၈ ခုနှစ် ဓနသဟာယနိုင်ငံများအစည်းအဝေးတွင် ပြောကြားခဲ့ရာ၌ ဗြိတိသျှကိုလိုနီ နယ်မြေများတွင် LGBT နှင့်ပတ်သက်၍ ဖိနှိပ်ချုပ်ချယ်မှုများ ချမှတ်ထားခဲ့သည့် အပေါ် ဝမ်းနည်းမိကြောင်း ပြောကြားခဲ့ပါသည်။ သို့သော်လည်း တရားဝင် တောင်းပန်ခဲ့ခြင်းမျိုး မရှိသေးပါ။ (Kirkup, 2019 and KIT, 2019)
မြန်မာနိုင်ငံတွင် ယနေ့ရင်ဆိုင်နေရသော ပြည်တွင်းပြဿနာများသည် အခြားကိုလိုနီဖြစ်ခဲ့သော နိုင်ငံများ၊ ဖြစ်ဆဲနိုင်ငံများနည်းတူ ဗြိတိသျှတို့၏ လက်ရာမကင်းကြောင်း သဘောပေါက် နှလုံးသွင်းသင့်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရမှုသည်လည်း ဗြိတိသျှတို့၏ သွယ်ဝိုက်ပတ်သက်မှု ရှိနိုင်ကြောင်း လက်ခံယုံကြည်ကြပါသည်။ ယနေ့ဒီမိုကရေစီအသွင် ကူးပြောင်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်၍ အနာဂတ်သို့ လျှောက်လှမ်းလျက်ရှိပါသည်။ မတူကွဲပြားမှုများကို အသိအမှတ်ပြု၍ ငြိမ်းချမ်းရေး၊ တရားမျှတရေး၊ တရားဥပဒေ စိုးမိုးရေး၊ တိုင်းရင်းသားများ ပူးပေါင်းဆောင်ရွက်ရေးတို့ကို မျှော်မှန်းလုပ်ဆောင်ပြီး ကိုလိုနီအမွေဆိုးကို သတိပြုဆင်ခြင်မှသာ သာယာဝပြောသည့် အနာဂတ် မြန်မာနိုင်ငံကို အမြန်တည်ဆောက်နိုင်မည်ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။
စာဆိုတမန်