ဗုဒ္ဓအကြောင်းသိကောင်းစရာမှတ်တမ်း

ဆရာကြည်

(၁၇-၇-၂၀၂၃ ရက်နေ့မှအဆက်)

နံနက်စောစော၌ ပုဏ္ဏားကြီးသည် လယ်ထွန်မင်္ဂလာပြုလုပ်မည်ဖြစ်၍ အဝတ်စားအသစ်များကိုဝတ်ကာ အလုပ်သမားငါးရာနှင့် လယ်ကွင်းသို့ဆင်းပြီး တန်ဆာဆင်ယင်လျက် ထွန်တုံးငါးရာတို့ဖြင့် လယ်ထွန်မင်္ဂလာမှုကို ပြုလေသည်။ ဇနီးသည် ပုဏ္ဏားမလည်း  ယင်းလယ်ထွန်မင်္ဂလာတွင် ကျွေးမွေးဧည့်ခံရန် နို့ဃနာများကို ချက်ပြုတ်ပြီး အိုးကြီးအိုးငယ်များတွင်ထည့်၍ စားသောက်ဖွယ်တို့ကို လှည်းပေါ်တင်ပြီး ပုဏ္ဏားမများခြံရံလျက် ခင်ပွန်းရှိရာ လယ်ထွန်မင်္ဂလာပြုနေသည့် လယ်ယာသို့ လာလေသည်။ လူများစုံသောအခါ ပုဏ္ဏားကြီးသည် သူသောက်နေကျရွှေခွက်ထဲ၌ နို့ဃနာအပြည့်ထည့်၍ ထွန်တုံးနတ်အား ပူဇော်ပသလေသည်။ ပုဏ္ဏားမကြီးကလည်း လယ်သမားငါးရာတို့အား စားခွက်များကိုပေးစေပြီး သူကိုယ်တိုင် နို့ဃနာကို အစဉ်တိုင်း လောင်းထည့်ပေးလေသည်။ ပုဏ္ဏားကြီးသည် ဗလိနတ်စာကို ပြုစေပြီးနောက် တောင်ဝှေးအနီကြီးကိုကိုင်လျက် ဤသူ၏ခွက်တွင် နို့ဃနာပေးလော့ဟူ၍ ပြောဆိုပြီး စီမံဆောင်ရွက်လှည့်လည်လေသည်။

ဘုရားရှင်သည် ဤသို့ ပုဏ္ဏားကြီး ပြုလုပ်စီမံသည်ကိုမြင်၍ သင်္ကန်း၊ သပိတ်တို့ကိုယူကာ ထိုနေရာသို့ တစ်ပါးတည်းကြွတော်မူသည်။ ဘုရားရှင်သည် ထိုနို့ဃနာကျွေးသည့်နေရာသို့ ကြွတော်မူပြီး ပုဏ္ဏားကြီးမြင်နိုင်သည့်နေရာ၌ ရပ်တော်မူလေသည်။

ဘုရားရှင်သည် ရွှေအဆင်းရှိသော ကိုယ်တော်ရောင်ကို နို့ဃနာစားသောက်နေသည့် လူများဆီသို့ ပို့လွှတ်လေသည်။ လူအပေါင်းသည် အတုမရှိသော ဘုရားရှင်ကို ဖူးမြင်ရ၍ လက်ခြေတို့ကို ဆေးကြောပြီး လက်အုပ်ချီလျက် ဘုရားရှင်ကို ဝိုင်းရံရပ်တည် နေကြလေသည်။ ပုဏ္ဏားကြီးက အရှင်ဂေါတမသည် သူ၏အလုပ်အကိုင်ကိုပျက်ရန် တမင်သက်သက် လာရောက်နှောင့်ယှက်သည်ဟုထင်ကာ ၎င်း၏စိတ်၌ မသာမယာဖြစ်နေလေသည်။ ထို့အပြင် ဘုရားရှင်နှင့်ပတ်သက်ပြီး ဤဇမ္ဗူဒိပ်ကျွန်း၌ ပြည့်စုံ၍ တန်ခိုးကြီးမားသူဖြစ်လျက် ပျင်းရိပြီး လူများထံမှ ဆွမ်းများခံစားရပါသလဲဟု စဉ်းစားကြံတွေးပြန်သည်။ ၎င်းသည် ဘုရားရှင်အား ဤသို့ဆိုပြန်သည်။ ငါသည် လယ်ထွန်မှု၊ ပျိုးကြဲမှု စသည်ဖြင့် စားသောက်နေထိုင်သည်။ သင်သည်လည်း ငါကဲ့သို့ လယ်ထွန်၊ ပျိုးကြဲနေထိုင်ပါလော့ဟု ပြောလေသည်။ ဤသို့မခန့်လေးစား မထီမဲ့မြင်စကားဖြင့် ပြောဆိုလေသည်။ ဘုရားရှင်ကလည်း ပုဏ္ဏားကြီး ပြောသည့်အတိုင်း လယ်ထွန်၊ ပျိုးကြဲပြီး ချမ်းသာစွာနေကြောင်း မိန့်ကြားပြန်လေသည်။

ပုဏ္ဏားကြီးသည် ဘုရားရှင်၏ ပြောကြားသော စကားကိုကြားလျှင် ဤသို့လယ်ထွန်၊ ပျိုးကြဲ လုပ်ကိုင်သည်ဟု ဆိုသည်။ သူမတွေ့ရ၍ မုသားပြောဆိုသည်ဟု ထင်နေသည်။ သို့သော် ၎င်းသည် ဗေဒင်လက္ခဏာ  ကျွမ်းကျင်သူတစ်ယောက်ဖြစ်သဖြင့် ဘုရားရှင်အား စစ်ဆေးကြည့်သည့်အခါ ဤသို့လက္ခဏာရှိသူသည် မုသားလည်း ပြောဆိုမည် မဟုတ်ကြောင်းသိ၍ ဘုရားရှင်အား ကြည်ညိုလေးစားသွားလေသည်။ အရှင်ဂေါတမ ထမ်းပိုး၊ ထွန်တုံး၊ ထွန်သွား၊ နှင်တံတို့ကို မမြင်ရပါလျက် ငါကဲ့သို့ လယ်ထွန်ပျိုးကြဲပြုလုပ်သည်ဟု အဘယ်ကြောင့်ဆိုပါသလဲဟု ပုဏ္ဏားကြီးက မေးမြန်းသဖြင့် ဘုရားရှင်က အောက်ပါအတိုင်း လေးဂါထာဖြင့် ဖြေကြားဟောကြားတော်မူလေသည်။ဘုရားရှင်သည် သူ၏လယ်ထွန်သကဲ့သို့ နိဗ္ဗာန်ရောက်ကြောင်း တရားကိုကျင့်၍ ဥပမာပြုဖြေကြားလေသည်။

(၁) သဒ္ဓါတရားသည် မျိုးစေ့ဖြစ်၏။ ဣန္ဒြေစောင့်စည်းမှုသည် မိုးရွာခြင်းမည်၏။ ဝိပဿနာဉာဏ်နှင့် မဂ်ဉာဏ်သည် ထမ်းပိုး၊ ထွန်တုံးမည်၏။ ဟီရိသြတ္တပ္ပတရားနှစ်ခုသည် ထွန်သံအစုံမည်၏။ သမာဓိသည်  ကြိုးမည်၏။ ဝိပဿနာဉာဏ် မဂ်ပညာနှင့်ယှဉ်သောသတိသည် ထွန်သွားနှင့် နှင်တံမည်၏။

(၂) သင်သည် မြေကိုစောင့်ရှောက်သကဲ့သို့ ကိုယ်နှုတ်ကို စောင့်စည်းသည်။ အစားအစာကို ဝမ်းတွင်း၌ စောင့်စည်းသည်။ မှန်ကန်သည့်စကားဖြင့် စိတ်အညစ်အကြေးကို ဖယ်ရှား၍ ပေါင်းမြက်ပင်များ ရှင်းရိတ်ဖြတ်သည်။ အရဟတ္တဖိုလ်သည် အပြီးပိုင်းရပ်နားခြင်းကို ဖြစ်စေသည်။

(၃) ကိုယ်စိတ်ဝီရိယ နှစ်ပါးသည် ခိုင်းနွားအစုံ ဖြစ်၏။ ယင်းခိုင်းနွားအစုံသည် နိဗ္ဗာန်သို့ မဆုတ် မနစ်ဘဲ ရောက်အောင်ပို့ဆောင်ပေးသည်။

(၄) ကိုယ်တွင်းလယ်ထွန်မှုပြုသည်။ လယ်ထွန်ခြင်းသည် နိဗ္ဗာန်အသိရှိသည်။ ဤသို့ထွန်ခြင်း ပြုလုပ်ခြင်းကြောင့် ဆင်းရဲခြင်းခပ်သိမ်းမှစပြီး အပိုင်းကျွတ်လွတ်နိုင်သည်ဟု  စသဖြင့်  နိဗ္ဗာန်ရောက်ကြောင်း ဆောင်ရွက်ခြင်းကို လယ်ထွန်ခြင်းနှင့် ဥပမာပြုပြောကြားသည်။

ပုဏ္ဏားကြီးသည် ဘုရားရှင်ထံမှ နက်နဲသိမ်မွေ့သော တရားစကားကို နာရ၍ ရဟန်းပြုခွင့် တောင်းခံပြီး တရားအားထုတ်ရာ ရဟန္တာဖြစ်သွားလေသည်။ 
ဝေရဉ္ဇာပြည်၌ ဒွါဒသမဝါကပ်ခြင်း (တစ်ဆယ့်နှစ်ဝါ မြောက်ကပ်ခြင်း)
ဘုရားရှင်သည် တစ်ဝါတွင်းလုံး ဆွမ်းဒုက္ခကြုံတွေ့ ခံစားရခြင်း
ဒက္ခိဏာဂီရိ ဇနပုဒ်အတွင်းရှိ ဧကနာဠပုဏ္ဏားရွာ၌ ဘုရားရှင်သည် ဧကာဒသမဝါကပ်သည်။ ထို့နောက် ဘုရားရှင်သည် ကာသိဘာရဒွါဇပုဏ္ဏားကြီး အစရှိသည့်ဝေနေယျသတ္တဝါတို့ကို ချေချွတ်ပြီး ဝါကျွတ်သောအခါ ရဟန်းအပေါင်းခြံရံလျက် ဝေရဉ္ဇာပြည်သို့ ဒေသစာရီကြွတော်မူလာသည်။ ထို ပြည်သို့ရောက်သောအခါ “နဠေရု” မည်သော ဘီလူးအုပ်စိုးသည့် တမာပင်ကြီးအနီးတွင် သီတင်း သုံးတော်မူလေသည်။

ယင်းမြို့တွင်နေသော “ဝေရဉ္ဇာ” အမည်ရှိ ပုဏ္ဏားကြီးသည် ဘုရားရှင်ကြွလာသည့်သတင်းကို ကြားရသောအခါ ဘုရားထံသို့လာ၍ ဝမ်းမြောက် ဝမ်းသာစကားများ လာရောက်လျှောက်ထားပါသည်။ ထို့နောက် ပုဏ္ဏားကြီးသည် ဘုရားရှင်က အသက်ကြီးသောပုဏ္ဏားကြီးတို့ကို မရှိခိုး၊ ခရီးဦးကြို လည်းမပြု၊ နေရာလည်းမပေးသည်ကို မြင်ရသော် ပုဏ္ဏားကြီးက မသင့်တော်ကြောင်း လျှောက်ထား လေသည်။ ကဲ့ရဲ့ရှုတ်ချအပြစ်ဆိုလေသည်။ ဘုရားရှင်က အတုမရှိသောဘုရားတို့မည်သည် မည်သို့သောသူကိုမျှ ရှိခိုးသည်လည်းမပြု၊ ခရီးဦးကြိုလည်း မပြု၊ နေရာထိုင်ခင်းပေးသည်မှာ ယင်းသို့ပြုမူ လုပ်ဆောင်ပါက ဤအမှုကိုခံရသူသည် ဦးခေါင်းပြတ်၍ မြေသို့ကျမည်ဖြစ်သည်။ ထို့ကြောင့် မပြုလုပ်ခြင်းဖြစ်ကြောင်း ဘုရားရှင်က မိန့်တော်မူသည်။

သို့သော် ဝေရဉ္ဇာပုဏ္ဏားသည် ဉာဏ်မည်မရှိ၊ အသိဉာဏ်နည်းပါး၍ ဘုရားရှင်သည် လောကတွင် အထူးခြား၊ အမြင့်မြတ်ဆုံးသူဖြစ်ကြောင်းကို သူမသိသောကြောင့် အောက်ဖော်ပြပါအချက် (၈) ချက်ဖြင့် ဆဲရေးရှုတ်ချအပြစ်တင်လေသည်။

(၁) အရသာကင်းသောသဘောရှိသူဖြစ်၏။

(၂) သုံးဆောင်ခြင်းမရှိသူဖြစ်၏။

(၃) မပြုထိုက်ဟူသော “အကိရိယ”အယူဝါဒရှိ၏။

(၄) ပြတ်အပ်၏ဟူသော “ဥစ္ဆေဒ” အယူဝါဒရှိ၏။

(၅) စက်ဆုပ်ခြင်းသဘောရှိသူဖြစ်၏။

(၆) ဖျက်ဆီးတတ်သူ အဖျက်သမားကြီးဖြစ်၏။

(၇) ပူပန်စေတတ်သူဖြစ်၏။

(၈) နတ်ရွာမှ ပဋိသန္ဓေကင်းသူဖြစ်၏ စသည်ဖြင့် ပြောကြားလေသည်။

ထိုအခါ ဘုရားရှင်သည် ဤပုဏ္ဏားအား ၎င်းအချက် (၈) ချက်ကို ဖြေရှင်းတော်မူလေသည်။ ဘုရားရှင်က နည်းပရိယာယ်ဥပမာဖြင့် ရှင်းပြသည်။ ဗောဓိမဏ္ဍိုင်၌ တရားထူးရပုံ၊ ကျင့်ပုံ၊ ဘုရားဖြစ်ပုံ၊ ဤလောက၌ အတုမရှိသောအကြီးမြတ်ဆုံး ပုဂ္ဂိုလ်ဖြစ်ကြောင်း  အကျယ်တဝင့် တရားစကား ဟောကြားလေသည်။

ဝေရဉ္ဇာပုဏ္ဏားကြီးသည် ဘုရားရှင်၏ အကျယ်တဝင့်ရှင်းပြလိုက်မှ ဘုရားသည် အထူးခြားဆုံးပုဂ္ဂိုလ်၊ မည်သူမျှမယှဉ်နိုင်ကြောင်း သိသွားလေသည်။ ထိုအခါ ပုဏ္ဏားကြီးသည် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို  ဆည်းကပ်ပါ၏ဟူ၍ဆိုသည်။ ထို့အပြင် သူ့အား သရဏဂုံ၌တည်သော ဥပါသကာအဖြစ် သတ်မှတ်ပေးတော်မူရန် လျှောက်ထားလေသည်။ ၎င်းပုဏ္ဏားသည် သရဏဂုံကို ခံယူဆောက်တည်လေသည်။ ၎င်းပုဏ္ဏားကြီးကပင် ဘုရားရှင်အား သူတို့ကို ချီးမြှောက်သောအားဖြင့် ဝေရဉ္ဇာပြည်၌ ဝါကပ်တော်မူရန် လျှောက်ထားရာ ဘုရားရှင်ကလည်း လက်ခံ၍ ဝါကပ်တော်မူလေသည်။

ဘုရားရှင်သည် ဝေရဉ္ဇာပုဏ္ဏား၏ တောင်းပန်လျှောက်ထားချက်အရ ဒွါဒသမ (တစ်ဆယ့်နှစ် ဝါမြောက်) ဝါကပ်သီတင်းသုံးတော်မူသည်။ ယင်းအချိန်၌ ဝေရဉ္ဇာပြည်၌ ဒုဗ္ဘိက္ခအငတ်ဘေးနှင့် ဆိုက်ရောက်သောအချိန်ဖြစ်ပါသည်။ ရဟန်းတော်များလည်း ဆွမ်းခံရန် အခက်အခဲတွေ့နေကြသည်။ မိုးအားကြီးသော အချိန်လည်းဖြစ်သည်။ ထိုအချိန်တွင် ဥတ္တရာပထတိုင်းမှ မြင်းကုန်သည်တို့သည် မိုးခိုရန်အတွက် ဝေရဉ္ဇာပြည်သို့ ဝင်နေကြသည်။ ၎င်းတို့သည် မြက်မရှိသောအရပ်၌ မြင်းများကို ကျွေးရန် မုယောဆန်များ ပါလာကြသည်။ မြင်းကုန်သည်တို့သည် ဆွမ်းခံရန် ခက်ခဲကြသော ရဟန်းတို့အား မုယောဆန်များ တစ်စလယ်စီ လှူဒါန်းပါသည်။ ဘုရားရှင်အတွက်လည်း မုယောတစ်စလယ်နှင့် ထောပတ်၊ ပျားသကာတို့ကို လှူဒါန်းထားသည်။

အရှင်အာနန္ဒာကလည်း ၎င်းတို့လှူဒါန်းထားသော မုယောဆန်များကို ကျောက်ပျဉ်တွင် ကြိတ်၍ ထောပတ်၊ ပျားသကာတို့ ရောပြီး ဘုရားရှင်အား ကပ်တော်မူသည်။ ရဟန်းတို့ကလည်း ထိုမုယောဆန်များ ဆုံ၌ထည့်၍ ထောင်းကြပါသည်။ ယင်းသို့ဖြင့် စားသောက်ဘုဉ်းပေးကြပါသည်။ ဘုရားရှင်က ထိုဆုံထောင်းသောအသံကို အရှင်အာနန္ဒာအား ဤသို့ကြားရသောအသံသည် အဘယ်အသံ ဖြစ်သနည်းဟု သိလျက်နှင့်မေးလေသည်။ အရှင်အာနန္ဒာက အလုံးစုံလျှောက်ထားသော် ဘုရားရှင်က ကောင်းလေစွ၊ တပ်မက်ခြင်းတဏှာကင်းကြသည် ဟုဆိုလေသည်။

(ဆက်လက်ဖော်ပြပါမည်)