ဗုဒ္ဓဟူးဂြိုဟ်လေ့လာရေး အာကာသခရီးစဉ် ဂျပန်နှင့် ဥရောပအာကာသ အေဂျင်စီများ စတင်

ကူရူး (ပြင်သစ် ဂီယာနာ) ၂၄  အောက်တိုဘာ

 

ဗုဒ္ဓဟူးဂြိုဟ်သို့ ဦးတည်သွားရောက်မည့် ခုနစ်နှစ်ကြာခရီးစဉ် စတင်မှုအဖြစ် အာကာသစူးစမ်းလေ့လာရေး စက်ရုပ်ယာဉ် နှစ်စင်းကိုတင်ဆောင်ထားသည့် အာရီး-၅ အမျိုးအစား ဒုံးပျံယာဉ်တစ်စင်းကို ပြင်သစ် ဂီယာနာရှိကူရူး အာကာသစခန်းမှ လွှတ်တင်လိုက်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများကအောက်တိုဘာ ၂၃ ရက်တွင် သတင်းထုတ်ပြန်သည်။

 

သွားရောက်

 

ဂျပန်အာကာသ စူးစမ်းလေ့လာရေးအေဂျင်စီနှင့် ဥရောပအာကာသ အေဂျင်စီတို့က သီးခြားစီ တည်ဆောက်ခဲ့ကြသော စက်ရုပ်ယာဉ်နှစ်စင်းသည် နေစကြဝဠာတွင်နေနှင့် အနီးကပ်ဆုံး တည်ရှိသော ဗုဒ္ဓဟူးဂြိုဟ်သို့ ဦးတည်လျက် ကီလိုမီတာ ကိုးဘီလီယံအကွာအဝေးရှိ ခရီးတာကို စတင်သွားရောက်လျက်ရှိသည်။ အာရီး-၅ အမျိုးအစား ဒုံးပျံယာဉ်ကို အောက်တိုဘာ ၁၉ ရက်က လွှတ်တင်ခဲ့ခြင်းဖြစ်သည်။ ဗုဒ္ဓဟူးဂြိုဟ် အနီးအပါးမှ ဂြိုဟ်ပတ်လမ်းကြောင်းအတိုင်း တစ်နှစ်တာ ပျံသန်းကာ ယင်းဂြိုဟ်နှင့် သက်ဆိုင်နေသော သတင်း အချက်အလက်များကို စုဆောင်းရယူသွားရန် အာကာသစူးစမ်းလေ့လာရေး ခရီးစဉ်ကရည်မှန်းသည်။

 

ဂျပန်နှင့် ဥရောပ အာကာသအေဂျင်စီတို့၏ ပူးတွဲလေ့လာရေး မစ်ရှင်လုပ်ငန်းတစ်ရပ်ကို “ဘဲပီကိုလံဘို” ဟူ၍ အမည်ပေးထားသည်။ သင်္ချာပညာရှင် ဂူဆက်ပီ ဘဲပီ ကိုလံဘိုသည် ဗုဒ္ဓဟူးဂြိုဟ်ကို ပထမဆုံး စူးစမ်း လေ့လာခဲ့သူဖြစ်ပြီး ၎င်းအား ဂုဏ်ပြုသည့်အနေဖြင့် ယင်းမစ်ရှင်လုပ်ငန်းကို “ဘဲပီကိုလံဘို” ဟူ၍ အမည်ပေးထားခြင်းဖြစ်သည်။

 

စုစည်း

 

ဗုဒ္ဓဟူးဂြိုဟ် စူးစမ်းလေ့လာရေး ခရီးစဉ်ကို နှစ်ကြိမ်မျှသာ ဆောင်ရွက်နိုင်ခဲ့ပြီး ယင်းစူးစမ်း လေ့လာမှုများကို ပြုလုပ်ခဲ့သည့် နိုင်ငံမှာ အမေရိကန် ပြည်ထောင်စုဖြစ်သည်။ အမေရိကန်၏ စူးစမ်းလေ့လာရေး ခရီးစဉ်များအရ ဗုဒ္ဓဟူးဂြိုဟ်ပေါ်တွင် အေးခဲနေသော ရေတည်ရှိနေပုံကို အထောက်အထားများ စုစည်းနိုင်ခဲ့ပြီးဖြစ်သည်။

 

ကျိုဒိုနယူး