ဗယ်လင်တိုင်းအမီ ပိုပိုအချစ်သီချင်းတစ်ပုဒ် ထုတ်ဝေမည်

၂ ဇန်နဝါရီ

အလွမ်းအဆွေးသီချင်းများကို သီဆိုမှုများသည့် အဆိုတော် ပိုပိုအနေဖြင့် လာမည့် ဗယ်လင်တိုင်းအမီ အချစ်သီချင်းတစ်ပုဒ်ကို အွန်လိုင်းမှတစ်ဆင့် ပရိသတ်ထံ ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။ နှစ်သစ်တွင် လုပ်ဆောင်သွားမည့် ဂီတလုပ်ငန်းများနှင့် အနုပညာဖန်တီးမှုများနှင့်ပတ်သက်၍လည်း ပိုပိုက ယခုလို ပြောပြသည်။

“ဗယ်လင်တိုင်းအမီ သီချင်းလေးတစ်ပုဒ်လောက်တော့ ပရိသတ်လက်ထဲ ထည့်ပေးမယ်။ အွန်လိုင်းကနေပေါ့။ အဲဒါတော့ စဉ်းစားထားတယ်။ ဗယ်လင်တိုင်းဆိုတော့ အမှတ်တရလေးပေါ့။ ပရိသတ်တွေကို အချစ်သီချင်း လုပ်ပေးချင်တယ်။ ပိုပိုက အချစ် သီချင်းတွေဘာတွေ ဆိုလေ့သိပ်မရှိဘူး။ ကိုယ်ရေးတဲ့သီချင်း တော်တော်များများက အလွမ်းသီချင်းများတယ်ဆိုတော့လေ။ အချစ်သီချင်းလေး တစ်ပုဒ်လောက်တော့ ဗယ်လင်တိုင်းမှာ ထွက်မယ်။ ပြီးတော့ သီချင်းတွေအများကြီးရေးမယ်။ နောက်ထပ် အခွေသစ်အတွက် လုပ်နေတယ်။ ပြီးတော့ ကိုယ်ပိုင်စတူဒီယိုလည်း အိမ်မှာဆောက်မယ်ပေါ့။ အဲဒီ ကိုယ်ပိုင်စတူဒီယို ဆောက်ပြီးသွားရင် အိမ်မှာ ပိုပြီးတော့ ကိုယ့်ဘာသာ ကိုယ်ဖန်တီးလို့ရတာပေါ့”ဟု ပိုပိုက ပြောသည်။ 

ကိုလင်း