စာပေပညာရှင်ကြီးများက လူငယ်စာပေဝါသနာရှင်များအပေါ် အသိပညာ ပြန်လည်မျှဝေစကားများ

ရန်ကုန် ၈ ဒီဇင်ဘာ

 

၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်းသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံတွင် ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားသို့ တက်ရောက်လာကြသော စာပေပညာရှင်ကြီးများက လူငယ်စာပေ ဝါသနာရှင်များအပေါ် အသိပညာ ပြန်လည်မျှဝေစကားများ အသီသီးပြောကြားခဲ့ရာ-

လင်းထက်ဆွေ
အမျိုးသားစာပေဆု၊ ဘာသာပြန်(သုတ)

 

 

ကိုယ့်ရဲ့ မိခင်ဘာသာစကားမဟုတ်တဲ့ အင်္ဂလိပ်စာပဲ ဘာသာပြန်ပြန်၊ ပြင်သစ်စာပဲ ဘာသာပြန်ပြန်ပေါ့နော်။ အဲဒီအခါမှာ ကိုယ့်ယဉ်ကျေးမှုလဲ မဟုတ်၊ ကိုယ်ကျွမ်းကျင်တဲ့ ပတ်ဝန်းကျင်လဲ မဟုတ်တဲ့အခါကျတော့ တစ်ချို့ဟာတွေကျတော့ အနက်အဓိပ္ပါယ် ကောက်ယူ လွဲမှားတတ်တဲ့ဟာတွေ ရှိတယ်။ အဲဒီအခါမျိုးမှာ ကိုယ်ပြန်ဆိုလိုက်တဲ့အခါမှာ မူရင်းအဓိပ္ပါယ် မဟုတ်တော့ဘူးပေါ့။ မူရင်းစာရေးဆရာရဲ့ အာဘော်လဲ မဟုတ်တော့ဘူး။ အဓိက အမှားတွေ အများဆုံးဖြစ်နေတာ အဲဒီအမှားပေါ့နော်။ အဲဒီအတွက်ကြောင့် ဘာသာပြန်တဲ့ လူငယ်တွေအနေနဲ့ အဓိက ဘာသာစကား ကျွမ်းကျင်အောင်လုပ်ဖို့ရယ်၊ ကိုယ့်အလုပ်ကို ပြန်စစ်ဖို့လိုတယ်။ တစ်ချို့မသေချာတဲ့နေရာမှာ သူရဲ့မူရင်းဘာသာစကားကို ပြန်ကြည့်ဖို့လိုတယ်။ မူရင်းစာရေးသူရဲ့ ယဉ်ကျေးမှုနဲ့ သူ့နောက်ခံကိုရောက်အောင် ပြန်ပေးဖို့လိုတယ်။ အတင်းကြီး မြန်မာဆန်အောင် လုပ်လိုက်ခြင်းအားဖြင့် ဖတ်လို့တော့လွယ်တယ်။ ဒါပေမယ့် သူ့ရဲ့မူလဥစ္စာကတော့ ပျောက်ဆုံးသွားတယ်ပေါ့။ အဲဒီတော့ ဘာသာပြန်ဆရာရဲ့တာဝန်က သူကိုယ်တိုင် ဖန်တီးဖို့မဟုတ်ဘူး။ မူရင်းစာရေးဆရာရဲ့ အာဘော်ကို ဒီဘက်က ပရိသတ်တွေဆီရောက်အောင် ပို့ပေးဖိုပေါ့နော်။ အဲဒါ သူ့တာဝန်ပဲလို့ ကျွန်တော်ထင်တယ်။

 

တင့်ဇော် အမျိုးသားစာပေဆု နှစ်ဆုရရှိသူ 
ဝတ္ထုတိုပေါင်းချုပ်၊ ဘာသာပြန်(ရသ)

 

 

လူငယ်စာရေးဆရာတွေအနေနဲ့ ဝတ္ထုတိုရေးလို့ရှိရင် မြန်မာစာ မှန်မှန်ကန်ကန်နဲ့ စေတနာအပြည့်နဲ့သာရေးပါဗျ။ နှစ်ပေါင်းများစွာ ရေးရင်လဲ ဒီဝတ္ထုတိုက မတိမ်ကောသွားပါဘူး။ ကျွန်တော်က တစ်စိုက်မတ်မတ် ဝတ္ထုတိုချည်းပဲရေးလာတဲ့ လူတစ်ယောက်ပါ။ ကျွန်တော်ဝတ္ထုတိုကို ချစ်ပါတယ်။ နောက်တစ်ခု မြန်မာဝတ္ထုတိုရေးတဲ့ ဆရာလေးတွေအနေနဲ့ တတ်နိုင်သမျှ နိုင်ငံခြားဝတ္ထုတိုလေးတွေလည်း ဖတ်ကြည့်ပါလို့။ ဒါမှသူတို့ရဲ့ နည်းပညာတို့ တင်ဆက်ပုံတို့ သဘောပေါက်မှာပါ။ ဝတ္ထုတိုရေးပုံရေးနည်း အများကြီးရှိပါတယ်။ ကျွန်တော်ကတော့ ငယ်စဉ်ကတည်းက တကယ်ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေ၊ အကြောင်းအရာတွေကိုပဲ မူတည်ပြီးတော့ ရေးစေချင်တယ်။ ဒါက ပျောက်ပျယ်သွားတာ မရှိပါဘူး။ ဒါက စိတ်ကူးယဉ်လို့လဲ မရပါဘူး။ တကယ့်အတွေ့အကြုံတွေ၊ တကယ့်အဖြစ်အပျက်တွေကို ရေးရတာ။ အဲဒါမျိုးကိုပဲ ဖြစ်စေချင်ပါတယ်။ 

 

ဆင်ဖြူကျွန်းသန်းထွန်း
အမျိုးသားစာပေဆု၊ သုတပဒေသာ(ဝိဇ္ဇာ)

 

 

လူငယ်တွေအနေနဲ့ သုတစာပေ ဗဟုသုတရှာတဲ့နေရာမှာ အရင်ထက်ပိုပြီး အာရုံစိုက်လာပါတယ်။ ထူးထူးခြားခြား မြင်မိတာဆိုလို့ စီးပွားရေးရော နိုင်ငံရေးရော စိတ်ဝင်စားကြတဲ့လူငယ်တွေ များလာပါတယ်။ ဒါပေမယ့် ကျွန်တော်ရေးတဲ့ ဝန်ထမ်းဝန်ဆောင်မှုကိစ္စနဲ့ ပတ်သက်လို့ကတော့ ရေးတဲ့သူနည်းနေပါသေးတယ်။ အဲဒါလဲ သတိထားမိပါတယ်။ အရင်ထက်ပိုပြီး ပညာရပ်ကို ဆည်းပူးချင်တဲ့စိတ်ဆန္ဒနဲ့ အလုပ်လုပ်လာကြတာ တွေ့ရတော့ ဝမ်းသာစရာကောင်းပါတယ်။ နောင်လဲ အဲဒါမျိုးတွေဖြစ်လာမယ်လို့ ကျွန်တော်တို့ ထင်ပါတယ်။ အချက်အလက်တွေကို ရေးတဲ့အခါမှာ လွယ်လွယ်ကူကူလေး ရေးတာထက်၊ အချက်အလက်တွေ မှန်ကန်ဖို့ အဲဒါလေးတော့ နည်းနည်းသတိထားရမှာပေါ့လေ။ အယူအဆ အမျိုးမျိုးရှိတဲ့အခါမှာ၊ အချက်အလက် မျိုးမျိုးရှိတဲ့အခါမှာ တတ်နိုင်သမျှ ကိုယ့်ဘက်ကစိစစ်ပြီးတော့ အလွယ်တကူ မရေးဘဲနဲ့ အမှန်အကန် ဗဟုသုတကို ပေးချင်တဲ့ဆန္ဒနဲ့ အာရုံစိုက်ပြီး ရေးသင့်ပါတယ်။ 

 

မနီတာ
အမျိုးသားစာပေဆု၊ ကဗျာ

 

 

ကဗျာဆိုတာကတော့ စိတ်ခံစားချက်နဲ့ ရေးတာပါပဲ။ စိတ်ထဲမှာ မကြိုက်တာတွေ့ရင်လဲ ကဗျာရေးတယ်၊ ကြိုက်တာတွေ့ရင်လဲ ကဗျာရေးတယ်၊ ပျော်ရင်လဲရေးတယ်၊ ဝမ်းနည်းရင်လဲ ရေးပါတယ်။ ကဗျာရေးတဲ့ အခါမှာ ရိုးဖြောင့်မှုနဲ့ ရေးသားစေချင်တယ်။ ကဗျာဆိုတာ သစ္စာတရားလေ။ ကဗျာဆိုတာ ရိုးဖြောင့်စေချင်တယ်။ ပုံသဏ္ဍာန်တို့ ဘာတို့ကတော့ လှအောင်လုပ်နိုင်ရင် ပိုကောင်းတာပေါ။ အဓိက အခြေခံအချက်ကတော့ ကဗျာဆိုတာ သစ္စာရှိရမှာပေါ့။ ပုံသဏ္ဍာန်အနေနဲ့လည်း သိမ်မွေ့ရင် ပိုပြီးတော့လှပါတယ်။ ကဗျာဆိုတာ အလှတရားထဲမှာလည်း ပါတဲ့အတွက်ကြောင့် သိမ်မွေ့နူးညံ့ပြီးတော့ ရိုးဖြောင့်ရင် ပိုကောင်းပါတယ်။

 

 

စပယ်ဖြူနု
အမျိုးသားစာပေဆု၊ ကလေးစာပေ

 

 

ဆုရတဲ့စာအုပ်နာမည်က ပါလေရာအယ်နီပါ။ ဇာတ်ကောင်ကကျတော့ အယ်နီပါ။ အယ်နီဆိုတဲ့ကလေး လေးတစ်ယောက်က သူ့ကလေးသဘာဝ သူငယ်ချင်းတွေနဲ့ မိသားစုနဲ့ လှုပ်ရှားနေထိုင်တဲ့အကြောင်းလေးပါပဲ။ ကလေးတစ်ယောက်ရဲ့ ဘဝနေထိုင်မှုလေးပါပဲ။ စာရေးသူတစ်ယောက်မှာ အဓိကလိုအပ်တာ တကယ်ရေးချင်နေတဲ့ စိတ်ပေါ့လေ။ ရေးချင်နေတဲ့စိတ်ရှိလို့ရှိရင် အလိုလိုရေးဖြစ်တာပါပဲ။ အများကြီးပြောဖို့ဆိုလို့ ရှိရင်လဲ ကိုယ်ကိုတိုင်က ရေးနေရင်းနဲ့ လေ့လာတုန်းဆိုတော့ ပြောရတော့ခက်တယ်။ အခု အမျိုးသားစာပေ ဆုကတော့ ဒုတိယအကြိမ်ပါ။ ပထမဆုံးအကြိမ်က ၂၀၁၄ ခုနှစ်တုန်းက ဝတ္ထုရှည်နဲ့ ရခဲ့တာပါ။ 

 

ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - အာကာစိုး