စစ်ကိုင်းခရိုင်အတွင်း(၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူအကျိုးပြု လုပ်ငန်းများဆောင်ရွက် 

စစ်ကိုင်း  မေ ၄

 

(၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းခရိုင်နှင့် စစ်ကိုင်းမြို့နယ်ရှိ မီးသတ်တပ်ဖွဲ့ဝင်များက ပြည်သူ့အကျိုးပြုလုပ်ငန်းများဖြစ်သည့်  သန်းရှင်းရေးများဆောင်ရွက်ခြင်း၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို မေ ၃ ရက်က ပြုလုပ်ဆောင်ရွက့်ခဲ့ကြသည်။

 

“ ကျွန်တော်တို့ ခရိုင်/ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များအနေနဲ့ (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီး သတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မေ(၃)ရက်က စစ်ကိုင်းတံတားဂိတ် အဝေးပြေး ကားလမ်းမကြီးမှာ အနယ်နယ်အရပ်ရပ်က ခရီးသွားပြည်သူများ သိရှိလိုက်နာနိုင်အောင်  မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြပါတယ်။ မေ ၄ ရက် မနက်မှာတော့ စစ်ကိုင်းမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းကြီးမှာ ဌာနဆိုင်ရာများနဲ့အတူ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြပါတယ်။ စုပေါင်းသွေးလှူဒါန်းဖို့ အစီအစဉ်လည်း ရှိပါသေးတယ်” ဟု မြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောပြခဲ့သည်။

 

စစ်ကိုင်းခရိုင်နှင့် စစ်ကိုင်းမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူအကျိုးပြုလုပ်ငန်းများ အဖြစ် အသိပညာပေးဆွေးနွေးပွဲများ ဆောင်ရွက်ခြင်း၊ မီးဘေးကာကွယ်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်း၊ သောက်သုံးရေများလှူဒါန်းပေးခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


    
ဇော်မြင့်နိုင်