စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်၊ ကန်စွန်းအင်းကျေးရွာအတွင်း  အကြမ်းဖက်လုပ်ရပ်များ ပြုလုပ်ရန် ရောက်ရှိနေသော KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများအား ဝင်ရောက်ဖမ်းဆီး

နေပြည်တော်၊ ဒီဇင်ဘာ ၂၃

   

CRPH၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည် ပြည်သူလူထု အထိန့်တလန့်ဖြစ်စေရန်အတွက် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ အပြစ်မဲ့ပြည်သူများ နှင့် ဆရာတော် သံဃာတော်များပါမကျန် လုပ်ကြံသတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိသည့်အပြင် အချို့ကျေးရွာများအတွင်း ဝင်ရောက်၍ အကြမ်းဖက် အဖျက်အမှောက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသဖြင့် အများပြည်သူ အေးချမ်းတည်ငြိမ်စွာ နေထိုင်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ လိုအပ်သည့် လုံခြုံ‌ ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

   

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်  စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်၊ ကန်စွန်းအင်း ကျေးရွာအတွင်း အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန်အတွက် KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ စုဝေးရောက်ရှိနေကြောင်း သတင်းအရ ညနေ ၃ နာရီ ၅၀ မိနစ်ခန့်တွင် သွားရောက်၍ လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

   

ထိုသို့ဆောင်ရွက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက်သမားများ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး ညနေ ၄ နာရီ ၁၅ မိနစ်ခန့်တွင် အကြမ်းဖက်သမားများ ကျေးရွာ၏ အရှေ့မြောက်ဘက်သို့ ဖရိုဖရဲ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး အကြမ်းဖက်သမား အလောင်း နှစ်လောင်း၊ M-22 သေနတ် တစ်လက်၊ KO-11 သေနတ် တစ်လက်၊ တစ်တောင့်ထိုးသေနတ် ငါးလက်၊ လက်ပစ်ဗုံး ငါးလုံး၊ ကျည်အိမ်မျိုးစုံ ၁၀ ခု၊ ကျည်မျိုးစုံ ၆၈၅ တောင့်နှင့် လမ်းလျှောက်စကားပြောစက် သုံးလုံးတို့အား သိမ်းဆည်းရမိခဲ့သည်။

   

အကြမ်းဖက်သမားများအနေဖြင့် ကျေးရွာအချို့တွင်းဝင်ရောက်၍ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိရာ ဒေသခံပြည်သူများ အေးချမ်းတည်ငြိမ်စွာ နေထိုင်နိုင်ရေးအတွက် လုံခြုံရေး တပ်ဖွဲ့များက နယ်မြေလုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်းနှင့် အကြမ်းဖက် အဖွဲ့များ၏ ဝင်ထွက်သွားလာမှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေး၍ နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းပါဝင်ကြရန် သတင်းထုတ်ပြန်ထားကြောင်း သိရသည်။

 

သတင်းစဉ်