စစ်တွေ- ပုဏ္ဏားကျွန်း- ရသေ့တောင်- ဘူးသီးတောင်လမ်းကို ရာသီမရွေး သွားလာနိုင်သော လမ်းအဖြစ် အဆင့်မြှင့်တင် တိုးမြှင့်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

နေပြည်တော် ၅ စက်တင်ဘာ

 

စစ်တွေ- ပုဏ္ဏားကျွန်း- ရသေ့တောင်- ဘူးသီးတောင်လမ်းကို ရာသီမရွေး သွားလာနိုင်သော လမ်းအဖြစ် အဆင့်မြှင့်တင် တိုးမြှင့်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသဖြင့် ရန်ပုံငွေ သုံးစွဲကုန်ကျမှုများရှိပြီး လမ်းအဆင့်တိုးမြှင့် ဆောင်ရွက်ပြီးပါက စစ်တွေမှ ဘူးသီးတောင်သို့ ၇၉ မိုင် ၁ ဖာလုံ ခရီးကို ၃ နာရီခွဲခန့်ဖြင့် ရောက်နိုင်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောသည်။

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန်အစည်းအဝေး ၁၅ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ပြီး ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးခင်မောင်လတ် မေးမြန်းသည့် “စစ်တွေ- မေယုဒေသ ဆက်သွယ်ရေး လမ်းကြောင်းဖြစ်သော မေယုမြစ်ကူးတံတားကို မူစဲကျွန်းမှတစ်ဆင့် ဖြတ်သန်းပြီး တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြန်လည်ဖြေကြားရာတွင် ဒုတိယဝန်ကြီး ဦးကျော်လင်းက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။

 

“စစ်တွေမြို့မှ မေယုဒေသ၊ ဘူးသီးတောင်မြို့သို့ ဆက်သွယ်သွားလာနိုင်ရန်အတွက် စစ်တွေ- ပုဏ္ဏားကျွန်း - ရသေ့တောင် - ဘူးသီးတောင်လမ်းကို ဖောက်လုပ်ပေးထားပြီး လမ်းပေါ်ရှိ တံတားများကိုလည်း ပြုပြင်တည်ဆောက် ပေးထားပြီး ဖြစ်ပါသဖြင့် မော်တော်ယာဉ်များဖြင့် တိုက်ရိုက်သွားရောက်နိုင်ပြီ ဖြစ်ပါကြောင်း၊ အဆိုပါလမ်းသည် အရှည် ၇၉ မိုင် ၁ ဖာလုံရှိပြီး ပေ ၁၈၀ အထက် တံတား ၉ စင်း ပါဝင်ပါကြောင်း၊ စစ်တွေ- ပုဏ္ဏားကျွန်း- ရသေ့တောင်- ဘူးသီးတောင် လမ်းကို ရာသီမရွေး သွားလာနိုင်သော လမ်းအဖြစ် အဆင့်မြှင့်တင် တိုးမြှင့်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါသဖြင့် ရန်ပုံငွေ သုံးစွဲကုန်ကျမှုများရှိပြီး လမ်းအဆင့် တိုးမြှင့်ဆောင်ရွက်ပြီးပါက စစ်တွေမှ ဘူးသီးတောင်သို့ ၇၉ မိုင် ၁ ဖာလုံ ခရီးကို ၃ နာရီခွဲခန့်ဖြင့် ရောက်နိုင်မည်ဖြစ်ပါကြောင်း”  ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောသည်။

 

ထို့ပြင် တစ်ဖက်တွင်လည်း အငူမော်မှတစ်ဆင့် မောင်တောသို့ ကွန်ကရစ် လမ်းခင်း၍ လမ်းအဆင့် တိုးမြှင့်ခြင်း လုပ်ငန်းများလည်း ဆောင်ရွက်လျက်ရှိပြီး ကွန်ကရစ်လမ်း အဆင့်ပြီးစီးပါက စစ်တွေမှတစ်ဆင့် ဇက်ရေယာဉ်ဖြင့် အငူမော်သို့ကူးပြီး အငူမော်မှတစ်ဆင့် ကွန်ကရစ်လမ်းအတိုင်း မောင်တာသို့ သွားရောက်နိုင်မည် ဖြစ်ပါကြောင်း။

 

စစ်တွေမှ ဘူးသီးတောင်သို့ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရေးအတွက် စစ်တွေ- ပုဏ္ဏားကျွန်း - ရသေ့တောင် - ဘူးသီးတောင်လမ်းအား အဆင့်တိုးမြှင့် ဆောင်ရွက်ရာတွင် မူစဲကျွန်းမှတစ်ဆင့် ဖောက်လုပ်မည့် လမ်းအပိုင်းတွင် တံတား ၃ စင်းလိုအပ်မည် ဖြစ်ပါကြောင်း၊ အဆိုပါ တံတား ၃ စင်းမှာ ပေ ၄၃၀ဝ ခန့် ရှည်မည့် တံ့တား အမှတ်(၁)၊ ပေ ၅၅၀ ခန့်ရှည်မည့် တံတားအမှတ်(၂)နှင့် ပေ ၁၄၃၀ဝ ရှည်မည့် တံတားအမှတ် (၃) တို့  ဖြစ်ပါကြောင်း၊ ထို့ပြင် တံတား၏ ချဉ်းကပ်လမ်းများ ဆောင်ရွက်ရမည့် ပမာဏမှာ ကြီးမားပါကြောင်း။

 

ထို့ကြောင့် စစ်တွေ- ပုဏ္ဏားကျွန်း- ရသေ့တောင်- ဘူးသီးတောင်- မောင်တော လမ်းအပိုင်းကို ဦးစွာ ရာသီမရွေးသွားလာနိုင်သည့် ကတ္တရာလမ်းအဆင့်၊ ကွန်ကရစ်လမ်း အဆင့်အဖြစ် အဆင့်မြှင့် ဆောင်ရွက်သွားမည် ဖြစ်သည့်အတွက် လတ်တလောတွင် တင်ပြထားသည့် လမ်းကြောင်းတွင်ရှိသည့် တံတား ၃ စင်းကို တည်ဆောက်ပေးရန် အစီအစဉ် မရှိသေးပါကြောင်း၊ သို့သော် ရေရှည်လမ်းကွန်ရက် ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်အတွက် ပဏာမ ကြိုတင်ဖြစ်မြောက်နိုင်စွမ်း လေ့လာဆန်းစစ်မှု Pre Feasibility Study အား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဒုတိယဝန်ကြီး ဦးကျော်လင်းက ဖြေကြားသည်။ 

 

MDN