စစ်တွေမြို့ မိဇံပန်းခြံ၌ ရုပ်ရှင်ရုံဆောက်လုပ်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

စစ်တွေ  ၁၆ ဇန်နဝါရီ 

 

စစ်တွေမြို့ မိဇံပန်းခြံ၌ ရုပ်ရှင်ရုံဆောက်လုပ်ရေး ညှိနှိုင်းရေးအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ စစ်တွေမြို့ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးရွှေကျော်သာက အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနာယက အကယ်ဒမီ ဦးအောင်လွင်က ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေမြို့တွင် ရုပ်ရှင်ရုံတစ်ရုံဆောက်လုပ်နိုင်ရေး ဆောင်ရွက်နေမှုနှင့် တက်ရောက်လာကြသော မြို့မိ၊ မြို့ဖများ၊ ဒေသခံပြည်သူများက ခွင့်ပြုကူညီဆောင်ရွက်ပေးကြရန် ပြောကြားသည်။ 

 

ထို့နောက် ပါရာဒီဆို ဆင်းနီးမား ကုမ္ပဏီ၏ ဒါရိုက်တာ ရုပ်ရှင်သရုပ်ဆောင် ဦးဇာဂနာက မြန်မာနိုင်ငံတွင် ရုပ်ရှင်ရုံများ လျော့နည်းလာမှု၊ ရုပ်ရှင်လောကသားများပူးပေါင်းပြီး ရုပ်ရှင်ရုံများ ဆောက်လုပ်နေမှု၊ စစ်တွေမြို့တွင် ရုပ်ရှင်ရုံဆောက်လုပ်ရန် ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြဆောင်ရွက်နေမှုနှင့် အောင်မြင်မှုရရှိလာပါက ပြည်နယ်အတွင်း တိုးချဲ့ဆောက်လုပ်သွားမည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။ 

 

ဆက်လက်၍ ပါရာဒီဆို ဆင်းနီးမား ကုမ္ပဏီ၏ဥက္ကဋ္ဌ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဦးလွင်မိုးက ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရန်အတွက် မြန်မာနိုင်ငံအတွင်း မြို့ကြီးများနှင့် မြို့နယ်များတွင် ရုပ်ရှင်ရုံများ ဆောက်လုပ်နေမှုနှင့် စစ်တွေမြို့တွင် ဆောက်လုပ်မည့် ရုပ်ရှင်ရုံပုံစံတို့ကို ရှင်းလင်းတင်ပြရာ တက်ရောက်လာကြသော မြို့မိ၊ မြို့ဖများနှင့် မြို့ဒေသခံများက ရုပ်ရှင်ရုံတည်ဆောက်ရေးနှင့် ပတ်သက်၍ အကြံပြုဆွေးနွေးကြသည်။

 

စစ်တွေမြို့ မိဇံပန်းခြံ၌ လူပေါင်း ၄၅၀ ဆံ့ရုပ်ရှင်ရုံနှင့် လူပေါင်း ၃၀ဝ ကျော်ဆံ့သည့် ရုပ်ရှင်ရုံတစ်ရုံကို ရုပ်ရှင်လောကသား ၂၅ ဦးဖြင့် ဖွဲ့စည်းထားသည့် ပါရာဒီဆို ဆင်းနီးမား ကုမ္ပဏီမှ သိန်း ၉၀ဝ၀ ကျော်ဖြင့် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ 

 

တင်ထွန်း(ပြန်/ဆက်)