ခင်ဆွေမြင့်(မြန်မာစာ)
“သီရိထုံသင်း၊ မြတ်တံတင်းဝယ်
ဟောင်းမြင်းရှည်လျား၊ ခြောက်အောင်ထားလည်း
စံကားရွှေပွင့်၊ နံ့ မလွင့်သို့
ကြီးရင့်သက်ရွယ် ချစ်မပြယ်”
ကျွန်မတို့ တက္ကသိုလ်ကျောင်းသူဘဝ ပျို့စာပေသင်ယူစဉ်ကာလကပင် စွဲငြိခဲ့မိသော ရှင်မဟာရဋ္ဌသာရ၏ ချိုသာလှပသည့် အချစ်ကဗျာ သံစဉ်ဖြစ်ပါသည်။ အသက်အရွယ်ကြီးရင့်အိုမင်းသည့်တိုင် မပြယ်မလွင့်သော ချစ်ခြင်းမေတ္တာကို နံ့သာသေတ္တာငယ်အတွင်း၌ ကာလချိန်တာရှည်လျားစွာ သိမ်းဆည်းထားသော်လည်း ရနံ့မပြယ်သည့် ရွှေဝါရောင်စံကားပွင့်ခြောက်လေးနှင့်နှိုင်းယှဉ်ကာ သိမ်မွေ့ညင်သာစွာ ဖွဲ့ဆိုထားပါသည်။
ရှင်မဟာရဋ္ဌသာရလောင်းလျာ မောင်မောက်သည် ရှင်လူထွက် သစ်အရွယ်တွင် လက်သင်ဆံထုံးလေးထုံးနှောင်စ နုနယ်ပျိုမျစ်သော ငယ်ကျွမ်းချစ်သူနှင့် ချစ်ကြိုးဖွဲ့နှောင်ခဲ့ပါသည်။ ညနေဆည်းဆာချိန်တွင် သူတွေ့လိုက်ရသည့် ကပိုကရိုဖွဲ့နှောင်ထားသော ဆံနွယ်၊ ကသီ ကရီဝတ်ဆင်ထားသော ရင်လွှမ်းတန်ဆာ၊ မခို့တရို့အပြုံးပန်းပွင့်တို့ဖြင့် ဖြူဝင်းညက်ညောကြည်လင်လှသော ချစ်သူလေး၏ လှရုပ်သွင်ကို
“ပြာနွဲ့ချောလျှင်၊ တင့်မောလွန်ကျစ်လျစ်
ပုလဲနှစ်သို့၊ ပြေပြစ်တင့်ဆုံစည်း
မိညက်ညည်းသည်၊ စုလည်းထုံးတုံ့ မထုံးတုံ့”
“ပြစ်လုံးကင်းဝေးစွာ၊ မိုးသူဇာကို
ဆည်းဆာညရီတွင်၊ ကျွန်ုပ်မြင်သည်
ရွှေရင်ဖုံးတုံ့ မဖုံးတုံ့”
“ဖြူစင်ထွန်းရောင်ဝင်း၊ လှမှန်ကင်းကို
ညခင်းဆည်းဆာတွင်၊ ကျွန်ုပ်မြင်သည်
ရယ်ရွှင်ပြုံးတုံ့ မပြုံးတုံ့”
ဟူ၍ ဖွဲ့ခဲ့သည်။ စကားလုံးအဖွဲ့အစပ် လှပချိုလွင်သော ရတုအချပိုဒ်များကြောင့် ရှင်မဟာရဋ္ဌသာရ၏ နာမည်ကျော်ကြားလှသော ရခိုင်ပြည်ရောက် အချစ်အလွမ်းရတုတစ်ပုဒ် ဖြစ်လာခဲ့ပါသည်။
အာရုံငါးပါး၌ ခံစားစိမ့်ဝင်ခြင်းမပြုရသော ရဟန်းဝိနည်းများ
မောင်မောက်သည် ရဟန်းဘောင်သို့ဝင်ရောက်ပြီး စာပေကျမ်းဂန်များ သင်ယူရသောအခါတွင်မူ အပ်သွားတစ်သွား ဆံတစ်ဖျား မျှပင်လျှင် အာရုံငါးပါး၌ ခံစားစိမ့်ဝင်ခြင်း မပြုရသော ရဟန်းဝိနည်းများကို စောင့်ထိန်းရတော့မည်ဖြစ်ကြောင်း မိမိကိုယ်တိုင် သတိပြုမိလာသည်။ ဤသို့သောအခြေအနေတွင် ချစ်သူထံမှ ပေးပို့လာသော နေရာထိုင်-ခင်းနှီးလေးနှင့် မှာစာခွေကို ရရှိလာသောအခါ နေ့စဉ်မပျက် ကျမ်းဂန်စာပေကျက်ခဲ့သောစာဝတ်သည် ပျက်ခဲ့ရတော့သည်။
မောင်မောက်အား သားကဲ့သို့ချစ်သည်ဟုဆိုသော အင်းဝရွှေနန်းရှင်ဘုရင် ဒုတိယမင်းခေါင်သည်လည်းကောင်း၊ ဖခင်ဖြစ်သော ဓမ္မပါလ ပညာရှိအမတ်ကြီးသည်လည်းကောင်း၊ ပညာသင်ကြား ပို့ချပေးသော သီဟိုဠ်ရောက်ဆရာတော်ကြီးသည်လည်းကောင်း၊ နောင်တော်လည်းဖြစ်၊ စာသင်ပေးသူလည်းဖြစ်သော ဝရစက္က ပါလမထေရ်သည်လည်းကောင်း ရှင်မဟာရဋ္ဌသာရအား ရဟန်းပညာရှိ စာဆိုအကျော်အမော်ဖြစ်စေချင်လှသည်။
ရဟန်းပျို ရှင်ရဋ္ဌသာရသည် အင်းဝနေပြည်တော်အရှေ့ရှိ ညောင်ပင်ကြီးသို့ သွားခဲ့ကြပြီး ညောင်စောင့်ရုက္ခစိုးထံတွင် မိဘများမသိအောင် တိတ်တိတ်ခိုး၍ စုလျားရစ်ပတ်လက်ထပ်သစ္စာဆိုထားခဲ့သော ချစ်သူလေးကို “နှမလက်လျှော့နေလေတော့” ဟု ချော့မော့ဖျောင်းဖျခဲ့ရတော့သည်။ ချစ်သူနှမလေးကမူ သက်ကြီးတိတ်ဆိတ် အိပ်သည့်အချိန်တိုင်အောင် မအိပ်နိုင်သေးဘဲ ချစ်သူမောင်မောက်နှင့် ပြန်လည်ဆုံစည်းရမည့်အချိန်ကို မျှော်လင့်စောင့်စားရင်း အသည်း နှလုံးများ ပူလောင်ဆူဝေနေလိမ့်မည်ဟု မြော်ရည်တွေးဆနေမိခဲ့ပါသည်။
ဤမျှလွမ်းမောဖွယ်ကောင်းလှသော ချစ်ဘဝကို
“ကျမ်းဂန်သိမြောက်၊ ပဉ္စင်းရောက်က
ထပ်လှောက်ကျင့်ဖွယ်၊ ရှေးသောနှယ်ကို
အဘယ်ကြိုးရှာပေတော့မည်” ဟူ၍လည်းကောင်း၊
“နှမလက်လျှော့၊ နေလေတော့ဟု
ချစ်ပေါ့မကြုံ၊ ညှိုးငယ်ပုံမျှ
ရှက်ဟုန်ကြွေကြုပ်၊ ချမင်းတုပ်သို့
စိတ်ချုပ်မပွင့်၊ ပျံ့လွင့်မေတ္တာ
ကရုဏာနှင့်၊ တဏှာလောဘ
ဒေါသမြှေးထူ၊ ရမ္မက်မြူကို
ဘယ်သူနှိုးရှာပေတော့မည်” ဟူ၍လည်းကောင်း၊
“ဒေသနိမိတ်၊ သက်ကြီးဆိတ်လည်း၊
မမှိတ်မျက်တောင်၊ သည်းခေါင်ဆူလည်
ရှိလိမ့်မည်ဟု၊ လွမ်းသည်ထပ်ဆင့်
ဖူးချိန်သင့်ကို
မျှော်လင့်ခိုးရှာပေတော့မည်” ဟူ၍လည်းကောင်း စိတ်ထိခိုက် ခံစားနေကြရသည်များကို နူးညံ့ချိုသာစွာ ဖွဲ့ဆိုခဲ့ပါသည်။
နစ်ဝင်ခံစားရစေသော “ပုရေနိသင်” ချီ ဤရတုသုံးပိုဒ်
အချစ်ရသ၊ အလွမ်းရသ၊ ကရုဏာရသများကို နစ်ဝင်ခံစားရစေသော “ပုရေနိသင်” ချီ ဤရတုသုံးပိုဒ်သည် စာဆို၏အလွမ်းဇာတ်နှင့် အလင်္ကာအဆင်တန်ဆာအဖွဲ့များ၊ အချစ်အလွမ်းစကားလုံးများ မျှသာမက ရတုအချများသည် သိမ်မွေ့ညီညာသောအမေးစကား ဟန်အဖွဲ့များဖြစ်ခြင်း၊ သံညင်းဗျည်းများကို အသုံးများခြင်း၊ သံပြေသံလေးများကို အသုံးများခြင်း၊ သက်သံတိုင်သံများကို သုံးသည့်အခါများတွင်လည်း သံပြေများနှင့် ချောမွေ့ပြေပြစ်စွာတွဲစပ်ရေးဖွဲ့ခြင်း၊ စသည်တို့ကြောင့် အသံစီးဆင်းပုံ၊ အသံအနိမ့်အမြင့် ပြေပြစ်ချောမွေ့သော အချစ်အလွမ်းရတုကဗျာအဖြစ် နှစ်သက်စွဲမက်ကြရပါသည်။
ရှင်မဟာရဋ္ဌသာရသည် ချစ်သံ၊ လွမ်းသံလွှမ်းသော ချစ်ရတု၊ လွမ်းရတုများကို ဖွဲ့ဆိုရာတွင်သာ ကဗျာသံ၊ စာသံ ချိုသာလှပသည် မဟုတ်ပါချေ။ မြန်မာစာပေတွင် အကောင်းဆုံး ဆုံးမစာပျို့တစ်စောင်အဖြစ် ထင်ရှားလှသော လက်သစ်တောင်တာချီ “ဂမ္ဘီသာရပျို့” မှ
“အစ်ကိုကြီးအား၊ ညီငယ်များလည်း
စကားနှုတ်ဆက်၊ ဖက်၍မဆို
ရိုသေလှစေ၊ ကိုကြီးအစ်မ
သည်နှစ်ဝကို၊ မိဘကဲ့သို့ မှတ်ပါလေ”
“တစ်ယောက်စကား၊ တစ်ယောက်နားမှာ
မခါးရအောင်၊ သတိဆောင်၍
မောင်တို့ဆိုလေ၊ ပျားသကာသို့ ချိုလှစေ”
“မှတ်ဖွယ်မှတ်ရာ၊ ထိုထိုစာကို
ရှာ၍မပြတ်၊ အိမ်တွင်ဖတ်။
ဖတ်ပြန်သော်ကား၊ ဖတ်ဖန်များက
သားမယားပင်၊ သိမြင်ကင်းကွာ
မလိမ္မာလည်း၊ စာပေစကား
နေ့တိုင်းကြားက၊ ထူးခြားလိမ္မာ
ရှိသည်သာတည့်”
အစရှိသော ဆုံးမစာကဗျာ ၃၁ ပုဒ်လုံးသည် အနက်အဓိပ္ပာယ်ပေါ်လွင် ရှင်းလင်းလှသောကြောင့် ပသာဒဂုဏ်မြောက်ရုံမျှသာမကဘဲ အဖွဲ့အစပ်ချောမွေ့ ချိုသာလှသောကြောင့် မြန်မာအမျိုးသားများ အနှစ်ငါးရာကျော်တိုင် လက်စွဲပြုရွတ်ဆိုဆောင်ထားကြသော လမ်းညွှန်ကျင့်ဝတ်ကဗျာများဖြစ်နေကြပါသည်။
စာဆို၏ ရွှေစက်တော်သွားတောလားမှ -
“တောင်ရိုက်ကုန်းဆင်း၊ ကုန်းကျင်းချောက်မြောင်
မြောက်တောင်မှိုင်းဝေ၊ သစ်ပင်တွေတွင်
ပင်ခြေကျင်းကျင်း၊ ပန်းအင်ကြင်းလည်း၊
ခက်ချင်းခိုက်ထိ၊ စောင်းကြိုးညှိသို့
နှမိနှမြော၊ လွမ်းဖွယ်ပေါစွ”
“တစ်ကုန်းဆင်းသက်၊ တစ်ကုန်းတက်၍
ပြိုင်နက်မြိုင်ကြော၊ တစ်တောထွက်ဝင်
တစ်တောမြင်က၊ တစ်ပင်ရိပ်နား
တစ်ပင်သွား၍၊ တောဖျားမြိုင်နက်
လမ်းချက်စူးစမ်း”
ဟူသောအဖွဲ့များတွင် အက္ခရာတူများ၊ အစုတူအက္ခရာများကို နီးစပ်စွာထား၍ “ကုန်းကျင်းချောက်မြောင်၊ မြောက်တောင်မှိုင်းဝေ” “ပင်ခြေကျင်းကျင်း၊ ပန်းအင်ကြင်း” “ခက်ချင်းခိုက်ထိ” “နှမိနှမြော” “တစ်ကုန်းဆင်းသက်၊ တစ်ကုန်းတက်၍” “တစ်တော ထွက်ဝင်၊ တစ်တောမြင်က၊ တစ်ပင်ရိပ်နား၊ တစ်ပင်သွား” စသည့် ဖွဲ့ဆိုခြင်းများဖြင့် ကဗျာ၏အသံအလှကို ဖန်တီးခဲ့ပါသည်။
ရသစာပေ၊ အလှစာပေ
ဘာသာစကား၏ အဆင့်အမြင့်ဆုံးပုံသဏ္ဌာန် (form) ဖြစ်သော ကဗျာသည် ရသစာပေ၊ အလှစာပေ ဖြစ်ပါသည်။ ကဗျာဖွဲ့ဆိုရာတွင် ကဗျာဖွဲ့ရသော ရည်ရွယ်ချက်၊ ကဗျာ့အကြောင်းအရာ၊ ကဗျာပါအချက် အလက်များ၊ ကဗျာဆရာ၏အတွေးအမြင်၊ ကဗျာအမျိုးအမည်ရွေးချယ် ပုံ၊ စကားလုံးရွေးချယ်သုံးစွဲမှု၊ စကားလုံးအတွဲအစပ်၊ အလင်္ကာဖန်တီးမှု စသည်တို့နှင့် ထပ်တူအရေးပါလှသည်မှာ “ကဗျာ၏အသံလှရခြင်း” ဖြစ်ပါသည်။
ရှင်မဟာရဋ္ဌသာရသည် မိမိဖွဲ့ဆိုသော ပျို့၊ မော်ကွန်း၊ တောလား၊ ရတု စသောကဗျာတို့ကို ချိုလွင်လှပစွာ ဖွဲ့ဆိုရုံမျှမက အသံချိုသာမှုကို အဓိကထားသော စိတ်ဝင်စားဖွယ်ရာကောင်းလှသည့် ရတုကဗျာ ပုံစံသစ်တို့ကိုလည်း တီထွင်ရေးဖွဲ့ခဲ့ပါသည်။
“ငါးဆူရွှေကြာ၊ နိမိတ်လာ၍
ငါးဖြာမြွှာလျက်၊ တစ်ပင်နက်ဝယ်
ငါးဆက်ဖူးငုံ၊ ပေါ်လတ်တုံက
ငါးစုံသင်္ကန်း၊ ကြိုင်ပျံ့မွှန်းကို
ငါးခန်းဘုံနေ၊ ယူတုံလေ၍” စသည်ဖြင့် “ငါး” ဟူသော စကားလုံးကို တစ်ပါဒခြား အာဒိအစထားပြီး ဖွဲ့ခဲ့သည်။ ဤဖွဲ့နည်းကို ပညာရှင်များက ပဒုမ္မာကြာဆိုနည်းဟု အမည်ပေးခဲ့ကြသည်။
“မြတ်မျိုးမြင့်မှန်၊ ကြင်ပေတန်၍
ရွယ်ရန်ရည်ရင့်၊ ဆင်တိုင်းတင့်သား
နတ်နှင့်နှုန်းနှန်း၊ ဝင်းငြိမ့်ရွှန်း၍
လှလွန်းလွန်လှည့်၊ ငါးကြန်ပြည့်ကို” ရတုတွင်မူ “မြတ်မျိုးမြင့်မှန်” “ရွယ်ရန်ရည်ရင့်” “နတ်နှင့်နှုန်းနှန်း” စသည့် အက္ခရာတူလေးလုံးတွဲများဖြင့် ပုလဲတစ်တန့် သန္တာတစ်တန့်ဖွဲ့ခဲ့သည်။
“ရွယ်ရန်ငွေ့၍၊ ရန်းလေ့ရာထိ
ရဲရဲညိမျှ၊ ရဝိကန္တ
ရတနသို့၊ ရူပနတ်ဆွယ်
ရွှန်းရွှန်းကယ်မျှ၊ ရွှေသွယ်ပြောက်ထိုး
ရွှေခါးကြိုးနှင့်” တွင် ‘ရ’ အက္ခရာတစ်လုံးတည်းကို ပါဒတိုင်းတွင် ထည့်သွင်းဖွဲ့ဆိုခဲ့သည်ကို တွေ့ရှိရပါသည်။ ဤရတုဖွဲ့နည်းကို မုတ္တာ ရွဲသီရေးနည်းဟူ၍ အမည်ပေးထားပါသည်။
ကဗျာ၏အသံအလှကို ဦးစားပေးပြီး တီထွင်ဖွဲ့ဆိုခဲ့သောစာဆိုကြီး၏ ဤရတုများသည် အနက်အဓိပ္ပာယ်လည်းပြည့်ဝ၊ ကာရန်အသံလည်း မပျက်၊ ကျစ်လျစ်သိပ်သည်းမှုလည်းရှိ၊ အက္ခရာတူ အသံတူစကားလုံး များကို နီးကပ်စွာဖွဲ့ထားခြင်းကြောင့် အလင်္ကာကျမ်းအလိုအရ ချိုသာသော မဓုရတာဂုဏ်မြောက်သောအဖွဲ့များဖြစ်ပါသည်။
ကဗျာသည် ရွတ်ဆိုရသော စာပေအမျိုးအစားဖြစ်သောကြောင့် ရှေးမြန်မာမင်းများလက်ထက်တွင် ရွှေနန်းတော်တွင်လည်းကောင်း၊ ဘုန်းကြီးကျောင်းပရိဝုဏ် တို့တွင်လည်းကောင်း၊ ရပ်ထဲရွာထဲတွင် လည်းကောင်း၊ စာဆိုများ၊ စာတော်ဖတ်များ၊ စာရွတ်ကျွမ်းကျင်သူများသည် ကဗျာများစာများကို ရွတ်ဆိုကြပါသည်။ စာနာသောပရိသတ်က ဝိုင်းရံနားထောင်ကြပြီး စာ၏သုတနှင့် ရသအလှများကို ခံစားရယူကြပါသည်။
အင်းဝဘုရင် ဒုတိယမင်းခေါင်လက်ထက် ရွှေနန်းတော်ရင်ပြင်၌ ကျင်းပသော တစ်ခုသောစာပွဲသဘင်တွင် ရှင်မဟာသီလဝံသနှင့် ရှင်မဟာရဋ္ဌသာရသည် မိမိတို့ရေးဖွဲ့သော ပျို့ကဗျာလင်္ကာများကို တင်သွင်းကာ စာပြိုင်ဆိုခဲ့ကြသည်။ ရှင်မဟာသီလဝံသ၏ ပါရမီတော် ခန်းပျို့နှင့် ဆုတောင်းခန်းပျို့၊ ရှင်မဟာရဋ္ဌသာရ၏ ဘူရိဒတ်ဇာတ်ပေါင်း ပျို့တို့ကို ဖတ်နာပြီးသောအခါ ဒုတိယမင်းခေါင်က “တောင်တွင်း ဆရာတော်၏ စာတို့သည် စည်ကြီးသံကဲ့သို့ ရှိပေသည်။ နေပြည်တော် ဆရာတော်၏စာမှာ တူရိယာငါးပါးကို တစ်ပြိုင်နက်တီးသကဲ့သို့ ရှိပေသည်” ဟု မှတ်ချက်ချခဲ့ပါသည်။
ဘုရင်မင်းခေါင်၏ မှတ်ချက်နှင့်ညီစွာပင် တူရိယာငါးပါးကို တစ်ပြိုင်နက်တီးခတ်လိုက်သော တေးဂီတသံသာကဲ့သို့ သိမ်မွေ့ချိုလွင်သည့် ဂန္ထဝင်မြောက်ပျို့ မော်ကွန်းကဗျာကြီးများ၊ စကားလုံးအသံ ဖွဲ့စပ်ပုံဆန်းသစ်သော ရတုကဗျာများစွာတို့ကို အင်းဝခေတ် နေပြည်တော်စာဆိုတော်ကြီး ရှင်မဟာရဋ္ဌသာရသည် လှပစွာတီထွင် ဖန်တီးခဲ့သူဖြစ်ပါသည်။
ဂန္ထဝင်မြောက်လှသော ကဗျာကျမ်းများ၊ စောင်းညှင်းသံပမာ ချိုသာနူးညံ့သော ကဗျာအဖွဲ့များဖြင့် မြန်မာစာပေကို ကျေးဇူးပြုခဲ့သည့် စာဆိုပညာရှင်ကြီး ရှင်မဟာရဋ္ဌသာရအား ဆရာတော်ကြီး၏ သက်တော် (၅၅၅) နှစ်ပြည့်မြောက်သည့် ဤနှစ် ဤအခါ ဤကာလတွင် ဤစာတစ်ပုဒ်၊ ပန်းတစ်ဆုပ်ဖြင့် ရိုသေလေးမြတ်စွာဦးခိုက်ပူဇော် လိုက်ပါသည်။ ။