ဆောမြို့နယ် အညာပန်းပလွန်းကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးရေး အစီအစဉ်အကြောင်း အသိပေး ဆွေးနွေး

ဆော ၁၆ ဇန်နဝါရီ 


ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြု စီမံကိန်းက အညာပန်းပလွန်း ကျေးရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော စီမံကိန်း ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ကျေးရွာဖွံ့ဖြိုးရေး အစီအစဉ်အကြောင်း အသိပေးဆွေးနွေးပွဲကို အညာပန်းပလွန်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြုလုပ်သည်။ 


အစည်းအဝေးတွင် လူထုဗဟိုပြုစီမံကိန်းမှ လူထုစည်းရုံးရေးမှူး ဦးကျော်စွာဝင်းနှင့် လက်ထောက် နည်းပညာမှူး ဦးဖြိုးဝင်းကျော် တို့က စီမံကိန်းလုပ်ငန်းခွဲများနှင့် ပတ်သက်၍ ရှင်းလင်းကြပြီး တက်ရောက်လာကြသည့် အညာပန်းပလွန်း ကျေးရွာမှ ကျေးရွာသူ၊ ကျေးရွာသားများ၏ တင်ပြချက်များကို ပြန်လည်ဖြေကြား ဆွေးနွေးကြသည်။ 


အညာပန်းပလွန်းကျေးရွာသည် လူထုဗဟိုပြုစီမံကိန်း တတိယနှစ် စက်ဝန်းအတွက် စီမံကိန်းရံပုံငွေ ကျပ်သိန်း ၂၄၀ ရရှိခဲ့ပြီး လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ရေးအတွက် ဆောင်ရွက်ကြမည်ဖြစ်ကာ  လုပ်ငန်းပြီးစီးပါက ကျေးရွာနေအိမ်ခြေ ၁၁၉ အိမ်မှ လူဦးရေ ၅၆၂ ဦးတို့ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်မည်ဖြစ်ကြောင်း ဆောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။ 


MDN