ဆေးလိပ်၊ ဆေးရွက်ကြီးထိန်းသိမ်းမှု စက်ဝိုင်း

mdn

သတင်းဆောင်းပါး - ဒေါက်တာဖုန်းမြင့်

 

ဩဂုတ် ၄၊ ၂၀၁၉ဆေးလိပ်၊ ဆေးရွက်ကြီး ထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ဆေးရွက်ကြီး စိုက်ပျိုးခြင်းမှ သုံးစွဲခြင်း၊ စွန့်ပစ်ခြင်း စသည့် အဆင့်အသီးသီးပါဝင်သည့် ဖြစ်စဉ်တစ်လျှောက်ကို သိနားလည်ထားပြီး အဆိုပါ အဆင့်များနှင့် လိုက်လျောညီထွေမှုရှိသည့်ထိန်းချုပ်မှုလုပ်ငန်းများ ဆောင်ရွက်ရန်အရေးကြီးပါသည်။

 

ဆေးရွက်ကြီးမှ ဆေးလိပ်အထိ စိုက်ပျိုး၊ ထုတ်လုပ်၊ ထုပ်ပိုး၊ ဈေးကွက်တင်၊ ရောင်းချ၊ သုံးစွဲခြင်း လုပ်ငန်းအဆင့်ဆင့်တို့သည် ကျယ်ပြန့်ရှုပ်ထွေးလှသည်ဖြစ်ပြီး ဆေးလိပ်ထုတ်လုပ်သူများသည် ဆေးရွက်ကြီး၊ ဆေးလိပ်ထိန်းသိမ်းမှုလုပ်ငန်းများအပေါ် ပြန်လည်တုံ့ပြန်မှုပြုနိုင်ရန် အဆင့်အလိုက် ဗျူဟာများ ချမှတ်ဆောင်ရွက်တတ်သည်ဖြစ်ရာ ဆေးလိပ်၊ ဆေးရွက်ကြီး ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆိုပါလုပ်ငန်းအဆင့်များကိုသိရှိပြီး လိုအပ်သည့် ထိန်းသိမ်းမှုလုပ်ငန်းများကို ဆိုင်ရာအဆင့်နှင့် လျော်ညီစွာ ဆောင်ရွက်နိုင်ပါက လုပ်ငန်းများပိုမိုအောင်မြင်နိုင်မည် ဖြစ်ပါသည်။

 

အဆိုပါအဆင့်များမှာ 
-  စိုက်ပျိုးခြင်း (Growing)၊ 
- ထုတ်လုပ်ခြင်း (Manufacturing)၊ 
- ထုပ်ပိုး၊ တံဆိပ်တပ်ခြင်း (Packaging and Labeling)၊
 - ဈေးကွက်တင်ခြင်း (Marketing)၊
 - အခွန်မူဝါဒများ (Tax Policies)၊ 
ဆိုင်တင်ရောင်းချခြင်း (Point of Purchase)၊ 
- သုံးစွဲခြင်း (Product use)၊ 
- စွန့်ပစ်ခြင်း (Disposal)  တို့ဖြစ်သည်။

 

စိုက်ပျိုးခြင်း

 

အစိုးရအနေဖြင့် ဆေးရွက်ကြီး စိုက်ပျိုးသူတောင်သူများအတွက် ဆေးရွက်ကြီး အစားထိုးစိုက်ပျိုးရေး လုပ်ငန်းများ လုပ်နိုင်ရန် လိုအပ်သည့်သင်ကြားမှုများဖြင့်ကျွမ်းကျင်မှုများရစေခြင်း၊ ထွက်လာသည့် ပစ္စည်းများအတွက် သယ်ယူပို့ဆောင်ရေးအစီအစဉ်ရှိစေခြင်း၊ ဈေးကွက်အာမခံမှုရှိစေခြင်း တို့ကို ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။ အထူးသဖြင့် ဆေးလိပ်ထုတ်လုပ်သူများသည်ဆေးလိပ်၊ ဆေးရွက် ကြီးထိန်းသိမ်းခြင်း လုပ်ငန်းများကြောင့် ဆေးရွက်ကြီးစိုက်တောင်သူများ၊ အလုပ်လက်မဲ့ဖြစ်စေ ကြောင်း၊ ဝင်ငွေထိခိုက်စေကြောင်းစသည့် အကြောင်း ပြချက်များဖြင့် အဆိုပါတောင်သူများက အင်အားကိုရယူကာ အစိုးရ၏ ဆေးလိပ်၊ ဆေးရွက်ကြီး ထိန်းသိမ်းခြင်းလုပ်ငန်းများကိုတစ်နည်းတစ်ဖုံ တန်ပြန်လေ့ရှိကြသဖြင့် မိမိတို့၏ ဆေးလိပ်၊ ဆေးရွက်ကြီးထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆေးရွက် ကြီးစိုက် တောင်သူများက ဆန့်ကျင်ခြင်းများပြုလုပ်ခြင်းမှ ကာကွယ်နိုင်ရန် လိုအပ်ပါသည်။

 

ထုတ်လုပ်ခြင်း

 

မိမိတို့၏ ထုတ်ကုန်များကို သုံးစွဲသူများ စွဲမက်၊ စွဲလမ်းစေရန် အလို့ငှာ ဆေးလိပ်လုပ်ငန်းရှင်ကြီးများက အနံ့၊ အရသာကောင်း မွန်အောင် နီကိုတင်းကို ခန္ဓာကိုယ်အတွင်း စုပ်ယူမှု မြန်ဆန်လွယ်ကူစေရန် ထပ်ဆောင်း ပစ္စည်းများ ထပ်ထည့်တတ်ပါသည်။ ထိုသို့မပြုလုပ်နိုင်ရန် ထုတ်လုပ်မှုအဆင့်တွင် တားဆီးထားရပါမည်။

 

ထုပ်ပိုးခြင်းနှင့် တံဆိပ်တပ်ခြင်း

 

ဆေးရွက်ကြီးထွက်ပစ္စည်းများကို ဆွဲဆောင်မှုကောင်းမွန်အောင် ဆောင်ရွက်နိုင်ခြင်း မရှိစေရေး အတွက် ရိုးရှင်းပြီး ဆွဲဆောင်မှုမရှိစေမည့် ထုပ်ပိုးတံဆိပ်တပ်ဆင်မှုများ ပြုလုပ်စေရပါမည်။

 

ဈေးကွက်တင်ခြင်း

 

ဤအဆင့်တွင် ထုတ်လုပ်သူများသည်ဈေးကွက်ပိုမိုရယူနိုင်ရန်အတွက် ကြော်ငြာခြင်း၊ အရောင်း မြှင့်တင်ခြင်း၊ မိမိတို့၏ ထုတ်ကုန်၊ မိမိတို့၏ လုပ်ငန်းအပေါ် ပုံရိပ်နှင့်အထင်အမြင်ကောင်းရယူနိုင်ရေး အတွက် အားကစား အပါအဝင် လုပ်ငန်းများတွင် ပံ့ပိုးခြင်း၊ လှူဒါန်းခြင်းများ ပြုလုပ်တတ်သဖြင့် ထိုသို့မပြုလုပ်နိုင်ရန် တားဆီးရပါမည်။

 

အခွန်မူဝါဒများ

 

ဆေးရွက်ကြီးထွက်ပစ္စည်းမှန်သမျှ ဈေးနှုန်း မြင့်သည်နှင့်အမျှ သုံးစွဲမှုများကိုလည်း ကျဆင်းစေသည့် အထောက်အထားများ ရှိပါသည်။ အဆိုပါ ပစ္စည်းဈေးနှုန်းမြင့်မားလာရန်အတွက် ယစ်မျိုးအခွန် အပါအဝင် အခွန်နှုန်းများကို မြှင့်တင်ရပါမည်။ ထိုသို့မြှင့်တင်ပေးပြီး လူတစ်ဦးချင်းဝင်ငွေ၊ ငွေကြေးဖောင်းပ နှုန်းများကိုလည်း အစဉ်တစိုက် စောင့်ကြည့်နေကာ သုံးစွဲသူများ ဆေးရွက်ကြီး ထွက်ပစ္စည်းများကို လက်လှမ်းမမီစေရေးအတွက်အခွန်နှုန်းများကို လိုအပ်သလို အမြဲပြင်ဆင်မြှင့်တင် ပေးနေရပါမည်။

 

ဆိုင်တင်ရောင်းချခြင်း

 

ဆေးလိပ်လွယ်လင့်တကူဝယ်ယူနိုင်မှုမရှိစေရေးအတွက် ဆိုင်တင်ရောင်းချသည့်နေရာတွင် ဆေးလိပ် ရောင်းချကြောင်း အလွယ်တကူသိရှိစေရန် ထင်ထင်ပေါ်ပေါ် ပြထားခြင်းများကို တားမြစ်ရပါမည်။

 

သုံးစွဲခြင်း

 

ဆေးလိပ် မသောက်သော်လည်း တစ်ဆင့်ခံဆေးလိပ်ငွေ့၊ ဆေးကြွင်းဆေးကျန်များမှတစ်ဆင့် ကျန်းမာရေးအပေါ် ဆိုးကျိုးများ သက်ရောက်နိုင်သဖြင့် ထိုသူတို့ကာကွယ်ရန်အတွက် ဆေးလိပ် သောက်ခြင်းကို ကန့်သတ်တားဆီးသည့် ဆေးလိပ်ငွေ့ကင်းမဲ့နေရာများ သတ်မှတ်ပေးရပါမည်။

 

စွန့်ပစ်ခြင်း

 

ဆေးလိပ်ထုတ်လုပ်မှု လုပ်ငန်းအဆင့်ဆင့်မှ ဖြစ်ပေါ်လာသည့် စွန့်ပစ်ပစ္စည်းများကြောင့် ပတ်ဝန်းကျင်အပေါ် ဆိုးကျိုးမရောက်စေရန် ကာကွယ်ရှင်းလင်းသည့်လုပ်ငန်းများအတွက် ကုန်ကျ စရိတ်ကို ဆေးလိပ်၊ ဆေး ရွက်ကြီးလုပ်ငန်းရှင်များက ကျခံစေရပါမည်။

 

အချုပ်အားဖြင့်ဆိုရသော် ဆေးလိပ်၊ ဆေးရွက်ကြီးသုံးစွဲမှု ထိန်းသိမ်းခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ဆေးလိပ်၊ ဆေးရွက်ကြီး သုံးစွဲမှုကြောင့်ရရှိမည့် ကျန်းမာရေးဆိုးကျိုးများမှ ကာကွယ်နိုင်ရန်အတွက် ဆေးလိပ်၊ ဆေးရွက်ကြီး အစပြုမသုံးစွဲစေရေး၊ သုံးစွဲနေ သူများကိုလည်း အချိန်မီရပ်တန့်စေရေး၊ ဆေး လိပ်မသောက်သူများကိုလည်း တစ်ဆင့်ခံဆေးလိပ်ငွေ့၊ ဆေးကြွင်းဆေးကျန်များမှတစ်ဆင့် ကျန်းမာရေးမထိခိုက်စေရေးတို့ကိုဦးတည်ဆောင်ရွက်နေခြင်းဖြစ်ပါသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ဆေးလိပ်၊ ဆေးရွက်ကြီးထွက် ပစ္စည်းအခွန်တိုးမြှင့်ကောက်ခံခြင်းဖြင့် အဆိုပါပစ္စည်းများကိုဈေးနှုန်းကြီးမားစေပြီး အထူးသဖြင့် လူငယ်လူရွယ်များတွင် အစပြုသုံးစွဲခြင်းကို တားဆီး ရန်ဖြစ်ပါသည်။ ဈေးနှုန်းမြှင့်တင်ခြင်းဖြင့်အလွယ်တကူ လက်လှမ်းမမီစေသည်သာမက ဆေးလိပ်၊ ဆေးရွက်ကြီး ပစ္စည်းထုတ်လုပ်သူများက မိမိတို့ပစ္စည်း အရောင်းတွင်ကျယ်စေရေးအတွက် ဈေးကွက်ဗျူဟာများဖြစ်သည့် ဆွဲဆောင်မှုရှိစေခြင်း၊ အရောင်းမြှင့်တင်ခြင်း အပါအဝင် လုပ်ငန်းများ မဆောင်ရွက်နိုင်အောင် တားဆီးရန်လိုအပ်ပါသည်။ ထိုနည်းတူ ဆိုင်တင်ရောင်းချသည့်နေရာများ တွင်လည်း လွယ်လင့်တကူ ဝယ်ယူမှုမရရှိစေခြင်းဖြင့် ဆေးလိပ်သောက်သုံးခြင်းကို အဟန့်အတား ဖြစ်စေသည့် လုပ်ငန်းများလည်း ဆောင်ရွက်ရမည်ဖြစ်ပါသည်။ ဆေးလိပ်၊ ဆေးရွက်ကြီး ထုတ်လုပ်ရောင်းချမှုသည်အမြတ်ငွေ လွန်စွာရရှိသည့်လုပ်ငန်းဖြစ်ရာ ထုတ်လုပ်သူများကလည်း မိမိတို့အကျိုးစီးပွား မထိခိုက်စေရေးအတွက် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်သည်သာမက ထိန်းသိမ်း ခြင်း လုပ်ငန်းဆိုင်ရာဥပဒေများ၏ အားနည်းချက်များအပေါ် အမြတ်ထုတ်နိုင်ရန်၊ သုံးစွဲသူများ၊ မူဝါဒချမှတ်သူများကိုလည်း လှည့်စား နိုင်ရန်၊ ဥပဒေဆိုင်ရာ ပံ့ပိုးသူများ၊ သုတေသီများအပါအဝင် သိပ္ပံပညာရှင်များ၏ အင်အား ကိုလည်း ရယူဆောင်ရွက်နေသည်ဖြစ်ရာ အစိုးရအနေဖြင့် ဆေးလိပ်၊ ဆေးရွက်ကြီး ထိန်းသိမ်းရေးလုပ်ငန်းများကို ဘက်စုံပြီးပြည့်စုံမှုရှိစေရန် (Comprehensiveness) နှင့်ဌာနစုံ၊ အဖွဲ့အစည်းစုံ ပူးပေါင်းပါဝင်မှုရရှိရန် (Collaboration) အားပြုဆောင်ရွက်ရမည်ဖြစ်ပါ သည်။

 

ရည်ညွှန်း


Drope J, Schluger N, Cahn Z, Hamil S, Islami.F, Liber A, Nargis N, Stoklosa M 2018, The Tobacco Atlas, Atlanta American Cancer Society and Vital Strategies.