ဆေးလိပ်ငွေ့ကင်းစင်သော လုပ်ငန်းခွင်များမှသည်

mdn

သတင်းဆောင်းပါး -  ဖေနှင်းငွေ

 

ဆေးလိပ်သည် မြန်မာ့ယဉ်ကျေးမှုနယ်ပယ်တွင် ရှေးနှစ်ပေါင်းများစွာမှစ၍ အိမ်ဦးခန်းတွင်ရှိခဲ့သည်။ ဧည့်သည်များအား ဧည့်ခံရာတွင် ကွမ်း၊ ဆေးလိပ်၊ လက်ဖက်တို့သည် ရိုးရာအစဉ်အလာ ယဉ်ကျေးမှုတစ်ခု ဖြစ်ခဲ့သည်။ ဘိုးဘွား၊ မိဘများက လူငယ်များကို ဆေးလိပ်မီးညှိခိုင်းခြင်း၊ ဆေးလိပ်ဝယ်ခိုင်းခြင်းတို့ဖြင့် ငယ်စဉ်မှစ၍ ဆေးလိပ်နှင့်ရင်းနှီးကျွမ်းဝင်ခဲ့ကြရသည်။ မြန်မာနိုင်ငံတွင် သက္ကရာဇ် ၉၉၁ ခုနှစ် သာလွန်မင်း တရားကြီးလက်ထက်မှစ၍ ဆေးလိပ်သောက်သုံးမှု စတင်ခဲ့ကြောင်း မှတ်တမ်းများအရ သိရှိရသည်။

 

၂၀၁၄ ခုနှစ် သုတေသန စစ်တမ်းများအရ မြန်မာနိုင်ငံတွင် အရွယ်ရောက်ပြီး အမျိုးသား ၄၃ ဒသမ ၈ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၈ ဒသမ ၄ ရာခိုင်နှုန်းသည် လတ်တလော ဆေးလိပ်သောက်နေသူများ ဖြစ်ကြသည်။ ထိုအထဲမှ အမျိုးသား ၃၁ ဒသမ ၁ ရာခိုင်နှုန်း၊ အမျိုးသမီး ၄၆ ရာခိုင်နှုန်းသည် မိမိတို့အိမ်များတွင်လည်းကောင်း၊ အမျိုးသား ၃၁ ဒသမ ၈ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၂၃ ဒသမ ၆ ရာခိုင်နှုန်းသည် လုပ်ငန်းခွင်များတွင်လည်း ကောင်း၊ အမျိုးသား ၆၂ ဒသမ၂ရာခိုင်နှုန်းနှင့် အမျိုးသမီး ၂၄ ဒသမ ၁ ရာခိုင်နှုန်းသည် ကွမ်းယာနှင့် ဆေးရွက် ကြီးထွက်ပစ္စည်းများကို တွဲဖက်သုံးစွဲနေကြသည်ဟု ဆိုသည်။

 

ဆေးလိပ်၏ အခိုးအငွေ့များတွင် ဓာတ်ပစ္စည်း အမျိုးပေါင်း ၄၀၀၀ ခန့်ပါဝင်သည်။ ၎င်းတို့ထဲတွင်လူကို အန္တရာယ်ဖြစ်စေနိုင်သော ဓာတ်ပစ္စည်းများဖြစ်ကြသည့် ကတ္တရာ၊ နီကိုတင်းဓာတ်၊ ကာဗွန်ဒိုင်အောက်ဆိုက်၊ ဘင်ဇင်း၊ အမိုးနီးယားဓာတ်များစွာ ပါဝင်ပြီး အလွန် အဆိပ်ပြင်းသည့် ဆိုင်ယာနိုက်ဓာတ် အနည်းငယ်မျှ ပါဝင်သည်။ အဓိကပါဝင်သော ဓာတ်ပစ္စည်းမှာ နီကိုတင်း ဓာတ်ဖြစ်၍ နီကိုတင်းဓာတ်သည် ဆေးလိပ်ကို ရှိုက်၍ ရှူသူများ၏ အဆုတ်ထဲသို့ ၉၀ ရာခိုင်နှုန်းခန့်ဝင်ပြီး သာမန်ဆေးလိပ်ကို ဖွာပြီးမရှိုက်သောသူများ၏အဆုတ် ထဲသို့ ၁၀ ရာခိုင်နှုန်းခန့် ဝင်ရောက်ပါသည်။

 

စွဲလမ်းစေတတ်သောနီကိုတင်း

 

ဆေးလိပ်ကို ရှူရှိုက်ရရာတွင် နီကိုတင်းဓာတ်သည် သွေးထဲသို့ ချက်ချင်းရောက်ရှိသွားပြီး ဆေးလိပ်သောက် ရှူသူကို မူးယစ်စေသည့်အပြင် စွဲလမ်းစေတတ်ပြီး လူသားတို့အတွက်ကြောက်စရာကောင်းသော အဆိပ်ကို ဖြစ်စေပါသည်။ ဆေးလိပ်တစ်လိပ်တွင် Nicotine-1mg ပါဝင်ပါသည်။ ထို Nicotine ပမာဏသည် တစ်ကြိမ်တည်း သွေးထဲသို့ ထိုးသွင်းလိုက်ပါက လူကိုသေစေနိုင်ပါသည်။ ထို့အပြင် နီကိုတင်းသုံးစွဲမှုသည် လတ်တလော အကျိုးဆက်အနေဖြင့် နှလုံးခုန်မြန်ခြင်း၊ သွေးပေါင်ချိန် မြင့်တက်ခြင်း၊ နှလုံးသွေးစီးဆင်း မှုများခြင်း၊ သွေးကြော များကျဉ်းစေခြင်း စသည်တို့လည်း ဖြစ်စေနိုင်သည်။

 

ထို့အပြင် ဆေးလိပ်ငွေ့တွင်ပါဝင်သော အခြားဓာတ်များကြောင့်လည်း သွေးထဲတွင် ကာဗွန်မိုနောက်ဆိုက် မြင့်တက်ခြင်းကြောင့် အောက်ဆီဂျင်လျော့နည်းစေခြင်း၊ အဆီဓာတ်၊ သကြားဓာတ်ကော်တီစောနှင့် ဟော်မုန်း ဓာတ်များ သွေးထဲတွင်များလာခြင်း၊ သွေးကြောများ ပိုမိုမာကြောစေခြင်းနှင့် သွေးခဲစေခြင်းတို့ကြောင့် နှလုံးရောဂါနှင့် လေဖြတ်စေခြင်း၊ ကင်ဆာရောဂါများ ပိုမို ဖြစ်ပွားစေခြင်းများလည်း ဖြစ်ပေါ်လာနိုင်ပါသေးသည်။

ယနေ့ခေတ်ကာလတွင် ကမ္ဘာနှင့်အဝန်း ဆေးလိပ် သောက်သုံးမှုသည် လူငယ်၊ လူကြီး၊ အမျိုးသား အမျိုးသမီးတို့၌ ကူးစက်ရောဂါအသွင်တစ်ခုကဲ့သို့ ကူးစက်ပျံ့နှံ့ လျက်ရှိနေသည်။ အထူးသဖြင့် ဖွံ့ဖြိုးပြီး နိုင်ငံများထက် ဖွံ့ဖြိုးဆဲနိုင်ငံများ၌ ဆေးလိပ်သောက် သုံးမှု ပိုမိုများကြောင်း လေ့လာဆန်းစစ်မှုများအရ သိရသည်။ ကမ္ဘာပေါ်တွင် ဆေးလိပ်သောက်သုံးမှု ၈၂ ရာခိုင်နှုန်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများမှဖြစ်ကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ထားပါသည်။

 

ဆေးလိပ်သောက်သုံးသည့်အလေ့အထများကြောင့် နှလုံးသွေးကြောကျဉ်းခြင်း၊ ရုတ်တရက်နှလုံးသွေးရပ်ခြင်း၊ လေဖြတ်ခြင်း၊ အဆုတ်ပြွန်ရောင်ခြင်း၊ အဆုတ်ကင်ဆာဖြစ်ခြင်းနှင့် ပါးစပ်၊ လျှာ၊ အစာပြွန်၊ လေမျိုး၊  ဆီးအိမ်ကင်ဆာများဖြစ်စေပြီး အသက်သေဆုံးသည် အထိ အန္တရာယ်ပေးနိုင်သည်။ အထူးသဖြင့် အမျိုးသား များတွင် ဆေးလိပ်သောက်ခြင်းကြောင့် အသက်ရှူ မဝခြင်း၊ သားသမီးမရနိုင်ခြင်း(Infertility)၊ အိမ်ထောင် ရေးသုခအပြည့်အဝမခံစားနိုင်ခြင်း (Impotency) တို့ ဖြစ်စေနိုင်ပါသည်။ အမျိုးသမီးများတွင် ကိုယ်ဝန်ဆောင် ချိန် ကိုယ်ဝန်ပျက်ကျခြင်း၊ ပေါင်ချိန်မပြည့်သောကလေး မှာမွေးဖွားခြင်း၊ တစ်နှစ်အောက်ကလေး သေဆုံးခြင်း၊ ဉာဏ်ရည်မမီသော ကလေးများမွေးဖွားခြင်းတို့ ဖြစ်စေနိုင် ပြီး ဆေးလိပ်ငွေ့ရှူရှိုက်ရသော ကလေးများအနေဖြင့် ရင်ကျပ်ရောဂါ၊ လေပြွန်ရောင်ရောဂါတို့ ဖြစ်ကြသဖြင့် မိခင်နှင့် ကလေးငယ်များအတွက် အလွန်ပင် အန္တရယ် ကြီးမားလှသည်။

 

အထူးသဖြင့် လေဝင်လေထွက်မကောင်းသည့် အခန်း များ အလုံပိတ်အဆောက်အအုံများ၌ ဆေးလိပ်သောက်သုံး ပါက ဆေးလိပ်ငွေ့များသည် အခန်းအတွင်းရှိလေထုထဲ၌ ပျံ့နှံ့သွားပြီး ပတ်ဝန်းကျင်ရှိ ဆေးလိပ်ငွေ့ ရှူရှိုက်ရသူများ ကိုပါဘေဥပဒ်များဖြစ်စေသောကြောင့် ဆေးလိပ်သောက် သူများအနေဖြင့် ဆင်ခြင်သင့်ပါသည်။ ထို့အတူ ဆေးရုံများ၊ စာသင်ကျောင်းများ၊ ရုံးဌာနများ၊ ဘတ်စ်ကားမှတ်တိုင်များ၊ ဘူတာရုံများနှင့် မီးရထား၊ မော်တော်ကား၊ သင်္ဘော စသည့်လူအများ စုဝေးအသုံးပြုရာနေရာများ၌ ဆေးလိပ်သောက်သုံးခြင်းသည် အနီးပတ်ဝန်းကျင်ရှိ လူများအား မိမိဆေးလိပ်ငွေ့သည် အန္တရာယ်ဖြစ်စေသည့်အတွက် ကျန်းမာရေးသတိ၊ လူမှုရေးအသိတို့ဖြင့် အထူးဆင်ခြင် ရှောင်ရှားသင့်ပါပေသည်။ ထို့အပြင် ဆေးရုံကဲ့သို့သော  နေရာများ၌ ဆေးလိပ်သောက်သုံးခြင်းသည် လူနာများအား |ထိခိုက်နစ်နစေရုံသာမက အောက်ဆီဂျင်ပိုက်လိုင်းများရှိ သည့် လူနာခန်းများ၌ ဆေးလိပ်သောက်မိလျှင် မီးဘေးအန္တရာယ်ကိုပင် ကျရောက်စေနိုင်ပါသည်။

 

လုပ်ငန်းခွင်ဆေးလိပ်မသောက်ရေး

 

ထို့အတွက်ကြောင့်ဆေးလိပ်သောက်ခြင်း၊ ဆေးရွက်ကြီးကို နည်းအမျိုးမျိုးဖြင့် သုံးစွဲခြင်းတို့သည် လူကိုသေ စေနိုင်သည်အထိ အန္တရာယ်ရှိကြောင်းကို ယခုအခါ တစ်ကမ္ဘာလုံးက သိရှိလခဲ့ပြီးဖြစ်သည်။ ထို့အပြင် စက်မှု ဖွံ့ဖြိုးတိုးတက်သော နိုင်ငံများတွင် လုပ်ငန်းခွင်အတွင်း ဆေးလိပ်မသောက်သုံးရေး စီမံချက်များကို အရှိန် အဟုန်ဖြင့် လုပ်ဆောင်နေကြပြီလည်း ဖြစ်သည်။ လုပ်ငန်းခွင်အတွင်း ဆေးလိပ်မသောက်ရေးစီမံချက်ကို လုပ်ငန်း ရှင်များက ဦးဆောင်ပြီး လုပ်သားများကလည်း စိတ်ရောကိုယ်ပါ အင်တိုက်အားတိုက်ပါဝင်၍ လိုက်နာ ဆောင်ရွက်ကြကြောင်း သိရှိရသည်။

သို့သော်လည်း လုပ်ငန်းခွင်အတွင်း ဆေးလိပ်မသောက် ရေးစီမံချက်တွင် အထူးဂရုပြုရမည်မှာ လုပ်သားများ အနေဖြင့် မိမိတို့၏ ကိုယ်ပိုင်အခွင့်အရေးတစ်ခုဖြစ်သည့် ဆေးလိပ်သောက်ခွင့်ကို လုပ်ငန်းရှင်များက အတင်းအကျပ် တားဆီးပိတ်ပင်သည်ဟု ထင်မြင်ယူဆကာ ဆေးလိပ် မသောက်ရေး စီမံချက်ကို အတိုက်အခံပြု ဆန့်ကျင်လာနိုင်သည့် အချက်ဖြစ်သည်။ လုပ်ငန်းခွင်အတွင်း ဆေးလိပ်မသောက်ရေးအတွက် ဆေးလိပ် သောက်ခြင်းနှင့် ကျန်းမာရေးဆက်နွယ်ပုံကို လုပ်သားများကိုယ်တိုင် နလည်သဘောပေါက်လာစေရန် လုပ်သားထုအတွင်း အချင်းချင်း စည်းရုံးလှုံ့ဆော်ခြင်း၊ အသိပညာပေးခြင်း နည်းလမ်းဖြင့် ဆောင်ရွက်ခြင်းကသာ ပိုမိုထိရောက် အောင်မြင်စေနိုင်သည်။

 

ဆေးလိပ်မသောက်ခြင်းဖြင့် လုပ်သားများ၏ ကျန်းမာရေးအဆင့် မြင့်မားလာနိုင်ပြီး လုပ်ငန်းရှင်များ အနေဖြင့်လည်း ဆေးလိပ်သောက်ခြင်းနှင့် ဆက်နွယ်၍ ဖြစ်ပွားတတ်သော ရောဂါများအတွက် ဆေးဝါးကုသမှု ကုန်ကျစရိတ်များ လျော့နည်းသွားမည် ဖြစ်ပါသည်။ အလုပ်လုပ်သော လုပ်သားတိုင်းသည် လုပ်ငန်းခွင်တွင် ပျမ်းမျှအားဖြင့် နေ့စဉ်၁၂ နာရီခန့် အချိန်ကုန်ကြရပါသည်။

 

လုပ်ငန်းခွင်အတွင်း စီမံခန့်ခွဲရေးနှင့် ထုတ်လုပ်ရေးပိုင်းမှ တာဝန်ရှိသူများက စံပြရှေ့ဆောင်နမူနာအဖြစ် ဆေးလိပ် မသောက်ခြင်းဖြင့် ကျန်လုပ်သားထုများအပေါ် များစွာ အကျိုးသက်ရောက်မှုရှိပြီး စည်းရုံးရေးအောင်မြင်မှုများ လည်း ရရှိနိုင်မည်ဖြစ်ပါသည်။

 

ဆေးလိပ်သောက်သည့်လုပ်သား သေဆုံးမှုပိုများ

 

ကရိုမီယမ် နီကယ်၊ ဘိလပ်မြေစက်ရုံများရှိ လုပ်သား များတွင် အဆုတ်ကင်ဆာဖြစ်ပွားမှု အန္တရာယ်သည် ဆေးလိပ်သောက်ခြင်းကြောင့် အဆမတန် ပို၍များပြားပါ သည်။ နိုင်ငံတကာမှ လုပ်ငန်းခွင်ကျန်းမာရေးဆိုင်ရာ ဆရာဝန်ကြီးများ၏ လေ့လာတွေ့ရှိချက်အရ ဆေးလိပ်သောက်သုံးကြသည့် လုပ်သားများသည် ဆေးလိပ်လုံးဝ မသောက်သူလုပ်သားများထက် အသက်နှစ် ၆၀ မပြည့်မီသေဆုံးမှုနှုန်း နှစ်ဆမှ သုံးဆအထိပိုများကြောင်း တွေ့ရှိပါသည်။

 

လုပ်ငန်းခွင်အတွင်း ဆေးလိပ်သောက်ခြင်းသည် လုပ်သားများ၏ ကျန်းမာရေးကို သာမန်အခြေအနေများ ထက် ပိုမိုထိခိုက်စေပါသည်။ အကြောင်းမှာ ဆေးလိပ်မီးအပူငွေ့ကြောင့် သော်လည်းကောင်း၊ဆေးလိပ်ငွေ့ တွင်ပါဝင် သော အဆိပ်အတောက်ဖြစ်စေသည့် ဓာတုပစ္စည်းများနှင့် လုပ်ငန်းခွင်တွင် ထိတွေ့ကိုင်တွယ်ရသော ဓာတု ပစ္စည်းများ ပူးပေါင်းဓာတ်ပြုပြီး အဆိပ်အတောက်ဖြစ်စေနိုင်မှု ဓာတ်သတ္တိများ ပိုမိုတိုးပွားလာခြင်း တို့ကြောင့် သော်လည်း ကောင်း ဖြစ်သည်။

 

ထို့အပြင် လူ၏အသက်ရှူလမ်းကြောင်းအတွင်းသို့ ရှူရှိုက်မိသည့် အမှုန်အမွှားများကို ကာကွယ်နိုင်မှုစွမ်းအား လျော့နည်းသွားသဖြင့် အဆိပ်အတောက်ဖြစ်စေသည့် အငွေ့များ၊ အမှုန်အမွှားများသည် လုပ်သားများ၏ ခန္ဓာ ကိုယ်တွင်းသို့ အလွယ်တကူ ဝင်ရောက်နိုင်ပါသည်။ မသန့်ရှင်းသောလက်ဖြင့် ဆေးလိပ်ကို ကိုင်တွယ်ရသည့် အတွက် အဆိပ်အတောက်ဖြစ်စေသည့် အမှုန်အမွှားများသည် ပါးစပ်တွင်းမှတစ်ဆင့် ကိုယ်ခန္ဓအတွင်းသို့ ဝင်ရောက်ရန်ပိုမို လွယ်ကူပါသည်။ အထူးသဖြင့် ခဲ၊ သတ္တုနှင့် ထိတွေ့ ကိုင်တွယ်နေရသော လုပ်သားများတွင် ဆေးလိပ်မသောက်ပါက မိမိကိုယ်ခန္ဓာအတွင်းသို့ခဲဓာတ်သတ္တုများဝင်ရောက် သည့်အန္တရာယ်မှ များစွာလျော့နည်း သွားနိုင်ပါသည်။

 

မိမိကိုယ်တိုင် ဆေးလိပ်မသောက်သော်လည်း အခြား သူများဆေးလိပ်သောက်ခြင်းကြောင့် မိမိ၏မိသားစုနှင့် လုပ်ငန်းခွင်ရှိလုပ်ဖော်ကိုင်ဖက် လုပ်သားများတွင် အဆုတ်ကင်ဆာ၊ နှလုံးသွေးကြောကျဉ်းရောဂါနှင့် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါဝေဒနာများ အန္တရာယ်ပိုမို များပြားလာတတ်ပါသည်။ သို့ပါ၍ လုပ်ငန်းရှင်ကြီးများ အနေဖြင့် မိမိတို့၏ လုပ်ငန်းခွင်အတွင်း ဆေးလိပ်မသောက်သုံးရေးမူဝါဒများ ချမှတ်ဆောင်ရွက်သင့် ပါသည်။ လုပ်ငန်းအတွင်း အလုပ်ကြောင့် စိတ်ပန်းကိုယ်ပန်းသူ၊ အလုပ်ဒဏ်ပိသူ လုပ်သားများကြားတွင် ဆေးလိပ် သောက်သူဦးရေ ပို၍များလေ့ရှိပါသည်။ ထိုအုပ်စု ဝင်များအနေဖြင့် ဆေးလိပ်ဖြတ်ရန် မလွယ်ဟု ဆိုကြပါသည်။

 

လုပ်ငန်းခွင်အတွင်း ဆေးလိပ်မသောက်သုံးရေးကို စက်ရုံ၊ အလုပ်ရုံ၊ သတ္တုတွင်း စသည့်လုပ်ငန်းခွင်အသီးသီးရှိ လုပ်သားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် လုပ်ငန်းခွင်ကျန်းမာရေးဌာနတိုင်းတွင် အကောင် | အထည်ဖော် ဆောင်ရွက်သင့်ပါသည်။ ထိုသို့ဆောင်ရွက် ရာတွင် ဆေးလိပ်သောက်သူဦးရေများသော လုပ်ငန်းခွင် များတွင် ပထမအဆင့်အနေဖြင့် ဆေးလိပ်သောက်သူလုပ်သားများအား ဆေးလိပ်ဖြတ်နိုင်ရန် ကြိုးပမ်းရပါ မည်။ ဆေးလိပ်သောက်သူဦးရေနည်းသော လုပ်ငန်း ခွင်များတွင်မူ ဆေးလိပ်မသောက်သူများအားဘယ်သော အခါမှ ဆေးလိပ်မသောက်စေရန် အစီအစဉ်များ ချမှတ် ဆောင်ရွက်ရပါမည်။

 

ဆေးလိပ်မသောက်သော ယဉ်ကျေးမှုဝန်းကျင်

 

ဖွံ့ဖြိုးတိုးတက်ပြီးသော ကမ္ဘာ့နိုင်ငံများတွင် ဆေးလိပ်သောက်ခြင်းသည် ခေတ်မီသောလုပ်ရပ်တစ်ခု မဟုတ် တော့ဘဲမယဉ်ကျေးသောလုပ်ရပ်အဖြစ်သတ်မှတ်ပြီး ဆေးလိပ်မသောက်သော ယဉ်ကျေးမှုဝန်းကျင်များကို တည်ထောင်နေကြပြီး ဖြစ်ပါသည်။ ထို့ကြောင့် ဆေးလိပ်သောက်မှ ခေတ်မီသည်၊ ဆေးလိပ်သောက်မှ လူရာဝင် သည်၊ ဆေးလိပ်သောက်မှ စတိုင်ကျသည် ဆိုသည့် အတွေးအခေါ်အယူအဆများကို တိုက်ဖျက်၍ဆေးလိပ် သောက်ပါက ဖြစ်ပေါ်ခံစားရမည့် ရောဂါဝေဒနာများအပြင် သတိမမူမိသော ဆိုးကျိုးများဖြစ်သည့် ပတ်ဝန်း ကျင်ညစ်ညမ်းမှုမိသားစုတစ်ဦးချင်းကုန်ကျစရိတ် ပိုမိုများပြားမှု၊ ရောဂါဖြစ်ပွားမှုကြောင့် စီးပွားရေးနှင့် ကုန်ထုတ်စွမ်းအားကျဆင်းမှု၊ ဆေးလိပ်ကြောင့် ဖြစ်ပွား နိုင်သည့် မီးဘေးအန္တရာယ် စသည်ဖြင့် ဆိုးကျိုးအများ အပြားကို သိရှိနားလည်သဘောပေါက်ပြီး ဆေးလိပ်ငွေ့ ကင်းစင်သော ပတ်ဝန်းကျင်လုပ်ငန်းခွင်များကို ကြိုးပမ်း တည်ဆောက်နေကြပြီလည်း ဖြစ်ပါသည်။

 

ထို့အတူ မြန်မာနိုင်ငံတွင်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ဆေးလိပ်နှင့်ဆေးရွက် ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေးဥပဒေ ပြဋ္ဌာန်း၍ ဆေးလိပ်လုံးဝသောက်ခွင့်မရှိသော နေရာ များကို သတ်မှတ်ဖော်ပြပေးထားပြီး ဖြစ်ပါသည်။ ဆေးလိပ်ငွေ့ကင်းစင်သောလုပ်ငန်းခွင်၊ ဆေးလိပ်ငွေ့ ကင်းစင်သော ပတ်ဝန်းကျင်များဖြစ်အောင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနပိုင်ဆေးရုံဆေးခန်းများတွင် လည်းကောင်း၊ အများပြည်သူဝင်ထွက်သွားလာ အသုံးပြုနေသော နေရာများတွင်လည်းကောင်း၊ ဆေးလိပ်ငွေ့ ကင်းစင်သော နေရာများအဖြစ် စတင်အကောင်အထည် ဖော် ဆောင်ရွက်နေပြီဖြစ်ပါသည်။

 

ဤသည်ကို စံနမူနာအဖြစ်လက်ခံကျင့်သုံး၍စက်ရုံ အလုပ်ရုံများ၊ လုပ်ငန်းခွင် အသီးသီးရှိ သက်ဆိုင်ရာ လုပ်ငန်းရှင်များ၊ အုပ်ချုပ်ရေးတာဝန်ရှိသူများ၊ လုပ်သားများကလည်း ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်းဖြင့် ဆေးလိပ်ငွေ့ကင်းစင်သော လုပ်ငန်းခွင်များကို ဖန်တီးတည်ဆောက်သင့်ကြပေသည်။ ဆေးလိပ်ငွေ့ကင်းစင် သော လုပ်ငန်းခွင်များမှ လုပ်သားများ၏ ကျန်းမာရေးအဆင့် မြင့်မားလာသည်အမျှ ကျန်းမာကြံ့ခိုင်သော လုပ်သားအရင်းအမြစ်များသည် နိုင်ငံတော်ရှိ လုပ်ငန်း ခွင်အသီးသီးမှကုန်ထုတ်စွမ်းအားများ ပိုမိုတိုးတက်လာ ရန်အတွက် အထောက်အကူပြုမှာ အမှန်ပင်ဖြစ်ပါ ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။

 

mdn