ဆွေမျိုးတွေကို ဆွေမျိုးပါမေ့အောင် ဒီဇင်ဘာ ၁ ရက်မှာ ချပြမည့် နေဝင်း (SNARE)

၂၈ နိုဝင်ဘာ

 

Hip Hop Vibration  ၊ Rap Game ၊ ဘကြီးဖြိုးနဲ့ ဦးနေဝင်း၊ ပူးတွဲချန်ပီယံဆိုပြီး တေးစီးရီးများထွက်ရှိခဲ့ပြီး ၂၀ဝ၅ ခုနှစ်က စတင်ကာ ဂီတအလုပ်များ လုပ်ကိုင်ခဲ့သည့် အဆိုတော် နေဝင်း (SNARE) ဟာ ယခုဆိုလျှင် “ဆွေမျိုးပါမေ့” စီးရီးကို ဒီဇင်ဘာ ၁ ရက်တွင် စတင်ဖြန့်ချိသွားမည်ဟု သိရသည်။

 

 “ကျွန်တော် သူငယ်ချင်းတွေနဲ့ အမှတ်တရလည်းဖြစ်ချင်လို့ ဒီအခွေလေးကို ဖန်တီးဖြစ်တာပါ။ ကျွန်တော် အခုခွေကို ဘာနဲ့နှိုင်းရမလဲဆို အိမ်တစ်အိမ်မှာ ဟင်းကောင်းတစ်ခွက်ကို ချက်သလိုမျိုးပါပဲ။ ကိုယ်တိုင်ချက်တဲ့ဟင်းတွေကို အရသာရှိရှိနဲ့ ပေးစားစေချင်တဲ့စိတ်နဲ့ လုပ်တာဆိုလည်း မမှားပါဘူး။ အရင်တုန်းကတော့ နှစ်ယောက်ပေါင်းချက်မှ ဟင်းတစ်ခွက်ဖြစ်တာမျိုး အခုတော့ တစ်ယောက်တည်းချက်တဲ့ ဟင်းပေါ့နော်၊ စားလိုက်ရင် “ဆွေမျိုးပါမေ့” သွားမယ်ဆိုတဲ့ အဓိပ္ပာယ်မျိုးကို ပုံဖော်ထားတာပါ။

 

သီချင်းတွေအကုန်လုံးကို ကျွန်တော်ကိုယ်တိုင်ပဲ ရေးသားထားတာပါ။ ကျွန်တော် SNARE အဖွဲ့ မှာ မဆိုခဲ့ဖူးတဲ့ ပုံစံတွေတွေ့ရမှာပါ။ ပြီးတော့ ကျွန်တော် မဖန်တီးနိုင်ခဲ့တဲ့ Music တွေ ဒီအခွေမှာ ပရိသတ်နားထောင်ရမှာပါ။ ဒါပေမယ့် SNARE ရဲ့ အငွေ့အသက်လေးတွေ တွေ့ရမယ် အနည်းငယ်ပေါ့နော်။ ဘာလို့လဲဆို ကျွန်တော်တို့က ဒီအဖွဲ့ကနေ ထွက်ခဲ့ကြတာကို၊ အများဆုံးကတော့ ကျွန်တော့်ရဲ့ သီးသန့်ပုံစံမျိုးကို မြင်ရမှာပါ” ဟု ပြောသည်။

 

အဆိုပါတေးစီးရီးတွင် တေးသီချင်း ၁၃ ပုဒ် ပါဝင်မည်ဖြစ်ပြီး အခွေထွက်ရှိခြင်း အမှတ်တရအဖြစ် ဒီဇင်ဘာ ၁ ရက် ညနေ ၃ နာရီ မှ ၆ နာရီအထိ လှည်းတန်းစင်တာတွင် လည်းကောင်း၊ မန္တလေးမြို့ ၌ ဒီဇင်ဘာ ၂ ရက်တွင် လည်းကောင်း ညနေ ၄ နာရီမှ ၇ နာရီထိ Central Point တွင် ပါဝင်ကြသော အဆိုတော်များနှင့် တေးသီချင်းများ သီဆိုပြီး ပရိသတ်များနှင့် တွေ့ဆုံသွားမည်ဟု သိရသည်။ 

 

ကိုလင်း