ဆက်သွယ်ရေးလုပ်ငန်းများအတွက် လိုအပ်သည့်အခြေခံအဆောက်အဦများ တည်ဆောက်ရန် မြေယာအသုံးပြုမှု စီမံခန့်ခွဲရေးကော်မတီ ဆဋ္ဌမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ၇ သြဂုတ်

ဆက်သွယ်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် အခြေခံအဆောက်အဦများ တည်ဆောက်ရန် မြေယာအသုံးပြုမှုစီမံခန့်ခွဲရေးကော်မတီ ဆဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ အချိန်တွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။

အစည်းအဝေးတွင်ကော်မတီဥက္ကဋ္ဌ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ဆက်သွယ်ရေးအခြေခံအဆောက်အဦများ တည်ဆောက်ရာတွင် ကြုံတွေ့နေရသော အခက်အခဲများအားဖြေရှင်းနိုင်ရေး၊ ဆက်သွယ်ရေးအခြေခံအဆောက်အဦများ တည်ဆောက်ရာတွင် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လျှင်မြန်စွာခွင့်ပြုနိုင်ရေးနှင့် ဆက်သွယ်ရေးကွန်ရက် အထောက်အကူပြု အခြေခံအဆောက်အအုံဖြတ်သန်း ချခင်းခွင့်ဆိုင်ရာနည်းဥပဒေများ (Right of Way Rule) ရေးဆွဲနိုင်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။

ထို့နောက် ကော်မတီအတွင်းရေးမှူး ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေက ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင်ရ ကုမ္ပဏီများမှ တင်ပြလာသည့် အခက်အခဲများ၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသို့ လျှောက်ထားလာရာတွင် ဦးစီးဌာနမှစိစစ်ခွင့်ပြုသည့် လုပ်ငန်းစဉ်များ၊ ဆက်သွယ်ရေး အခြေခံအဆောက်အဦများ တည်ဆောက်ရာတွင် သက်ဆိုင်ရာမြေနှင့် အဆောက်အအုံ အသုံးပြုမှုနှင့်စပ်လျဉ်း၍ နည်းဥပဒေများ၊ ညွှန်ကြားချက်များ ထုတ်ပြန်နိုင်ရေးကိစ္စများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အခြေအနေများအား တင်ပြဆွေးနွေးသည်။

အစည်းအဝေးသို့ တက်ရောက်လာသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ သက်ဆိုင်ရာ ဝန်ကြီးများနှင့် ဖိတ်ကြားထားသော သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များကလည်း ၎င်းတို့တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ဆက်သွယ်ရေးအခြေခံအဆောက်အဦများ တည်ဆောက်ရာတွင် ကြုံတွေ့နေရသည့် အခက်အခဲများ၊ ကန့်ကွက်မှုများ၊ ဆက်သွယ်ရေးကွန်ရက်အထောက်အကူ ပြုအခြေခံအဆောက်အအုံ ဖြတ်သန်းချခင်းခွင့်ဆိုင်ရာ နည်းဥပဒေတွင်ပါဝင်စေလိုသည့် အချက်အလက်များ၊ ဆက်သွယ်ရေး အခြေခံအဆောက်အဦများ တည်ဆောက်ရာတွင် ကြုံတွေ့နေရသည့် အခက်အခဲများအား ဖြေရှင်းဆောင်ရွက်နိုင်ရေးကိစ္စများအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

သတင်းစဉ်