ဆံပင်ကျွတ်လွန်းတဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ

၂ စက်တင်ဘာ

အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ တစ်နေ့ကို ဆံပင် အပင် (၅၀) ခန့် ကျွတ်နိုင်ပါတယ်။ ဒါက ပုံမှန်သတ်မှတ်ထားတဲ့ ကျန်းမာတဲ့လူတစ်ယောက်ရဲ့ ဆံပင်ကျွတ်တဲ့ ပမာဏပါ။ ဒီထက်ပိုပြီး ဆံပင်ကျွတ်တာမျိုး၊ ဆံပင်အထွေးလိုက်ကြီး ကျွတ်တာမျိုး၊ ခေါင်းလျှော်နေရင်း ဆံသားကို လက်နဲ့ဆွဲမိလိုက်တဲ့အခါ အလိုအလျောက် ကျွတ်လာတာမျိုးဆိုရင်တော့ စိုးရိမ်စရာလိုလာပါပြီ။

အသက်ကြီးလာလို့ သဘာဝအတိုင်း ထိပ်ပြောင်တာမျိုးမဟုတ်ပဲ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ကျွတ်ပြီး ထိပ်ပြောင်လာတာက တော်တော့်ကို အလှအပရေးရာအရ တော်တော်လေးကို အဆင်မပြေတဲ့ ပြဿနာပါ။ နောက်ဆက်တွဲအနေနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းလာမယ်၊ တခြားသူတွေက လှောင်ပြောင်ကြတဲ့အခါမှာ ကိုယ့်အနေနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်လာနိုင်တယ်၊ တခြားကျန်းမာရေးပြဿနာတွေ ရှိနေမလားဆိုပြီးလည်း စိတ်ထဲ အမြဲစိုးရိမ်ပူပန်နေရမှာပါ။

ဒါဆို ဘာလို့ ဆံပင်တအားကျွတ်လာတာလဲ။

စိတ်ဖိစီးမှုများတဲ့အချိန်တွေမှာ ကိုယ်ခံအားစနစ် ဖောက်လွဲဖောက်ပြန်ဖြစ်ပြီး ဆံသားမွေးညှင်း ပေါက်များကို ထိခိုက်စေတဲ့အတွက် ဆံပင်အများအပြား ကျွတ်တာမျိုး ဖြစ်တတ်ပါ တယ်။  ဆံပင်ကျွတ်တာ မျိုးရိုးလိုက်တဲ့ သူတွေမှာလည်း ဖြစ်နိုင်ပြီး အမျိုးအစား (၁) ဆီးချိုရောဂါ၊ နာတာရှည်အဆစ်ရောင် ရောဂါ အစရှိတဲ့ ကိုယ်ခံအားစနစ်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ ရောဂါရှိသူတွေမှာ ပိုအဖြစ်များပါတယ်။

Alopecia areata လို့ ခေါ်တဲ့ အမွှေးအမျှင်တွေ အကွက်လိုက်ကျွတ်ကျတဲ့ ရောဂါဟာ ဦးရေပြား ကနေ ဆံပင်များအပြင် မျက်ခုံးမွေးတွေ၊ မျက်တောင်မွေးတွေ၊ ခန္ဓာကိုယ်နေရာအနှံ့က တခြား အမွေးအမျှင်တွေပါ ကျွတ်လာပါတယ်။ ကျွတ်သွားတဲ့နေရာမှာလည်း ဆံပင်ပြန်ပေါက်ဖို့ အချိန်ကြာမြင့်တတ်ပြီး ပြန်ပေါက်လာရင်လည်း ထပ်ပြီး ကျွတ်နိုင်ဖို့ လွယ်ကူပါတယ်။

အမျိုးသားတွေမှာ အဖြစ်များတဲ့ ဆံပင်ကျွတ်ရခြင်း အကြောင်းရင်း

အမျိုးသားတွေမှာ ဆံပင်ကျွတ်တဲ့မျိုးရိုးဗီဇရှိတာ၊ စိတ်ဖိစီးမှု ဝေဒနာကြုံတွေ့နေရတဲ့အခါ ဆံပင်ကျွတ်တတ်ပါတယ်။ နောက်တစ်ချက်က အမျိုးသားတွေဟာ တော်ရုံ ရေချိုးခေါင်းလျှော်ခြင်းမပြုတတ်ကြသလို ခေါင်းလျှော်တဲ့အခါမှာလည်း ရေလောင်းလိုက်ရုံနဲ့ ပြီးသွားတတ်ပါတယ်။ ဒီအခါ ဦးရေပြားမှာ မှိုစွဲတာ၊ သဘာဝအဆီတွေ ဆုံးရှုံးမှုဖြစ်ပြီး ဆံသားခြောက်သွေ့တာတွေ ဖြစ်နိုင်ပါတယ်။ မှိုစွဲတဲ့နေရာမှာဆိုရင် ဆံပင်အကွက်လိုက်ကျွတ်ပြီး ကျန်တဲ့နေရာမှာတော့ ဆံပင်က ပုံမှန်အတိုင်း ပေါက်နေတာကို တွေ့ရတတ်ပါတယ်။

အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ဆံပင်ကျွတ်ခြင်းအကြောင်းရင်း

ဆံပင်ကို မကြာခဏ ဖြောင့်လိုက်၊ ကောက်လိုက်၊ ဆေးဆိုးတတ်တဲ့ အမျိုးသမီးတွေ၊ ကိုယ်ဝန်ဆောင်ချိန်၊ ကလေးမီးဖွားပြီးချိန်၊ သွေးဆုံးချိန်တွေမှာ ဖြစ်တတ်တဲ့ ဟော်မုန်းမျှခြေ ပျက်ယွင်းခြင်းကြောင့်လည်း ဆံပင်ကျွတ်တတ်ပါတယ်။ ကိုယ်သောက်နေတဲ့ တားဆေးတွေ၊ ရောဂါပျောက်ဆေးကြောင့်လည်း ဆံပင်ကျွတ်စေတဲ့ ဘေးထွက်ဆိုးကျိုးတွေ ကြုံတွေ့နိုင်ပါတယ်။

ဘယ်လိုကုသပေးနိုင်မလဲ။

•           အမျိုးသားများအနေနဲ့ နေ့စဉ်ခေါင်းလျှော်ပေးစရာ မလိုပါဘူး။ တစ်ရက်ခြား တစ်ကြိမ် သို့မဟုတ် တစ်ပတ်ကို ၂ ကြိမ်မှ ၃ ကြိမ်ထိ အများဆုံး ခေါင်းလျှော်ပေးနိုင်ရင် လုံလောက်ပါပြီ။ အမျိုးသမီးဆိုရင်တော့ တစ်ရက်ခြား တစ်ကြိမ်လောက် ခေါင်းလျှော်ပေးလို့ ရပါတယ်။

•           ဆံပင်အရှည်ကြီး ထားတတ်တယ်ဆိုရင် ပိုပြီး ဂရုစိုက်ပေးဖို့လိုပါတယ်။

•           ခေါင်းလျှော်တဲ့အခါ ဦးရေပြားကို ခေါင်းလျှော်ရည်နဲ့ သေချာတိုက်ချွတ်ပြီး ဆေးကြောပေးပါ။

•           အပြင်ထွက်တဲ့အခါ ဦးခေါင်းရေစိုကြီးနဲ့ မထွက်ပါနဲ့။ ဆံပင်ခြောက်မှ အပြင်ထွက်ပါ။

•           နေပူထဲ ထွက်တော့မယ်ဆိုရင် ထီးဆောင်းပါ။ ဦးထုပ်ဆောင်းပါ။

•           အိမ်မှာ နေတဲ့အချိန်ဆိုရင် ဆံသားပုံသွင်းတဲ့ ဂျယ်လ်တွေ၊ ခရင်မ်တွေ မလိမ်းပါနဲ့။ ဒီအတိုင်း ဆံပင်ကို အောက်ချထားပါ။

•           လိုအပ်လာရင် အရေပြားဆရာဝန်နဲ့ ပြသကြည့်ပြီး ဆံပင်ပေါက်ဆေး၊ ဆံပင်သန်ဆေး အသုံးပြုပေးပါ။

ဆံပင်ကျွတ်တာကို ဘယ်လိုကာကွယ်ပေးနိုင်လဲ။

•           အမျိုးသမီးတွေအနေနဲ့ မကြာခဏ ဆံပင်ကောက်လိုက်၊ ဖြောင့်လိုက်လုပ်တာ၊ ဆံပင်ကို အရမ်းကျပ်ထုတ်နေအောင် စည်းတာမျိုး၊ ကျစ်ဆံမြီးကျစ်တာမျိုး ရှောင်ကြဉ်သင့်ပါတယ်။

•           မကြာခဏ ဆံပင်ကို ကိုင်တာ၊ ဆောင့်ဆွဲတာ၊ လိမ်ကျစ်တာ၊ ကလစ်တွေအကြာကြီး ညှပ်ထားမျိုး ရှောင်ကြဉ်ပေးပါ။

•           ခေါင်းလျှော်တဲ့အခါမှာ ဆံပင်ကို ခေါင်းလျှော်ရည်ကောင်းကောင်းနဲ့ ညင်သာစွာ ကိုင်တွယ်ပြီး လျှော်ပေးပါ။ ခြောက်အောင် သုတ်ပေးပါ။ မစိပ်မကျဲဘီးကို အသုံးပြုပြီး ခေါင်းဖြီးပေးပါ။

•           ဆံပင်ကျွတ်စေတဲ့ ဖြည့်စွက်စာတွေ၊ ဆေးဝါးတွေ သောက်နေရပြီဆိုရင် ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး ဆေးပြောင်းခိုင်းပါ။

•           ဆံပင်ကို နေရောင်ခြည်နဲ့ တိုက်ရိုက်မထိတွေ့အောင် နေပူထဲသွားတော့မယ်ဆိုရင် ထီး၊ ဦးထုပ် အမြဲဆောင်းပါ။

•           ဆေးလိပ်သောက်ခြင်းဟာ ဆံပင်ကျွတ်ခြင်းအပေါ် သက်ရောက်မှုရှိတာကြောင့် မသောက်တာ အကောင်းဆုံးပါပဲ။

•           စိတ်ဖိစီးမှုကို လျှော့ချပါ။ ကိုယ့်အတွက် အနားယူချိန်သီးသန့်ထားပေးပါ။ ယောဂကျင့်စဉ်ကျင့်ခြင်းဖြင့် ကိုယ့်ရဲ့စိတ်ကို တည်ငြိမ်အောင် ထားပါ။

•           ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေကို မျက်ခြည်မပြတ်သိနေအောင် နှစ်စဉ် ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ပေးပါ။

Hello ဆရာဝန် ပရိသတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝမျိုးကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyowai Lynn

ရေးသားသူ Ye Myo Myat