ဆရာ ဆရာမများနှင့် နည်းပညာကဏ္ဍ


 

ခင်မောင်ဌေး(ပညာရေး)

၂၁ ရာစုကို နည်းပညာခေတ်ဟုသာ ဆိုရမည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် နည်းပညာဖြင့် လုံးဝန်းနေ သောကမ္ဘာကြီးကို ပြားသွားစေသောကြောင့်ဖြစ်သည်။ တစ်ချိန်က အရှေ့ကမ္ဘာ၊ အနောက်ကမ္ဘာဟူ၍ တစ်ကမ္ဘာ စီခြားခဲ့ရာမှ ကမ္ဘာကြီးသည်ပင် ရွာကလေးတစ်ရွာ အလားစက္ကန့်ပိုင်း၊ မိနစ်ပိုင်းအတွင်း အသိပညာ၊ အတတ် ပညာများ ပျံ့နှံ့စီးဆင်းနေလျက်ရှိသည်။
ပညာရေး၌ အရေးပါလာသော နည်းပညာအသုံးပြုမှု
နည်းပညာခေတ်ကြီးထဲတွင် နိုင်ငံတိုင်းက ယင်းနည်းပညာကိုအသုံးပြု၍ ရှေ့သို့တက်လှမ်းနိုင်ရန် အပြိုင်အဆိုင်ကြိုးပမ်းနေကြသည်။ အထူးသဖြင့် ပညာရေးတွင် အခြေခံပညာမှစတင်၍ Coding, Progra- mming စသည့်အခြေခံများမှစ၍ Internet, Email, ကိုယ်ပိုင် Website ၊ ကိုယ်ပိုင် Page များ ထောင်နိုင် သည့်အဆင့်အထိ သင်ကြားနေကြပြီဖြစ်သည်။ ထို့အပြင် i pad ၊Tablet များ ကိုင်တွယ်ကာအသုံးပြုခြင်း၊ Online Learning များ အသုံးပြုခြင်းအထိ အဆင့်မြင့်လာ ကြပြီဖြစ်သည်။ ဆိုရလျှင် ဉာဏ်ရည်တုစက်ရုပ်ခေါ်သည့် Artificial Intelligance (AI) ကိုပင် စတင်အသုံးပြု နေသည့် နိုင်ငံများရှိလာပြီဖြစ်သည်။
မြန်မာနိုင်ငံတွင် နည်းပညာနှင့် ပတ်သက်၍ ခေတ် နောက်ကျကျန်ရစ်နေသေးသည်။ နောက်ထပ်ကာလ များစွာကျန်နေ၍ မဖြစ်နိုင်တော့ပေ။ အကြောင်းမှာ မြန်မာ့ပညာရေးစနစ်တွင် အခြေခံကျလှသည့် အခြေခံ ပညာရေးတွင် နည်းပညာအခြေခံများ စတင်ရတော့မည့် အချိန်ဖြစ်သည်။ ဆိုရလျှင် နည်းပညာဆိုသည်မှာ မိမိကိုယ်တိုင် ဝါသနာပါလွန်း၍ နည်းပညာကျောင်း များတက်ခြင်း၊ ကိုယ်တိုင်လေ့လာနေခြင်းကြောင့် တတ်မြောက်နေသည့် လူငယ်အနည်းငယ်သာရှိလေ သည်။ အခြေခံပညာကျောင်းများတွင် နည်းပညာနှင့် မိတ်ဆက်ရန်ပင် ဆရာဆရာမ များများမရှိလှသေးပေ။ ဆိုရလျှင် ယခုကဲ့သို့ ကိုဗစ်-၁၉ ကြောင့် ဆရာ ဆရာမများ ကို ပေးရမည့်သင်တန်းများ ပိတ်ထားရမည့်အချိန်မှာပင် နည်းပညာက အဆင်သင့်မရှိ။ တစ်နိုင်ငံလုံးအင်တာနက် ရနိုင်မည့်နေရာများအထိ ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဝေ နိုင်မည့် နည်းပညာရှိသော်လည်း အသုံးမချနိုင်သေး၍ အချည်းနှီး ဖြစ်ခဲ့ရလေသည်။
ယခုအခါ Online Learning များစတင်လုပ်ဆောင် နိုင်ရန် စတင်ရေးဆွဲနေကြောင်း သိရသည်။ ထို့အတူပင် Grade 4 ၊ Grade 7 နှင့် Grade 10 သင်ကြားပြသရမည့် ဆရာဆရာမများအတွက် သင်ရိုးသစ် (Text)များ၊ ဆရာကိုင် (Guide) စာအုပ်များကိုလည်း Online မှ တစ်ဆင့် Pdf File များ ပြုလုပ်ကာ ဖြန့်ဝေပေးခြင်းဖြင့် ကြိုတင်လေ့လာနိုင်ကြမည်ဖြစ်သည်။
တစ်နေ့က စာရေးဆရာ မိတ်ဆွေတစ်ဦးနှင့် လမ်းတွင်ဆုံဖြစ်သည်။ အပြင်သိပ်မထွက်ဖြစ်ကြောင်း၊ ရေးနေကျတိုက်များသို့ မရောက်ကြောင်း၊ ဆောင်းပါး တွေ ရေးထားပေမယ့် သွားမပို့နိုင်ကြောင်း ပြောသည်။ စာရေးသူက Email နှင့် ပို့သင့်ကြောင်းပြောရာ နားမလည်ကြောင်းပြော၍ စိတ်မကောင်းဖြစ်ရသည်။ အချို့မိတ်ဆွေများလည်း တိုက်သို့လက်ရေးစာမူဖြင့် ရေးကာ ပို့နေရကြောင်း ပြောသည်။ စာရေးသူတိုင်း Laptop တစ်လုံးကိုယ်စီမရှိကြသေး။ လက်နှင့် ရေးကြဆဲ။ လက်ရေး စာမူနှင့်ပို့ကြဆဲ။ အချို့မီဒီယာများ Email ဖြင့် ပို့မရ၊ Email လိပ်စာမရှိ။ ဤမျှခေတ်မီတိုးတက်သည့် Auto ခေတ်တွင် Manual စနစ်ကအသားကျနေကြသည်လားမသိ။ သို့ဖြစ်၍ အချိန်ပိုကုန်နေကြသည်၊ လူပန်းနေကြသည်။ သတင်းပို့သူများက ကိုယ်တိုင်စာစီပြီးပို့နိုင်ပါက မီဒီယာများ တွင်လည်း Email ဖြင့် လက်ခံကာ စာပြန်စီစရာမလို အလုပ်တွင်ကျယ်နိုင်သည်။ မလိုအပ်ဘဲ ဝန်ထမ်းများစွာ အတွက် စရိတ်ကုန်ကျသက်သာစေနိုင်သည်။ ကုန်ကျစရိတ် နည်းနိုင်သမျှနည်းလျှင် သတင်းစာတန်ဖိုး ချနိုင်သမျှချနိုင် မည်။ ပြည်သူအများစောင်ရေများများပို၍ ဖတ်ရှုနိုင်မည်သာ ဖြစ်သည်။ သို့သော် စာစီ စာရိုက်များ ခန့်ထားနေရသည်က အလုပ်တစ်ခုဖြစ်နေသည်။
ဆရာ ဆရာမများနှင့် နည်းပညာကဏ္ဍ
ပညာရေးလောကမှ ဆရာ ဆရာမအများစုကို လေ့လာ သုံးသပ်ကြည့်မိသည်။ အသက် ၄ဝ ကျော် ၅ဝ အထက်များ ဖြစ်သည့် ဆရာ ဆရာမအများစုတို့တွင် ယင်းသို့သောဆရာ ဆရာမကြီးများတွင် တချို့က IT နည်းပညာနှင့်ပတ်သက်၍ မကျွမ်းကျင်ကြ။ မိမိကိုင်တွယ် အသုံးပြုနေသည့် ဟန်းဖုန်း တစ်လုံးကိုပင် ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်အသုံးမချ တတ်။ ဖုန်းစကရင်ပေါ်က သတင်းအချို့ ဖတ်ခြင်း၊ Like လုပ်ခြင်း၊ Comment ရေးခြင်း၊ Photo တင်ခြင်းလောက် သည် သာမန်ကလေးများပင် လုပ်တတ်ပါသည်။ ဆိုရလျှင် ကလေးများကို လူကြီးများက ဆရာတင်နေရခြင်းပင်ဖြစ် သည်။ ကလေးငယ်များသည် လေးငါးခြောက်တန်းလောက် ကပင် ကျွမ်းကျင်စွာကိုင်တတ်သည်။ အချို့ Account သစ် လုပ်တတ်သည်။ Photoshop လုပ်တတ်သည်။ Games ကျွမ်းသည်။
တစ်ခါကလည်း နည်းပညာဆရာကြီး၏ ဆွေးနွေး ဟောပြောပွဲနားထောင်ဖူးသည်။ ဆရာကြီးက ဆရာ ဆရာမအားလုံးအား ဖုန်းထုတ်ခိုင်းသည်။ E mail ဖွင့်ခိုင်း သည်။ ၎င်းထံမှ Email ပို့၍ဆွေးနွေးကြရန်ဖြစ်သည်။ ဆရာ ဆရာမအများစုက E mail မရှိ၊ သုံးလည်းမသုံးတတ်။ ဆရာကြီးက သက်ပြင်းချခဲ့ဖူးသည်။ ဆိုရလျှင် Internet, E mail ကိုပင် ကျွမ်းကျွမ်းကျင်ကျင် မသုံးတတ်ကြ၍ နေ့စဉ် ငွေစက္ကူများ ရေတွက်ကိုင်တွယ်နေရခြင်း၊ ဝန်ဆောင်မှု လုပ်ငန်းများကို ကိုယ်တိုင်ကိုယ်ကျသွားရောက်လုပ်ကိုင်နေရခြင်းများဖြင့် စိတ်ထောင်းကိုယ်ကြေ ဖြစ်နေကြရလေ သည်။
ဤနေရာတွင်ကြုံ၍ ပြောချင်သည်။ အခြေခံပညာ ကဏ္ဍတွင် အစိုးရကျောင်းများ၊ ပုဂ္ဂလိကကျောင်းများနှင့် ဘုန်းတော်ကြီးသင်ကျောင်းများရှိသည်။ ယင်းကျောင်း များတွင် ဆရာ ဆရာမတစ်ဦးချင်းစီ အသုံးပြုနေသော Laptop မည်မျှ ရှိနိုင်မည်နည်း။ စာရင်းဇယားအားဖြင့်မသိရှိနိုင်သေးပါ။ စာရေးသူတွေ့မြင်သလောက်ဆိုလျှင် အစိုးရကျောင်းများတွင် Text စာအုပ်ကိုသာ အဓိက အသုံးပြုကြပါသည်။ အချို့သော ပုဂ္ဂလိကကျောင်းများရှိ ဆရာ ဆရာမအချို့ Laptop ကို အသုံးပြုနေကြသည်ကို တွေ့ရ သည်။ အချို့သော ဘုန်းတော်ကြီးသင်ကျောင်းများတွင်မူ ကျောင်းပိုင်ပစ္စည်းများ ပြည့်ပြည့်စုံစုံရှိနေ ကြပါသည်။
နည်းပညာအကူအညီကိုမဖြစ်မနေယူကြရတော့မည်
ယနေ့ပြောင်းလဲလာနေသည့် ပညာရေးစနစ်တွင် ကျောင်းသင်ဘာသာရပ်များနှင့်အတူ ယခင်တွဲဖက် သင်ရိုးများသည် သင်ရိုးဝင်ဘာသာရပ်များအဖြစ် သင်ကြားကြရတော့မည် ဖြစ်သည်။ ဆိုလိုသည်မှာ ယခင်ကကဲ့သို့ သင်သည်ဆိုကာမျှဖြင့် မရနိုင်တော့ပေ။ ဆိုရလျှင် ပုံပြောရုံ၊ သီချင်းဆိုပြရုံမျှနှင့် မဖြစ်။ လိုအပ် လျှင် Performance လုပ်ခြင်းနည်းပညာအကူအညီ( ဥပမာ Laptop အသုံးပြုခြင်းများ) ယူရမည်ဖြစ်သည်။ စာရိတ္တပညာအတွက် ပုံပြင်များ၊ ရုပ်ပြဇာတ်လမ်းများ၊ နေရာဒေသအသီးသီးမှ အတုယူအားကျဖွယ်ရာများကို ယူငင်အသုံးပြုနိုင်မည်ဖြစ်သည်။ ဆိုလိုသည်မှာ ကျောင်း သင်ဘာသာရပ်များကိုသာ အချိန်များများပေးသင်ကြား ရန် မဟုတ်ပေ။ သီယိုဒိုရုစဗဲ့လ်က ‘‘ လူတစ်ယောက်ကို စာရိတ္တမသင်ပေးဘဲ အတွေးအခေါ်သင်ပေးတာဟာ လူ့အဖွဲ့အစည်းအတွက် အဆိပ်ပင်ရေလောင်းခြင်းပဲ’’ ဟုဆိုခဲ့သည်ကို သတိမူမိကြဖို့ လိုပါသည်။
အခြေခံပညာကျောင်းများတွင် နည်းပညာကို အစပျိုးနိုင်ဖို့ဆိုလျှင် များစွာပြင်ဆင်ကြရပေဦးမည်။ ယခုခေတ်ကလေးများကား နည်းပညာကို ကိုယ်တိုင် သင်ယူတတ်မြောက်နေကြသည်။
ဆိုလိုသည်မှာ အခြေခံပညာမှစတင်၍ ပြောင်းလဲ နိုင်ရန် အခြေခံပညာဆရာ ဆရာမများကို ပြုပြင် ပြောင်းလဲကြရမည်ဖြစ်သည်။ ဦးစွာပထမပညာရေး ကောလိပ်ကဲ့သို့ ပညာရေးအတတ်ပညာသင်ကျောင်း များမှစ၍ နည်းပညာကို ဘာသာရပ်တစ်ခုအဖြစ် တတ်မြောက်ကျွမ်းကျင်စွာ သင်ကြရမည်ဖြစ်သည်။ ဆရာအတတ်ပညာတွင် ပညာရေးစိတ်ပညာ၊ ပညာရေး သဘောတရား၊ ပညာရေးစီမံခန့်ခွဲမှု ပညာများဖြင့် မပြည့်စုံနိုင်တော့ပါ။ ဖွံ့ဖြိုးတိုးတက်လာသည့်နည်းပညာ ရပ်များကို အသုံးချတတ်ဖို့ခေတ်က တောင်းဆိုလာနေပြီ ဖြစ်သည်။ အခြေခံပညာကျောင်းတိုင်းတွင် နည်းပညာ ကို တတ်ကျွမ်းသည့် ဆရာ ဆရာမများစွာလိုလာပြီ ဖြစ်သည်။ ဆရာ ဆရာမတိုင်းလည်း လက်တော့ပ်တစ်လုံး စီကိုင်နိုင်ဖို့ လိုပါသည်။ ထို့အတွက် ဝယ်ယူအသုံးပြုနိုင် ရန် စီစဉ်ပေးသင့်သည်။
ထို့အတူ လက်ရှိတာဝန်ထမ်းဆောင်နေကြသည့် ဆရာ ဆရာမကြီးများအနေဖြင့်လည်း ကိုယ်တိုင်လေ့လာ သင်ယူသင့်သည်။
နည်းပညာကိုအသုံးချကာ မိမိတို့သင်ကြားပြသရ မည့်သင်ခန်းစာများနှင့် ပတ်သက်၍ ပို၍လေ့လာသိရှိနိုင် သည်။ ကိုးကား၊ မှီငြမ်းစရာအဖြစ် များစွာထုတ်ယူနိုင် ပါသည်။ မိမိတို့ကိုယ်တိုင်လေ့လာသင်ယူခြင်းမှသည် မျိုးဆက်များကိုလည်း လက်ဆင့်ကမ်းနိုင်မည်ဖြစ်သည်။ သင်ကြားသူနှင့် သင်ယူသူကြား နည်းပညာပေါင်းကူးနိုင် မှသာ၂၁ ရာစု ပညာသင်ကြားရေးရည်မှန်းချက်များ ပေါက်မြောက်အောင်မြင်နိုင်လိမ့်မည်ဟု မျှော်လင့်မိ သည်။ ။

မြန်မာ့အလင်း