ဆတက်ထမ်းပိုး တိုးတက်လာမည့် မြန်မာ - ကိုရီးယား ပူးပေါင်းဆောင်ရွက်မှု

၂၇  သြဂုတ်

မြန်မာနိုင်ငံနဲ့ ကိုရီးယားသမ္မတနိုင်ငံအကြား သံတမန်ဆက်ဆံရေး စတင်ထူထောင်ခဲ့တာက ၁၉၇၅ ခုနှစ်၊ မေလ ၁၆ ရက်နေ့ဖြစ်လို့ နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးဟာ ၄၄ နှစ်ကျော် သက်တမ်းရှိသွားပါပြီ။ ဒီ ၄၄ နှစ်ကျော် သက်တမ်းအတွင်း နှစ်နိုင်ငံရဲ့ ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ ခိုင်မာသထက်ခိုင်မာ၊ တိုးတက်သထက် တိုးတက်လာနေပါတယ်။

ရင်းနှီးမြှုပ်နှံတဲ့ကဏ္ဍတွေ စုံလင်

မြန်မာနိုင်ငံနဲ့ အာရှနိုင်ငံတွေအကြား စီးပွားရေးဆက်သွယ်ဆောင်ရွက်မှုကို လေ့လာသုံးသပ်ကြည့်ရင် ကိုရီးယား သမ္မတနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ အနီးကပ် လက်တွဲဆောင်ရွက်နေတဲ့ နိုင်ငံဖြစ်တယ်ဆိုတာကို တွေ့ရမှာပါ။ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလကုန် အနေအထားကိုကြည့်ရင် ကိုရီးယားသမ္မတနိုင်ငံဟာ မြန်မာနိုင်ငံမှာ ပဉ္စမမြောက် အများဆုံး ရင်းနှီးမြှုပ်နှံတဲ့နိုင်ငံပါ။ စုစုပေါင်းရင်းနှီးမြှုပ်နှံမှု ပမာဏဟာ အမေရိကန် ဒေါ်လာ ၂၅၄ သန်း ဝန်းကျင်ရှိပါတယ်။ ရင်းနှီးမြှုပ်နှံတဲ့ စီးပွားရေး ကဏ္ဍတွေကလည်း စုံလင်ပါတယ်။ ရေနံနဲ့ သဘာဝဓာတ်ငွေ့တူးဖော်ထုတ်လုပ်ရေးလို လုပ်ငန်းမျိုးမှာ ရင်းနှီးမြှုပ်နှံသလို အခြေခံအဆောက်အအုံ စီမံကိန်းတွေမှာလည်း ရင်းနှီးမြှုပ်နှံပါတယ်။ လက်လီဖြန့်ဖြူးရောင်းချတဲ့ စီးပွားရေးကဏ္ဍမျိုးမှာ ရင်းနှီးမြှုပ်နှံသလို အိုးအိမ် ခြံမြေကဏ္ဍမှာလည်း ရင်းနှီးမြှုပ်နှံပါတယ်။

Korea Land and Housing Corporation ဟာ လှည်းကူးမြို့နယ်မှာ ကိုရီးယားစက်မှုဇုန်တစ်ခုကို တည်ဆောက်နေပါတယ်။ GS Engineering and Construction ဟာ ရန်ကုန်မြို့နဲ့ ဒလမြို့နယ်အကြား ၄ ဒသမ ၃ ကီလိုမီတာရှည်တဲ့ မြစ်ကူးတံတားကို တည်ဆောက်နေပါတယ်။ ဒီမြစ်ကူးတံတားစီမံကိန်းရဲ့ ကုန်ကျစရိတ်ဟာ အမေရိကန်ဒေါ်လာ သန်း ၁၅၀ ကျော် ရှိမှာဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာ ပြီးစီးဖို့ မျှော်မှန်းထားပါတယ်။

အခွင့်အလမ်းကောင်းတွေ ဖန်တီးပေးမယ့် တံတားကြီး

ဒလမြို့နေ ပြည်သူတွေအတွက်ကတော့ ဒီတံတားကြီးဟာ အနာဂတ်အတွက် အခွင့်အလမ်းကောင်းတွေ ဖန်တီးပေးမယ့် တံတားကြီးပါ။ ဒီတံတားကြီး ဝန်းကျင်ဒေသမှာ တောင်ကိုရီးယားကုမ္ပဏီဖြစ်တဲ့ Wooree ဟာ စက်မှုမြို့နယ်သစ်တစ်ခု ဖော်ဆောင်ဖို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရနဲ့ နားလည်မှုစာချွန်လွှာတစ်ရပ် လက်မှတ်ရေးထိုးထားပါတယ်။ ထို့အပြင် တောင်ကိုရီးယား ကုမ္ပဏီတစ်ခုဖြစ်တဲ့ HUBS MK Co.,Ltd. ကလည်း ရွှေလင်ဗန်းစက်မှုဇုန်မှာ ကမ္ဘာ့အဆင့်မီ ထောက်ပံ့ဖြည့်ဆည်းပေးရေးဗဟိုဌာန (Logistics hub) ထူထောင်ဖို့ မြန်မာ့ကုန်သွယ်ရေး မြှင့်တင်မှုဌာနနဲ့ နားလည်မှုစာချွန်လွှာ ရေးထိုးထားပါတယ်။

အရေးပါတဲ့ ခြေလှမ်းတွေ ဖော်ဆောင်

ပြန်သုံးသပ်ကြည့်ရင် ၂၀၁၈ ခုနှစ်ဟာ မြန်မာနိုင်ငံနဲ့ ကိုရီးယားသမ္မတနိုင်ငံတို့အကြား အရေးပါတဲ့ ခြေလှမ်းတွေ ဖော်ဆောင်ခဲ့တဲ့နှစ်ပါ။ နှစ်နိုင်ငံကြားရင်းနှီးမြှုပ်နှံမှု ကာကွယ်ရေးနဲ့ မြှင့်တင်ရေးစာချုပ်ဟာ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလမှာ စတင်သက်ဝင်ရှင်သန်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေးမြှင့်တင်ဖို့အတွက် တောင်ကိုရီးယား ကုမ္ပဏီတွေရော၊ မြန်မာကုမ္ပဏီတွေကိုပါ ကူညီနိုင်ရေးကို ရည်ရွယ်ပြီး မြန်မာ-ကိုရီးယား ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းအဖွဲ့ချုပ် (Myanmar Korean Chamber of Commerce and Industry-MKCCI) ထူထောင်ခဲ့တာကလည်း ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလပါ။

နှစ်နိုင်ငံအကြားကုန်သွယ်မှုမြှင့်တင်နိုင်ရေးအတွက်လည်း အဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှာ မြန်မာနိုင်ငံနဲ့ ကိုရီးယားသမ္မတနိုင်ငံတို့အကြား ကုန်သွယ်မှုစုစုပေါင်းပမာဏဟာ အမေရိကန် ဒေါ်လာ သန်းပေါင်း ၇၉၀ ရှိခဲ့ပါတယ်။ နှစ်နိုင်ငံကြား ဝန်ကြီးအဆင့် ဆွေးနွေးပွဲ တစ်ရပ်ကိုလည်း နေပြည်တော်မှာ ၂၀၁၈ ခုနှစ်၊ ဧပြီလက ကျင်းပခဲ့ပါတယ်။ မြန်မာကိုယ်စားလှယ်အဖွဲ့ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ဦးဆောင်ခဲ့ပြီး ကိုရီးယားသမ္မတနိုင်ငံရဲ့ ကိုယ်စားလှယ်အဖွဲ့ကိုတော့ ကုန်သွယ်ရေး၊ စက်မှုနဲ့ စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီး Kim Hyun-chong ဦးဆောင်ခဲ့ပါတယ်။ ဒီဝန်ကြီးအဆင့်ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံ့ဝန်ထမ်းတွေကို ကုန်သွယ်ရေးနဲ့ ဆက်စပ်တဲ့ ကိစ္စရပ်တွေ လေ့လာသင်ယူနိုင်ဖို့ ကိုရီးယားသမ္မတနိုင်ငံသို့ စေလွှတ်ရေး ထည့်သွင်းဆွေးနွေးခဲ့တာဟာ မြန်မာနိုင်ငံရဲ့ ကုန်သွယ်ရေးကဏ္ဍမြှင့်တင်ရေးအတွက် အရေးပါတဲ့ ခြေလှမ်းတစ်ခုပါ။

ပံ့ပိုးကူညီ

ဒါ့အပြင် ကိုရီးယားနိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (Korea International Cooperation Agency-KOICA) ဟာ မြန်မာနိုင်ငံကို ပညာရေး၊ ကျန်းမာရေးနဲ့ အသေးစားချေးငွေလို ကဏ္ဍရပ်တွေမှာ ပံ့ပိုး ကူညီပေး လျက်ရှိပါတယ်။ ၂၀၁၈ ခုနှစ်၊ မေလက ဆရာဖြစ် သင်တန်းကျောင်းတစ်ခုကို ရန်ကုန်မြို့မှာ အမေရိကန်ဒေါ်လာ ၁၂ သန်း အကုန်အကျခံပြီး ထူထောင်ဖွင့်လှစ်ပေးခဲ့ပါတယ်။ ကိုရီးယားနိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (KOICA) က မြန်မာနိုင်ငံအတွက် ပံ့ပိုးကူညီပေးတဲ့ကိစ္စရပ်ထဲမှာ မူဝါဒသုတေသနဌာနတစ်ခု ထူထောင်ပေးခဲ့တာက မြန်မာနိုင်ငံရဲ့ပကတိ လိုအပ်ချက်တစ်ရပ်ကို ထင်ဟပ်ဖော် ဆောင်ပေးလိုက်တာလို့ ပြောနိုင်ပါတယ်။ ဒီမူဝါဒ သုတေသနဌာနကတော့ မြန်မာနိုင်ငံရဲ့ လူမှု-စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုကို အဓိက အာရုံစိုက်လေ့လာ သုတေသန ပြုလုပ်မယ့် Myanmar Development Institute ပါ။

အားလုံးသိတဲ့အတိုင်း ကိုရီးယားသမ္မတနိုင်ငံရဲ့ New Southern Policy အရ အာရှနိုင်ငံတွေကို အဓိက အာရုံစိုက်ပြီး ချိတ်ဆက်ဆောင်ရွက်တဲ့နေရာမှာ မြန်မာနိုင်ငံဟာ ကိုရီးယားသမ္မတနိုင်ငံက အလေးထားဆောင်ရွက်နေတဲ့ နိုင်ငံတစ်နိုင်ငံပါ။ ဒါကြောင့်လည်း ကိုရီးယားသမ္မတနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အရေးကြီးတဲ့ ကဏ္ဍတွေဖြစ်တဲ့ အခြေခံအဆောက်အအုံ၊ စက်မှုထုတ်ကုန်လုပ်ငန်းနဲ့ လျှပ်စစ်စွမ်းအင်ထုတ်လုပ်ဖြန့်ဖြူးရေး ကိစ္စရပ်တွေမှာ ပါဝင်ဆောင်ရွက်နိုင်ဖို့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။

ကဏ္ဍနှစ်ရပ်ဖွံ့ ဖြိုးလာစေဖို့

အာဆီယံ-ကိုရီးယားဗဟိုဌာန (ASEAN-Korea Centre) ရဲ့ အထွေထွေ အတွင်းရေးမှူး Kim Young-sun က ကျွန်တော်တို့ဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းကောင်းတွေရှာဖွေဖို့ တောင်ကိုရီးယားနိုင်ငံရဲ့ အလားအလာ အရှိဆုံးဆိုတဲ့ စက်မှုထုတ်ကုန်နဲ့အခြေခံအဆောက်အအုံ ကုမ္ပဏီတွေကို ရွေးချယ်ပြင်ဆင်ထားပါတယ်။ ပြောရရင် ကိုရီးယားသမ္မတနိုင်ငံ အစိုးရကလည်း မြန်မာနိုင်ငံမှာ ဒီကဏ္ဍနှစ်ရပ်ဖွံ့ ဖြိုးလာစေဖို့ အာရုံစိုက် ဆောင်ရွက်လျက် ရှိပါတယ်လို့ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့အမျိုးသားဘက်စုံဖွံ့ ဖြိုးတိုးတက်ရေးမဟာဗျူဟာ (National Comprehensive Development Plan for 2011-30) မှာ တိုင်းပြည်ရဲ့ ဂျီဒီပီတိုးတက်မှုကို ၆ ရာခိုင်နှုန်းကနေ ၉ ရာခိုင်နှုန်းအထိ ရရှိဖို့ ရည်မှန်းချက် ချမှတ်ထားပါတယ်။ ဒီရည်မှန်းချက်တွေ ဖြည့်ဆည်းနိုင်ရေးမှာ တောင်ကိုရီးယား ကုမ္ပဏီတွေက တက်တက်ကြွကြွပါဝင်ဆောင်ရွက်လျက်ရှိပါတယ်။

ဆတက်ထမ်းပိုးတိုးတက်လာမည်

Kim Young-sun က ကိုရီးယားကုမ္ပဏီတွေဟာ မြန်မာနိုင်ငံက လိုအပ်နေတဲ့အတွေ့အကြုံကောင်းတွေရှိသလို ခေတ်မီနည်းပညာတွေကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ဒါကြောင့် ကိုရီးယားကုမ္ပဏီတွေဟာ မြန်မာနိုင်ငံရဲ့ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးမှာ ကဏ္ဍပေါင်းစုံကနေ ပါဝင်ဆောင်ရွက်နိုင်စွမ်း ရှိပါတယ်။ ဆိပ်ကမ်း၊ ကားလမ်းနဲ့ ရထားလမ်းလို ကိစ္စရပ်တွေမှာ ကျွန်တော်တို့အားတက်သရော ပါဝင်ကူညီဆောင်ရွက်လိုပါတယ်လို့ ပြောကြားခဲ့တာကိုကြည့်ရင် မြန်မာနိုင်ငံနဲ့ ကိုရီးယားသမ္မတနိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုဟာ အနာဂတ်ကာလမှာလည်း ဆတက်ထမ်းပိုးတိုးတက်လာမည်ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။ ။

လူသစ်(မကွေး)