ဆူးကြားက ဘူးခါးဘဝများ

ထွန်းသစ်စ

 

သမီးလေးအတွက် စစ်ဖြစ်ပွားတဲ့နေရာက လွတ်မြောက်လို လွတ်မြောက်ငြားနဲ့ ဆေးဝါးအကူအညီရလိုရငြား ဂျဗားကာရာဝမ်နဲ့ သူ့ရဲ့ဇနီးဟာ ရှိစုမဲ့စုဒေါ်လာလေးတွေ သုံးပြီး ဆီးရီးယားအနောက်မြောက်ပိုင်းက တူရကီနိုင်ငံကိုထွက်ပြေးဖို့ ကြိုးစားခဲ့ကြ ပါတယ်။ သူတို့ဟာ ကလေးနှစ်ယောက်နဲ့အတူ သူတို့ကိုယ်သူတို့ထွက်ပြေးလွတ် မြောက်ဖို့ ငါးကြိမ်ထက်မနည်း ကြိုးစားခဲ့ကြပါတယ်။

 

ကြိုးစားခဲ့ကြ

ဒါပေမယ့်လည်း ကံမကောင်းစွာနဲ့သူတို့ရဲ့ ကြိုးစားမှုတွေဟာ အချည်းနှီးဖြစ်ခဲ့ ပါတယ်။ သူတို့ထွက်ပြေးဖို့ကြိုးစားတိုင်း သူတို့ကိုမိပြီး ဆီးရီးယားရဲ့ အနောက် မြောက်ပိုင်း စစ်ပွဲဒဏ်ခံမြို့လေးဖြစ်တဲ့အီဒလစ်ရဲ့ ယာယီခိုနားရာစခန်းဆီကိုပြန်ပို့လိုက်ပါတယ်။

“ဒီနေရာမှာ ကျွန်တော့်အတွက် အလုပ်မရှိပါဘူး။ အခြေအနေတွေဟာ တကယ့်ကို ဆိုးရွားလှပါတယ်”လို့ အသက် ၃၁ နှစ်ရှိ ဂျဗားက ပြောပါတယ်။

မျက်စိအခြေအနေဆိုးရွားနေတဲ့ အသက်သုံးနှစ်အရွယ် သမီးလေးကို ကောင်းမွန်တဲ့ကုသမှုတွေ လုပ်ဆောင်ပေးဖို့ စိတ်အားထက်သန်နေတဲ့ မိဘတွေ ဖြစ်ကြတဲ့ ဂျဗားနဲ့ ဝါလာလာတို့ဟာ သူတို့ဆွေမျိုးတွေဆီက ပိုက်ဆံလေးတွေကိုချေးငှားခဲ့ကြပါတယ်။ ရရှိလာတဲ့ပိုက်ဆံလေးတွေကို လူမှောင်ခိုကူးတဲ့သူတွေဆီကို ပေးပြီး တစ်ဖက်ကိုရောက်ရှိအောင် ကြိုးစားခဲ့ကြပါတယ်။

 

ဖမ်းဆီးထိန်းသိမ်းခြင်းခံရ

ဒါပေမယ့် ယခုရက်သတ္တပတ်ငါးကြိမ်မြောက်ကြိုးစားမှုမှာတော့ ဂျဗားဟာ နှစ်နိုင်ငံကိုပိုင်းခြားထားတဲ့နယ်ခြားအုတ်တံတိုင်းပေါ်ကပြုတ်ကျပြီး ခြေထောက်ကျိုး သွားပါတော့တယ်။ ဒီဖြစ်ရပ်တွေမတိုင်ခင်အစောပိုင်းမှာ အတ်မီမြို့မှာရှိတဲ့သူတို့ ခိုနားရာ စခန်းတစ်ခုရဲ့အပြင်ဘက်မှာ ဂျဗားဟာ အဖြူရောင်ရှပ်အင်္ကျီဝတ်ဆင်ထား ပြီး မုတ်ဆိတ်မွေးများကိုသထားကာသူ့ရဲ့ဇနီးနဲ့ကလေးနှစ်ယောက်ကို အိတ်နှစ်လုံး နဲ့အတူ မော်တော်ဆိုင်ကယ်ပေါ်တင်ပြီး တူရကီနယ်စပ်ကို တရားမဝင် ဖြတ်ကျော်ဖို့ ကြိုးစားခဲ့ပါသေးတယ်။

အဲဒီတုန်းကလည်း သူတို့တွေတူရကီနယ်စပ်မှာ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းကိုခံခဲ့ရပါတယ်။ ဒါဟာတစ်ကြိမ်တည်းမဟုတ်ပါဘူး။ သူတို့ထွက်ပြေးဖို့ကြိုးစားတိုင်းမှာအခုလိုပဲဖမ်းဆီးထိန်းသိမ်းခြင်းခံနေရတာပါ။ တူရကီတွေ ကလည်း သူတို့နယ်စပ်ကိုဖြတ်ကျော်ဖို့ကြိုးစားတဲ့သူတွေကိုအခုလိုမျိုးပဲ မျက်ခြည် အပြတ်မခံဘဲ ဖမ်းဆီးထိန်းသိမ်းနေကြတာ ဖြစ်ပါတယ်။

တစ်ကြိမ်မှာသူတို့ဟာ ကျောက်တုံးတွေသဲက္တာရတွေကိုဖြတ်ပြီး နာရီပေါင်း များစွာကြာအောင် ညအမှောင်ကိုအားပြုကာ ခရီးကြမ်းနှင်ပြီး နယ်စပ်တံတိုင်းကို ကျော်ဖြတ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲဒီနေရာမှာတူရကီလှည့်ကင်းနဲ့ တွေ့ပြီး ဖမ်းဆီးထိန်းသိမ်းခြင်း ခံရပြန်ပါတော့တယ်။

 

မိသားစုတွေသိန်းချီရှိ

ငါးကြိမ်မြောက်ကြိုးစားမှုမစတင်ခင်သူဟာ သူတို့အတွက်နေရာချပေးထားတဲ့နားခိုရာစခန်းတစ်ခုထဲမှာထိုင်ပြီး ဒါဟာဘဝမဟုတ်ဘူးလို့နိုင်ငံခြားသတင်း ဌာနတစ်ခုဖြစ်တဲ့ အေအက်ဖ်ပီရဲ့ သတင်းထောက်ကိုပြောပြပါတယ်။

“တူရကီထဲကိုမရောက်မချင်း ကျွန်တော်အကြိမ် ၅၀၊ ၆၀၊ ၁၀ဝ တိုင်အောင် ကြိုးစားသွားမှာဖြစ်ပါတယ်။ ကျွန်တော်အလျှော့ပေးမှာမဟုတ်သေးဘူး”လို့ သူက ပြောပါတယ်။ အီဒလစ်ပြည်နယ်တောင်ပိုင်းမှာအခြေချနေထိုင်တဲ့ ဂျဗားနဲ့သူ့ရဲ့ မိသားစုဟာ ဗုံးဒဏ်တွေကြောင့်ထွက်ပြေးလာတဲ့မိသားစုပေါင်း လေးသိန်းလောက်ထဲက မိသားစုဝင်တစ်စုပဲဖြစ်ပါတယ်။ သူတို့လိုမျိုး ဒုက္ခသုက္ခတွေတွေ့နေတဲ့မိသားစု တွေ သိန်းချီရှိကြပါတယ်။

“ကျွန်တော်တူရကီကိုသွားပြီး အလုပ်တစ်ခုရှာချင်တယ်။ မိသားစုနဲ့ကလေးတွေ ကို ထောက်ပံ့ချင်တယ်”လို့ ဂျဗားကပြောပါတယ်။ အဲဒီအကြောင်းကို ပြောပြနေတဲ့ အချိန်မှာ အသက်သုံးနှစ်အရွယ်သူ့သမီးလေးက ပေတိပေစုတ်အိပ်ရာလေးပေါ်မှာ ပြန့်ကြဲကျနေတဲ့အာလူးကြော်လေးတွေကို လိုက်ပြီး ကောက်စားနေပါတယ်။

 

ဆုံးဖြတ်ချက်ချပြီးလုပ်ဆောင်နေ

ဒမတ်စကတ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေ၊ ဆီးရီးယားမဟာမိတ်မော်စကိုတို့ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လွန်ခဲ့တဲ့ဧပြီလကတည်းကစပြီး အခုအချိန်အထိ အရပ်သား ၁၀ဝ၀ သေဆုံးခဲ့တယ်လို့ ဗြိတိန်အခြေစိုက်ဆီးရီးယားလူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။

မကြာခဏတိုက်ပွဲတွေဖြစ်ပွားပေမယ့်လည်း လွန်ခဲ့တဲ့ သြဂုတ်လ ၃၁ ရက် ကတည်းက ရုရှားနောက်ခံငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို ကျင်းပခဲ့ကြပါတယ်။ “ကျွန်မတို့ တူရကီကို စွန့်စားသွားရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဆုံးမှာတော့ ကျွန်မတို့မရောက်နိုင်ခဲ့ပါဘူး”လို့ ဝါလာလာက စိတ်မကောင်းစွာနဲ့ပြောပါတယ်။

တူရကီဟာ ကမ္ဘာပေါ်မှာ ဆီးရီးယားဒုက္ခသည်အများစု ပမာဏအားဖြင့် ၃ ဒသမ ၆ သန်းလောက်အထိကို လက်ခံလျက်ရှိပါတယ်။ ဒါပေမယ့်လည်း အခုအခါ မှာတော့ ဒီပမာဏထဲက တချို့ဒုက္ခသည်တွေကို သူတို့ရဲ့နေရပ်ကို ပြန်ပို့ဖို့ ဆုံးဖြတ်ချက်ချ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

မကြာသေးမီရက်သတ္တပတ်တွေကလည်း တရားဝင်နေထိုင်ခွင့်အထောက်အထား စာရွက်စာတမ်းတွေမပြနိုင်တဲ့ ဒုက္ခသည်ရာပေါင်းများစွာကို သူတို့ရဲ့နေရပ်ကို ပြန်ပို့ဖို့ လုပ်ဆောင်ခဲ့တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့တွေက ပြောကြားခဲ့ ပါတယ်။ ဒီအပေါ်မှာတူရကီကတော့နေရပ်ပြန်သွားတဲ့သူတွေဟာ စေတနာ အလျောက် လုပ်အားပေးတဲ့သူတွေဖြစ်တယ်လို့ ဆိုပါတယ်။

သမ္မတရီဆက်တေရစ်အာဒိုဂန်က တူရကီ သို့မဟုတ် ဥရောပမှာရောက်နေတဲ့ ဆီးရီးယားဒုက္ခသည်နှစ်သန်း သုံးသန်းဟာ ဆီးရီးယားမှာ ပြန်လည်အခြေချသင့်တယ် လို့ သူက ဖော်ပြပါတယ်။ အခုဆိုရင် ဆီးရီးယားဘက်ခြမ်းမှာ အန္တရာယ်ကင်းဇုန် တွေတည်ဆောက်နေပြီလို့လည်း သူကဆိုပါတယ်။

အီဒလစ်မှာ ဖြစ်ပွားနေတဲ့အကြမ်းဖက်ကိစ္စတွေကြောင့်ထွက်ပြေးလာတဲ့ အဘူဆလွန်းနဲ့ သူ့ရဲ့ဇနီးနှစ်ယောက်နဲ့ကလေးရှစ်ယောက်တို့ဟာ အခုတော့အိမ်လို့ ဆိုရရုံနေရာလေးမှာ ကြမ်းတမ်းစွာနဲ့နေနေရပါတယ်။ အဲဒီနေရာလေးဟာလည်း နယ်စပ်တံတိုင်းနဲ့ သိပ်မဝေးကွာတဲ့နေရာလေးမှာ ရှိနေပါတယ်။

 

အိပ်မက်တွေကိုအကောင်အထည်ဖော်ချင်

သူတို့နေရာလေးကို တူရကီနယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေတောင် အဝေးမျှော်စင် ပေါ်က ကြည့်ရင်လှမ်းမြင်နိုင်ပါတယ်။

တင်ပျဉ်ချိတ်ပြီး ဖျာပေါ်မှာထိုင်နေတဲ့အဘူဆလွန်းဟာ စီးကရက်တစ်လိပ်ကို ခဲပြီး လက်ဖက်ရည်ကိုတစ်ကြိုက်သောက်လိုက်ပါတယ်။ သူ့ရဲ့ဘေးမှာတော့သူ့ရဲ့ သားသုံးယောက်လည်း ဝိုင်းဖွဲ့ထိုင်နေကြပါတယ်။ သူ့ရဲ့အမျိုးသမီးကတော့ ရိုးရာ ဟင်းတစ်ပွဲကို ချက်ပြုတ်နေပါတယ်။ အသက် ၄၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လယ်သမား ကြီး အဘူဆလွန်းဟာ တူရကီကိုရောက်အောင်သွားချင်နေတဲ့သူ့ရဲ့ ပြင်းပြတဲ့ စိတ်ကူးယဉ်အိပ်မက်ကို ပြောပြနေပါတယ်။ ဒါပေမယ့်လည်း မိသားစုတစ်ပြုံ တစ်ခေါင်းကြီးနဲ့တူရကီကို တရားမဝင်ထွက်မယ်ဆိုရင် ငွေကုန်ကြေးကျလည်း များ နိုင်သလို တူရကီကိုရောက်ဖို့လည်း ဘယ်လိုမှမဖြစ်နိုင်ပါဘူး။

ကျွန်တော်တို့ကိုတူရကီကိုခေါ်သွားပါ။ ဒါမှမဟုတ်ရင်လည်း ကျွန်တော်တို့ရဲ့ ဇာတိရွာတွေကို ပြန်ခေါ်သွားပါ။ ဒီမှာနေရာတာ ဘယ်လိုမှအဆင်မပြေသလို ဒီမှာ နေထိုင်ရတဲ့ဘဝဟာလည်း သည်းမခံနိုင်တဲ့ ဘဝအခြေအနေဖြစ်နေပါတယ်”လို့ သူကပြောလိုက်ပါတယ်။ သူတို့ရဲ့ ဘဝတွေဟာ ဘယ်လိုမှမလှပနိုင်ပါဘူး။ ။ကိုးကား-အေအက်ဖ်ပီ