ဆယ်စုနှစ်တစ်ခုကျော် ကျင်းပနိုင်ခြင်းမရှိသည့် အာဆီယံကလပ်ပြိုင်ပွဲ ပြန်လည်ကျင်းပရန် စီစဉ်

ရန်ကုန်   ဒီဇင်ဘာ   ၂၇

အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ဆယ်စုနှစ်တစ်ခုကျော် ကျင်းပနိုင်ခြင်းမရှိသည့် အာဆီယံကလပ် ချန်ပီယံရှစ်ပြိုင်ပွဲကို ၂၀၂၂ ခုနှစ်တွင် ပြန်လည်ကျင်းပရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။ ယင်းပြိုင်ပွဲကို ၂၀၀၃ နှင့် ၂၀၀၅ ခုနှစ်တွင် ကျင်းပပြီးနောက်ပိုင်း ကျင်းပနိုင်ခြင်းမရှိဘဲ လာမည့်နှစ်မှသာ ပြန်လည် ကျင်းပရန် စီစဉ်နေခြင်းဖြစ်သည်။

အရှေ့တောင်အာရှဒေသတွင်း ကလပ်အသင်းများအတွက် ဒေသတွင်းပြိုင်ပွဲမရှိသဖြင့် အာဆီယံ ဘောလုံးအဖွဲ့ချုပ်အနေဖြင့် ယင်းပြိုင်ပွဲကို ပြန်လည်ကျင်းပရန် စီစဉ်နေခြင်းဖြစ်သည်။ ယင်းပြိုင်ပွဲကို အရှေ့တောင်အာရှဒေသတွင်းမှ ကလပ်အသင်းများ ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်ပြီး အမှတ်ပေးချန်ပီယံ အသင်းကို ဦးစားပေးယှဉ်ပြိုင်ခွင့်ပြုမည်ဖြစ်သည်။

အချို့နိုင်ငံများမှာ နှစ်သင်းယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သောကြောင့် အမှတ်ပေးချန်ပီယံအသင်းအပြင် အမှတ်ပေးပြိုင်ပွဲ ဒုတိယဆုရအသင်း သို့မဟုတ် ရှုံးထွက်ချန်ပီယံအသင်းကို ယှဉ်ပြိုင်ခွင့်ပြုမည် ဖြစ်သည်။ ယင်းပြိုင်ပွဲကို ၂၀၂၀ ပြည့်နှစ်ကတည်းက ကျင်းပရန် စီစဉ်ထားသော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ်တို့တွင် ကျင်းပနိုင်ခြင်းမရှိဘဲလာမည့်နှစ်မှသာ ပြန်လည် ကျင်းပမည်ဖြစ်သည်။ ကျင်းပပြီးစီးခဲ့သည့် နှစ်ကြိမ်အနက် ၂၀၀၅ ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် ဘဏ္ဍာ၊ အခွန်အသင်း ယှဉ်ပြိုင်ခဲ့ပြီး ၂၀၀၃ ပြိုင်ပွဲတွင်မူ ယှဉ်ပြိုင်ခွင့်ရပြီးမှ ပြန်လည်နုတ်ထွက် ခဲ့ခြင်းဖြစ်သည်။ လာမည့် နှစ်တွင်ကျင်းပဖြစ်ပါက နောက်ဆုံးကျင်းပခဲ့သည့် ၂၀၂၀ MNL ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် ရှမ်းယူနိုက်တက်အသင်း ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။ ၂၀၂၁ ခုနှစ်တွင် MNL ပြိုင်ပွဲကို ကပ်ရောဂါကြောင့် ကျင်းပနိုင်ခြင်းမရှိဘဲ ဖျက်သိမ်းခဲ့ရသည်။

ရဲရင့်လွင်