စီးပွားရေးအသိုက်အဝန်းတစ်ခု ဖော်ဆောင်နိုင်ရေး အလုပ်သမားများဘဝမြှင့်တင်ပေး

ထက်ဝေအောင်(စစ်ကိုင်း)

 

နိုင်ငံ၏ ကုန်ထုတ်စွမ်းအားတိုးတက်သော ဈေးကွက်စီးပွားရေးစနစ်တစ်ရပ် ဖော်ဆောင်ရာတွင် စက်ရုံ၊ အလုပ်ရုံများ၏ လည်ပတ်မှုအခန်းကဏ္ဍမှာ အရေးကြီးလှပါသည်။ ကုန်ထုတ်စွမ်းအားတိုးတက်ရေးသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ကိုယ်စားပြုပြီး ရေရှည်ကောင်းမွန်သော စီးပွားရေးအသွင်သဏ္ဌာန်ကို ဖြစ်ပေါ်စေပါသည်။ စက်ရုံ၊ အလုပ်ရုံများ ကောင်းမွန်စွာ လည်ပတ်နိုင်ရေးအတွက် လူ၊ စက်ပစ္စည်း၊ ငွေကြေးအရင်းအနှီးများ လိုအပ်သည်ကို တွေ့ရပါသည်။ စက်ပစ္စည်းနှင့် ငွေကြေးအရင်းအနှီးသည် ငွေကြေးဓန အင်အားပြည့်စုံသည်နှင့် အခက်အခဲတစ်ခု မဖြစ်နိုင်ဘဲ လွယ်ကူစွာဖြည့်တင်းရယူနိုင်သော ကိစ္စရပ်များ ဖြစ်ပါသည်။ လူဟူသော လူ့စွမ်းအားအရင်း အမြစ်မှာ ရှားပါးအရေးပါ တန်ဖိုးကြီးမားလွန်းလှပါသည်။ အကြောင်းမှာ အလုပ်သမားများ၏ကျွမ်းကျင်မှု အတွေ့အကြုံများသည် အချိန်တို အတွင်း လွယ်လင့်တကူ မရရှိနိုင်သော ရင်းနှီးမြှုပ်နှံမှုဖြစ်သဖြင့် ရေရှည်အသုံးဝင်နေမည် ဖြစ်ပါသည်။

 

ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေမည်

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးသည် မိမိတို့နိုင်ငံသားများ သင့်တင့်လျောက်ပတ်သော အလုပ် အကိုင် တိုးမြှင့်ရေးအတွက် အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိကြသည်။ အမှန်တကယ် အလုပ်လိုအပ်နေသူများကို အလုပ်ခန့်ထားပေးနိုင်မှုသည် ပြည်သူအများစု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးရေး၊ ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးကို အလေးထားခြင်း ဖြစ်သည်။ အလားတူ ကုန်ထုတ်လုပ်မှု အခန်းကဏ္ဍတွင် အဓိကအင်အားဖြစ်သည့် အလုပ်သမား များ၏ ကျွမ်းကျင်မှုအတွေ့အကြုံ၊ လုပ်သားအင်အား ခါးဆက်မပြတ်ရေးမှာပဓာနကျပြီး စည်းကမ်းကောင်းမွန်သော ကျွမ်းကျင်လုပ်သားများ၏ လုပ်ငန်းကျွမ်းကျင်မှုများသည် အခြေခံအကျဆုံး လုပ်ငန်းခွင်များကို ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်ပါသည်။

 

ပဋိပက္ခများ လျော့နည်းလာ

နိုင်ငံတော်အနေဖြင့် နိုင်ငံသားများ၏ အလုပ်အကိုင် အခွင့်အလမ်း၊ နည်းပညာ၊ အရင်းအနှီးများ ပိုမိုရရှိရေးအတွက် အထူးစီးပွားရေးဇုန်များ၊ စက်မှုဇုန်များ၊ ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံလိုသူများစွာကို ဖိတ်ခေါ် ဆောင်ရွက်လျက်ရှိပါ သည်။ ကုန်ထုတ်လုပ်မှုကဏ္ဍများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး အလေးထားဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းခွင် တည်ငြိမ်မှုရှိသော ပြည်တွင်း ပြည်ပအလုပ်အကိုင်အခွင့်အလမ်းများကို ဖြည့်ဆည်းဖော်ဆောင်ပေးလျက်ရှိသည်။ အလုပ်သမားများအတွက် သင့်လျော်သည့် အလုပ်အကိုင်တိုးမြှင့်ရရှိရေး ကြိုးပမ်းမှုအဖြစ် ပြည်တွင်း ပြည်ပ အလုပ်အကိုင်ရှာဖွေပေးရေး၊ အလုပ်သမား မှတ်ပုံတင်ပြုလုပ်ပေးရေး၊ ပြည်တွင်းအလုပ်သမားများ၏ အနည်းဆုံး အခကြေးငွေဆိုင်ရာ လုပ်ခလစာ တိုးမြှင့်ရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးနိုင် ခဲ့သည်။ လုပ်ငန်းခွင်များအတွင်း လိုက်နာကျင့်သုံးရန် ဥပဒေ၊ နည်းဥပဒေများ ခိုင်မာစွာ ပြဋ္ဌာန်းပေးနိုင်ခြင်းကြောင့် အလုပ်ရှင်၊ အလုပ် သမားများကြားရှိ ပဋိပက္ခများမှာလည်း တဖြည်းဖြည်း လျော့နည်းလာသည်ကို တွေ့ရပါသည်။

 

အလုပ်အကိုင်အခြေအနေများ တိုးတက်ကောင်းမွန်လာစေရေး အလုပ်သမား၊ အစိုးရနှင့် အလုပ်ရှင်သုံးပွင့်ဆိုင် ပူးပေါင်း ဆောင်ရွက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ နိုင်ငံတော်အစိုးရနှင့်အတူ အိုင်အယ်လ်အိုအဖွဲ့ကြီးက ပါဝင်ကူညီပေးလေ့ ရှိသည်။ အိုင်အယ်လ်အို၏ ဦးတည်ချက်နှင့်အညီ အဖွဲ့ဝင်နိုင်ငံများကို ကျွမ်းကျင်အကူအညီ၊ နည်းပညာအကူအညီနှင့် ပညာသင်ဆုများပေးလျက် အားဖြည့်ကူညီခြင်းများ ဆောင်ရွက်ပေးသည်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့၏ ညီလာခံကို တစ်နှစ်တစ်ကြိမ် နှစ်စဉ်ကျင်းပလေ့ရှိပြီး အုပ်ချုပ်ရေးအဖွဲ့ကို ရွေးချယ်တင်မြှောက်ပေးခြင်း၊ ညီလာခံမှရရှိသော သဘောတူညီချက်များ၊ အကြံပြုချက်များဖြင့် အလုပ်သမားစံနှုန်းများနှင့် အလုပ်သမား ဥပဒေများကို အတည်ပြု သတ်မှတ်ပေးလေ့ရှိသည့် အိုင်အယ်လ်အိုအဖွဲ့ကြီး၏ လူမှုတရားမျှတရေး လုပ်ဆောင်ချက်များ =သည် အရေးပါအရာရောက်နေဆဲဖြစ်သည်။ အပြည်ပြည် =ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (အိုင်အယ်လ်အို) (International Labour Organization-ILO)ကို ၁၉၁၉ ခုနှစ်တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည်ကို လေ့လာသိရှိရသည်။ ရည်ရွယ်ချက်ကောင်းများဖြင့် ဖွဲ့စည်းခဲ့သော အိုင်အယ်လ်အို အဖွဲ့ကြီးသည် နိုင်ငံများ၏ အလုပ်သမားရေးရာကိစ္စရပ် များတွင် လူမှုရေး၊ တရားမျှတမှုကို ရှေ့ဆောင်ရှေ့ရွက်ပြုရေး၊ ထာဝစဉ်တည်တံ့သော ကမ္ဘာ့ငြိမ်းချမ်းရေးကို အထောက်အကူပြုရေးကိစ္စများကို အလေးထားဆောင်ရွက်ပေးခဲ့သည်။ အလုပ်သမားများနှင့် ပတ်သက်သော လုပ်ငန်းခွင်အခြေအနေ တိုးတက်ကောင်းမွန်ရေးနှင့် လူနေမှုစနစ်များ တည်ငြိမ်ရေးတို့ကို အလေးထားသဖြင့် အပြည်ပြည်ဆိုင်ရာ အစိုးရများ၊ သမဂ္ဂများနှင့် အလုပ်သမား ကိုယ်စားလှယ်များပါဝင်သော ညီလာခံများကျင်းပပြီး အလုပ်သမားများ၏ အရေးကိစ္စများကို ညှိနှိုင်းဆွေးနွေးပေးခဲ့သည်မှာ ယနေ့ထက်တိုင်ပင်ဖြစ်ပါသည်။

 

အနာဂတ်အိပ်မက်များ ပိုမိုတောက်ပလာမည်

အလုပ်သမားအရေးသည် နိုင်ငံ့အရေးကိစ္စ ဖြစ်ပါသည်။ ပြည်တွင်း ပြည်ပအလုပ်အကိုင်အခွင့်အလမ်း ရရှိရေး၊ အလုပ်သမားခံစားခွင့် ပြည့်ပြည့်ဝဝရရှိရေး၊ အလုပ်သမားရေးရာ ပဋိပက္ခများချုပ်ငြိမ်းရေးဥပဒေ၊ နည်းဥပဒေများနှင့် အညီ ဆောင်ရွက်ပေးကြရပါသည်။ မြန်မာနိုင်ငံ အနေဖြင့် ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းများ ဖြစ်သည့် အစိုးရကဏ္ဍ၊ ပုဂ္ဂလိကကဏ္ဍများမှ အလုပ်အကိုင်ပိုမိုရရှိရေး နှစ်အလိုက်ဆောင်ရွက်ပေးနိုင်ခဲ့သည်ကိုလည်း တွေ့ရှိရ သည်။ ပြည်ပအလုပ်အကိုင်ရှာဖွေပေးနိုင်မှုကို လေ့လာကြည့်လျှင် ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေများအတိုင်း အလုပ်သမားများ အလုပ်အကိုင်အခွင့်အလမ်း ခံစားခွင့်ရရှိရေး အလုပ်အကိုင် အကျိုးဆောင်အေဂျင်စီများမှတစ်ဆင့် ချိတ်ဆက်ဆောင်ရွက်ပေးနေသည်ကိုလည်း တွေ့ရှိရပါသည်။ အလုပ်လုပ်ကိုင်နိုင်သူများ တစ်ဦးချင်း ဝင်ငွေရရှိရေး အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်ရန် လိုအပ်ပြီး သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင် ရရှိရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းပြပွဲများ ပိုမိုဆောင်ရွက်ပေးခြင်းဖြင့် အလုပ်လိုအပ်နေသူများ၏ အနာဂတ် အိပ်မက်များ ပိုမိုတောက်ပလာမည် ဖြစ်ပါသည်။

 

ဖွံ့ဖြိုးပြီးနိုင်ငံများ၏ လုပ်ငန်းလိုအပ်ချက်များတွင် လုပ်သားလိုအပ်ချက်မှာ ဟင်းတစ်ခွက်တွင် မပါမဖြစ် ဆား တစ်ပွင့်ပမာတူညီသည်။ ပြည်ပနိုင်ငံအသီးသီးမှ စက်ရုံ၊ အလုပ်ရုံများတွင် ကျွမ်းကျင်အလုပ်သမားများ တရားဝင် ခေါ်ယူရခြင်းဈေးကွက်များ ဖြစ်ထွန်းအောင်မြင်လာခဲ့သည်။ နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမားအချို့သည် အိမ်တွင်းမှု အထောက်အကူပြု အလုပ်နေရာများဖြစ်သည့် အိမ်တွင်း ဧည့်ကြိုများ၊ သန့်ရှင်းရေးအလုပ်သမားများ၊ ယာဉ်မောင်းများ၊ ချက်ပြုတ်သူများ၊ ကလေးသူငယ်စောင့် ရှောက်ပေးရသူများ၊ သက်ကြီးရွယ်အိုစောင့်ရှောက်ပေးရသူများ၊ လုံခြုံရေး ဝန်ထမ်းများအစရှိသည့် အလုပ်အမျိုးအစားများတွင် ပါဝင် လုပ်ကိုင်လာကြသည်ကို တွေ့ရှိရသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများမှ ရွှေ့ပြောင်းသွားလာ အလုပ်လုပ် ကိုင်နေကြသည့် အလုပ်သမားများကို လေ့လာဆန်းစစ်ကြည့်လျှင် အလုပ်အကိုင် အခွင့်အလမ်းနည်းပါးခြင်း၊ လုပ်ခလစာ နည်းပါးခြင်းတို့ကြောင့် လုပ်ခလစာပိုမိုရရှိသည့် နိုင်ငံများကို ရွေးချယ် သွားလာနေကြခြင်း ဖြစ်ပါသည်။ နိုင်ငံအလိုက် ရေခံမြေခံသဘောတရား၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေ များကြောင့် တစ်နိုင်ငံချင်းစီ၏ အလုပ်သမားရပိုင်ခွင့် အခွင့် အရေးများလည်း မတူကွဲပြား ရှိနိုင်ပါသည်။

 

အမိမြေတွင် ပြန်လည်အသုံးပြုနိုင်

ယနေ့ကမ္ဘာ့နိုင်ငံအသီးသီးတွင် အဓိကလိုအပ်လျက်ရှိသည့် ကျွမ်းကျင် အလုပ်သမားများ၏ အခန်းကဏ္ဍသည် ထိပ်ဆုံးကအရေးပါလာခဲ့သည်။ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျှော့ချရေးအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုပေါ်ပေါက်ရရှိရန်လိုအပ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ အလုပ်သမား လိုအပ်ချက်ပြည့်မီရေး ရွှေ့ပြောင်းအလုပ်သမားလိုအပ်မှု အရေအတွက်မှာ စဉ်ဆက်မပြတ် တိုးပွားလာဖွယ်သာ ရှိပါသည်။ နိုင်ငံတစ်ခုမှ တစ်ခုသို့ ရွှေ့ပြောင်းအလုပ်လုပ်ကြသဖြင့် အလုပ်သမား၊ အလုပ်ရှင်နှစ်ဖက်စလုံးတွင် စီးပွားရေးဖွံ့ဖြိုး တိုးတက်စေသော အကျိုးအမြတ်များ ရရှိစေနိုင်ပါသည်။ မြန်မာအလုပ်သမားများအနေဖြင့် အချိန်ပေးဆပ်ရရှိလာမည့် နိုင်ငံခြားဝင်ငွေ၊ ပြည်ပအလုပ်အကိုင် အတွေ့အကြုံများ၊ အသိပညာ၊ အတတ်ပညာများကို အမိမြေတွင် ပြန်လည်အသုံးပြုနိုင်သည့် အခွင့်အရေးများ ပိုင်ဆိုင်ရရှိနိုင်ပါသည်။

 

အလုပ်သမားများသည် နိုင်ငံတစ်နိုင်ငံ၏ လုပ်အားရင်းမြစ်ဖြစ်ပြီး မိခင်နိုင်ငံနှင့် အလုပ်လက်ခံပေးသော နိုင်ငံများ၏ ရေရှည်အကျိုးစီးပွားဖွံ့ဖြိုးရေးကို အဓိက မောင်းနှင်ပေးလျက်ရှိသည်။ ထို့ကြောင့် ပြည်တွင်းအလုပ်သမားများနှင့် ရွှေ့ပြောင်းသွားလာနေကြသည့် ရွှေ့ပြောင်းအလုပ် သမားများ၏ ဘဝအာမခံချက်နှင့် လူမှုဘဝလုံခြုံစိတ်ချရသော အခြေအနေ ကောင်းများရရှိရေးမှာ လွန်စွာအရေးပါလာခဲ့ပါသည်။ စက်ရုံ၊ အလုပ်ရုံ လုပ်ငန်းခွင်များတွင် အလုပ်သမား ခန့်ထားရေးဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုခြင်း၊ ပြဋ္ဌာန်းထားသည့် အလုပ်သမားဥပဒေနှင့်အညီ အလုပ်ရှင်နှင့် အလုပ်သမားအဖွဲ့အစည်းများ ဖွဲ့စည်းခြင်းနှင့် အလုပ်သမားရေးရာ ပြဿနာများ ဖြေရှင်းပေးခြင်းများ စဉ်ဆက်မပြတ် ဖြစ်ထွန်းအောင်မြင်မှုရှိရန် လိုအပ်သည်။

 

ရွှေ့ပြောင်းသွားလာလုပ်ကိုင်ခြင်းသည် ပွင့်လင်းမြင်သာရှိသည့် ခေတ်ကို အမီလိုက်လျက် တစ်ဟုန်ထိုး တိုးတက်နေ သော အလုပ်သမားများ၏ စီးပွားရေးအရွေ့ပင် ဖြစ်သည်။ ကမ္ဘာကြီးသည် ခေတ်မီတိုးတက်ခြင်းဖြင့် စက်မှုနည်းပညာ နယ်ပယ်အသီးသီးကို ကျော်လွှားရောက်ရှိသည့်တိုင် အသိဉာဏ်ရှိသော လူ့စွမ်းအားအရင်းအမြစ်များကို အသုံးပြု နေရဆဲ ဖြစ်ပါသည်။ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာများ တိုးတက်လာခြင်းကြောင့် ကမ္ဘာကြီး သည် ရွာတစ်ရွာပမာ တည်ရှိလာခဲ့သည်။ နည်းပညာနယ်ပယ်အသီးသီးတွင်လည်း စက်ကိုထိန်းချုပ်နိုင်သည့် လူသား အကူအညီများ၊ ကျွမ်းကျင်အလုပ်သမားများ၏ စွမ်းပကားများမှာ ထိပ်ဆုံးရောက်ရှိလာခဲ့သည်။

 

ခံစားခွင့်များရရှိရေးမှာ လွန်စွာအရေးကြီး

သို့ဖြစ်ရာ ရွှေ့ပြောင်းအလုပ်သမားများ တရားဝင်လမ်းကြောင်းမှ သွားရောက်အလုပ်လုပ်ကိုင်ရေး သတင်းအချက် အလက်၊ အသိပညာများ ကျယ်ပြန့်စွာ သိရှိနားလည်ရန် လိုအပ်လှသည်။ အလုပ်သမားများသည် မသိနားမလည်သဖြင့် တရားမဝင်အလုပ်သမားစေလွှတ် ရေးအေဂျင်စီများနှင့် အလုပ်ပွဲစားများကို ဆက်သွယ်ကြလေ့ရှိသဖြင့် အလိမ်ခံရ နိုင်ဖွယ်ရှိကြောင်း သတိပြုကြရပါမည်။ အလုပ်သမားစေလွှတ်ရေး အေဂျင်စီများကလည်း လူစုဆောင်းမှုအစီအစဉ်တွင် ပွင့်လင်းမြင်သာမှုရှိရပါမည်။ သို့မှသာ ရွှေ့ပြောင်းအလုပ်သမားများအတွက် ခေါင်းပုံဖြတ်မှုကင်းဝေးခြင်း၊ ကုန်ကျစရိတ် အနည်းဆုံးဖြစ်ခြင်း အစရှိသော တရားမျှတမှုများ ရရှိစေမည်ဖြစ်ပါသည်။ ရွှေ့ပြောင်းအလုပ်သမားများအတွက် ရွှေ့ပြောင်းသွားလာ မှုလုံခြုံရေး၊ အလုပ်သမား ဥပဒေပါအတိုင်း ခံစားခွင့်များ ရရှိရေးမှာ လွန်စွာအရေးကြီးလှပါသည်။

 

မြန်မာနိုင်ငံအနေဖြင့် အဆိုပါလိုအပ်ချက်များကို ဖြည့်ဆည်းကူညီပေးလျက်ရှိပြီး ထိုင်း၊ မလေးရှား၊ ကိုရီးယားကဲ့သို့ နိုင်ငံကြီးများတွင် အလုပ်သမားအရေး ဖြေရှင်းပေးနိုင်မည့် အလုပ်သမားသံအရာရှိများ စေလွှတ်ထားရှိပေးခြင်း၊ နိုင်ငံတကာ အလုပ်သမားရေးရာ စံသတ်မှတ်ချက်များကို အလေးထားရှိခြင်း၊ သက်ဆိုင်ရာနိုင်ငံများ၏ အလုပ်သမား ဥပဒေနှင့် အမိန့်ညွှန်ကြားချက်များနှင့်အညီ အလုပ်သမားများအရေး ကူညီဖြေရှင်းပေးခြင်း၊ ရွှေ့ပြောင်း အလုပ်သမားများ၏ ဘာသာစကား အခက်အခဲ၊ လုပ်ငန်းခွင်အခက်အခဲများ ကူညီဖြေရှင်းပေးနိုင်ရန် စကားပြန်များ ထားရှိပေးခြင်းနှင့် သက်ဆိုင်ရာသံရုံးနှင့် ပူးပေါင်းဆောင်ရွက်ပေးခြင်းများ ကူညီဆောင်ရွက်ပေးလျက်ရှိသည်ကို ဝမ်းမြောက်ဖွယ် လေ့လာသိရှိရသည်။

 

စည်းမျဉ်းစည်းကမ်းများ လိုက်နာရန်လိုအပ်

လုပ်ငန်းခွင်အတွင်း အလုပ်သမားများ အချိန် မတိုင်မီသေဆုံးခြင်း၊ မသန်စွမ်းဖြစ်ခြင်း၊ ရောဂါတစ်မျိုးမျိုး ခံစားခြင်းများ မဖြစ်စေရန် လုပ်ငန်းခွင်ဘေးကင်းရေး၊ အလုပ်သမားများ၏ ကျန်းမာရေး၊ သက်သာချောင်ချိရေးဆိုင်ရာ ရပိုင်ခွင့်များကို အလုပ်ရှင်ဘက်မှ စီစဉ်ဆောင်ရွက်ပေးရပြီး လုပ်သားများဘက်ကလည်း လုပ်ငန်းခွင်ဘေးကင်းရေး၊ အလုပ်သမားများ၏ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များကို လိုက်နာရန် လိုအပ်ပါသည်။ လုပ်ငန်းခွင် မတော်တဆမှုနှင့် ရောဂါဖြစ်ပွားမှု လျှော့ချရေးဆောင်ရွက်ရာတွင် အလုပ်ရှင်၊ အလုပ်သမားများမှ မှန်ကန်သော အသိအမြင်၊ အတွေးအခေါ်ဖြင့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာရန်လိုအပ်ပါသည်။ ထို့အတူပင် အလုပ်ရှင်၊ မန်နေဂျာ၊ အလုပ်သမားများ၏ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး အသိအမြင်များ မြှင့်တင်ရေးဆိုင်ရာ ဆွေးနွေးပွဲများကို အခါအားလျော်စွာ ကျင်းပပြုလုပ်ပေးခြင်းဖြင့် ဘေးကင်းလုံခြုံသော ဘဝများကို ပိုင်ဆိုင်နိုင်မည် ဖြစ်ပါသည်။ အလုပ်ရှင်၊ အလုပ်သမားလုပ်ငန်းခွင် ဆက်ဆံရေးကောင်းမွန်ခြင်းဖြင့် စံချိန်မီထုတ်ကုန်များ ပိုမိုထုတ်လုပ် နိုင်မည့်အပြင် နှစ်ဦးနှစ်ဖက် အကျိုးတူပူးပေါင်းလျက် ဂုဏ်သိက္ခာရှိသော တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော လုပ်ငန်းခွင်အဖြစ် ရေရှည်တည်တံ့နိုင်မည် ဖြစ်ပါကြောင်း ယုံကြည်လျက် မေလ ၁ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြု ရေးသားလိုက်ရပါသည်။    ။