စိန်ခေါ်မှုကြားမှ ပြည်သူ့ဆန္ဒဖြည့်ဆည်း

ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် ရွေးကောက်ပွဲသည် ကနဦးအထူးအရေးကြီးသော လုပ်ငန်းစဉ် ဖြစ်သည်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို တက်လှမ်းစမြန်မာနိုင်ငံတွင် ဒီမိုကရေစီယဉ်ကျေးမှု အလျင်အမြန်ထွန်းကားနေသည်ဟု ဆိုနိုင်သည်။ မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီစနစ်ကို အသက်ဝင်စေသည့် ရွေးကောက်ပွဲ အတွေ့အကြုံ နုနယ်သေးသော်လည်း စိန်ခေါ်မှုများကြားမှ ပြည်သူ့ဆန္ဒများကို ဖြည့်ဆည်းပေးနိုင်ရန် ကြိုးပမ်းအားထုတ်နေသည်။ 

ဒီမိုကရေစီအသွင်ကူးပြောင်းသည့် သက်တမ်းနှစ်ခုတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွေ့အကြုံ နှစ်ကြိမ်ရှိခဲ့သော်လည်း ယခုတတိယအကြိမ်တွင် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်း၌ ကိုဗစ်-၁၉ ကူးစက် ရောဂါဘေးနှင့် ကြုံတွေ့နေရသောကြောင့် စိန်ခေါ်မှုများ ပိုမိုကြုံတွေ့ရသည်။ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေသည့် ယခုတစ်နှစ်တာ ကာလအတွင်း ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၈၀ ကျော်သည် ရွေးကောက်ပွဲ၊ လူထုဆန္ဒခံယူပွဲများ ကျင်းပရန်စီစဉ်ခဲ့ကြသည်။

ဒီမိုကရေစီအခိုင်အမာတည်ဆောက်ထားသည့် အမေရိကန်ပြည်ထောင်စု သည်ပင် ကမ္ဘာပေါ်တွင် ကိုဗစ် - ၁၉ ရောဂါအများဆုံးဖြစ်နေသည့်ကြား၊ အခက်အခဲများရှိသည့်ကြားမှ ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ခဲ့ သည်။ မြန်မာနိုင်ငံအနေဖြင့်လည်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကြားမှ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးသည့်ပြည်သူများ လုံခြုံစိတ်ချစွာဖြင့် မဲပေး နိုင်ရန် နည်းလမ်းအမျိုးမျိုး စဉ်းစားဆောင်ရွက်ခဲ့ကြသည်။ စိန်ခေါ်မှုများကြားမှ ကြိုတင်မဲပေးရေးလုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပြီး ပြည်လုံးကျွတ်ရွေးကောက်ပွဲကိုလည်း ကျင်းပနိုင်တော့မည် ဖြစ်သည်။

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အဓိကတာဝန်ဖြစ်သော်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ချောမွေ့အောင်မြင်စွာကျင်းပနိုင်ရေး၊ မဲဆန္ဒရှင်ပြည်သူများ ဘေးကင်းလုံခြုံရေးအတွက် ပါတီစွဲကင်းစွာဖြင့် သက်ဆိုင်ရာနှင့်အားလုံးက ဝိုင်းဝန်းကူညီပေးနိုင်မှ အောင်မြင်မည်ဖြစ်သည်။ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရေးသည် နိုင်ငံတော် အစိုးရ၏ ဦးစားပေးမူဝါဒဖြစ်ပြီး ပြည်သူလူထုလွယ်ကူချောမွေ့စွာ မဲပေးနိုင်ရေး၊ ကိုဗစ်-၁၉ ကူးစက်ရောဂါဘေးမှ ကင်းဝေးစေရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ပံ့ပိုးကူညီဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဒီမိုကရေစီအသွင်ကူးပြောင်းစမြန်မာနိုင်ငံအတွက် ပြည်သူလူထုသည် မိမိတို့၏ဆန္ဒများကို လွတ်လပ်စွာထုတ်ဖော်နိုင်ရန် ဆယ်စုနှစ်များစွာစောင့်စားခဲ့ရသည်။ ယခုပြည်သူလူထု၏ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ပြီ ဖြစ်သည်။ ဒီမိုကရေစီနိုင်ငံတွင် ပြည်သူလူထု၏ဆန္ဒသည် အရေးကြီးသလို တန်ဖိုးထားရမည့် အရေးကိစ္စဖြစ်သည်။ တစ်တိုင်းပြည်လုံး ပြည်သူလူထု တစ်ရပ်လုံး တစ်နေ့တာလုံး ဆန္ဒထုတ်ဖော်ရမည့်နေ့သည် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပသည့်နေ့ဖြစ်သည်။ ထိုနေ့ကို အားလုံးကစောင့်ဆိုင်းပြင်ဆင်နေကြသလို စည်းကမ်းတကျ၊ စနစ်တကျ၊ ဥပဒေနှင့်အညီ တရားမျှတ၊ လွတ်လပ်စွာပြုလုပ်နိုင်ရေးအတွက် အားလုံးက အပြုသဘောဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရမည် ဖြစ်သည်။

ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ် တစ်ထပ်တည်းကျပြီး မျှတရမည်၊ လွတ်လပ်ရမည်၊ ပွင့်လင်းမြင်သာမှုရှိရမည်၊ အများယုံကြည်လက်ခံနိုင်မှုရှိရမည် စသည့် စံ (၅) ချက်အတိုင်း ဖြစ်စေလိုကြောင်း၊ မိမိတို့၏ခံယူချက်မှာ လွတ်လပ်ပြီးတရားမျှတရမည်။ ပြီးလျှင် သန့်ရှင်းရမည်ဖြစ်ကြောင်း၊ နိုင်ရင်ပြီးရော၊ ဘယ်နည်းနှင့်နိုင်နိုင် နိုင်အောင်ချမည်ဆိုတာ နိုင်လည်းသိက္ခာမဲ့ကြောင်း၊ ရှက်ဖွယ်ကောင်းကြောင်း နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်က ယခုနှစ် ဩဂုတ်လ ၈ ရက်နေ့တွင် နိုင်ငံတော်သမ္မတအိမ်တော်၌ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များအား တွေ့ဆုံစဉ် လမ်းညွှန်မှာကြားခဲ့သည်။

ယခုအခါ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပတော့မည်ဖြစ်သည်။ ရွေးကောက်ပွဲအတွက် ကျန်းမာရေးမှစ၍ အစစ အရာရာ၊ အဘက်ဘက်တွင် အစဉ်ပြေအောင် ဝိုင်းဝန်းကူညီဆောင်ရွက်ခဲ့သော် လည်း ရွေးကောက်ပွဲမကျင်းပမီ အကြိုကာလများအတွင်း အားနည်းချက်၊ ချွတ်ယွင်းချက်၊ လိုအပ်ချက်များရှိခဲ့သလို အနိုင်ရလိုစိတ်အားကြီးလာသောကြောင့် အမှားအယွင်းနှင့် မသမာမှုအချို့လည်း ရှိခဲ့သည်။ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်အောင်ကြိုးပမ်းဆောင်ရွက်နေသော်လည်း တရားမျှတမှုမရှိအောင် ဖန်တီးနေမှုများလည်း ရင်ဆိုင်ကြုံတွေ့နေရသည်။

သို့ဖြစ်ရာ နိုင်ငံတော်အစိုးရအနေဖြင့် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲများဖြစ်ရေး မူဝါဒချမှတ်ထားသည်နှင့်အညီ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကလည်း လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ အတိုက် အခိုက်များ၊ စိန်ခေါ်မှုများကြားမှ ပြည်သူလူထု၏ဆန္ဒများအား တရားမျှတ မှန်ကန်စွာ ဖြည့်ဆည်းပေးနိုင်အောင် ဝိုင်းဝန်းကူညီဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။ 

ကြေးမုံ