စိန်လင်းနှင့် ပိုးကြာဖြူခင်တို့၏ ‘You Are My Life’ တေးသီချင်းကို လူမှုကွန်ရက်တွင် ကြည့်ရှုသူများစွာ ရရှိခဲ့

အဆိုတော် စိန်လင်း(Aroma)နှင့် MRTV-4 မှ ထုတ်လွှင့်ပြသနေသော ဇာတ်လမ်းတွဲများဖြင့် အောင်မြင်နေသူ သရုပ်ဆောင် ပိုးကြာဖြူခင်တို့ သီဆို၍ လူမှုကွန်ရက်တွင် တင်ထားသည့် You Are My Life တေးသီချင်းမှာ အွန်လိုင်းတွင် ကြည့်ရှုအားပေးသူ ပရိသတ်များစွာ ရရှိနေပြီး နာမည်ကြီး အောင်မြင်လျက်ရှိကြောင်း သိရသည်။

ကျွန်တော့်အနေနဲ့ သီချင်းတွေ စဆိုလာတာက ၂၀၁၅ ကစပြီး ပထမဆုံး တစ်ကိုယ်တော် အခွေ ‘ပေါက်နေပြီ နဲ့ စခဲ့တာပေါ့နော်၊ ကိုယ်တိုင်ကလည်း ဂီတကိုမြတ်နိုးတဲ့သူတစ်ယောက် ဖြစ်နေတော့ ကိုယ်လုပ်ချင်တာကို လုပ်နေရရင် ပျော်နေတာပါ၊ အခု ညီမလေး ပိုးကြာဖြူခင်နဲ့ ဆိုထားတဲ့ You Are My Life  သီချင်းလေးက အစတုန်းက ဖန်တီးဖြစ်ခဲ့တာကတော့ ညီမလေး ရတနာမိုင်နဲ့ ဆိုဖို့ပါ၊ ရှေ့မှာ ရတနာမိုင်နဲ့ သီဆိုခဲ့တဲ့ ‘ရေမြေခြား ဆိုတဲ့ သီချင်းလေးကလည်း တော်တော်လေး ပရိသတ်ကြိုက်ခဲ့တော့ ဒီတစ်ခါလည်း သူနဲ့ပဲဆိုမယ်ဆိုပြီး စဉ်းစားထားတာပါ၊ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ညီမလေး ပိုးကြာဖြူခင်နဲ့ ဆိုဖြစ်ခဲ့တာပါ၊ ပိုးကြာဖြူခင်ကလည်း နယ်တွေမှာ သီချင်းဆိုသွားရင် အဆိုကောင်းတာရယ်၊ သူ့အသံလေးက တစ်မျိုးလေး ခံစားရတာမို့ ဒီသီချင်းက သူနဲ့လည်း လိုက်ဖက်တာကြောင့် အတူတူ ဆိုဖြစ်ခဲ့တာပါ၊ ညီမလေး ပိုးကြာဖြူခင်က ဇာတ်လမ်းတွဲထဲမှာလည်း မိုးကောင်းကင်ဆိုတဲ့ ကာရိုက်တာလေးနဲ့ သရုပ်ဆောင်ခဲ့တယ်၊ အဲဒီဇာတ်လမ်းမှာလည်း သူက အဆိုတော်မလေးတစ်ယောက်ပေါ့၊ ပြီးတော့ ကျွန်တော် လွန်ခဲ့တဲ့ သုံးလလောက်က ပဲခူး သနပ်ပင်မြို့ ဘောလုံးကွင်းမှာ ဖျော်ဖြေရေးတစ်ခုသွားတော့ သူဆိုတာလေးကို ခံစားမိတယ်၊ သူတော်တော် ဆိုနိုင်တယ်ပေါ့နော်၊ ပရိသတ်ကိုလည်း ထိန်းတာတော်တယ်၊ ဒါကြောင့် သူနဲ့ ဒီသီချင်းလေးဆိုဖြစ်ရင် ကောင်းမယ်လို့ စိတ်ကူးလေးရပြီး လုပ်ဖြစ်သွားတာပါ ဟု You Are My Life သီချင်းကို ပိုးကြာဖြူခင်နှင့်တွဲ၍ သီဆိုဖြစ်ခဲ့ပုံကို စိန်လင်းက ပြောပြသည်။

You Are My Life  သီချင်းအကြောင်းနှင့် ပတ်သက်၍လည်း “တေးရေး ထက်မော် ရေးပေးတဲ့ သီချင်းလေးပါ၊ ညီမလေး ရတနာမိုင်နဲ့ ဆိုထားတဲ့ ရေမြေခြား သီချင်းကလည်း သူပဲရေးပေးခဲ့တာပါ၊ သီချင်းက အင်္ဂလိပ်စာသားလေးတွေလည်း ပါလို့ ခေါင်းစဉ်လေးကိုလည်း You Are My Life  လို့ ပေးဖြစ်ခဲ့တာပါ၊ ဒီသီချင်းလေးကို ကျွန်တော်တို့ နဂိုမူရင်းအသံအတိုင်း ဆိုထားပါတယ်၊ ဘာတစ်ခုမှ လုပ်ထားတာမျိုး မရှိဘူး ဟု စိန်လင်းက ဆက်ပြောပြသည်။ You Are My Life (မင်းဟာငါ့ဘဝ)ဟု အမည်ပေးထားသော အဆိုပါ သီချင်းထဲတွင် တစ်ယောက်နှင့်တစ်ယောက် ချစ်ကြသည့်အခါ ဘယ်သူတွေလာပြီး သွေးထိုးပါစေ၊ လမ်းမခွဲဘဲ ရှေ့ဆက်လျှောက်ကြမည်ဆိုသည့်အကြောင်းကို သီဆိုထားကြောင်း သိရသည်။ စိန်လင်း(ဗမသော) အနေဖြင့် ၂၀၁၅ ခုနှစ်မှ စတင်၍ တေးသီချင်းများကို ကိုယ်တိုင်ဖန်တီးခဲ့ပြီး ပထမဆုံး တစ်ကိုယ်တော်ခွေအဖြစ် ‘ပေါက်နေပြီ စီးရီးကို ထုတ်လုပ်ခဲ့ကာ မီနီအယ်လ်ဘမ် အဖြစ် မြန်မာပြည်သိန်းတန်နှင့်အတူ ‘အန်ကယ်ကတော့ နိုးပါ စီးရီးကိုလည်း ထုတ်ထားသည်။ ထို့အပြင် ရတနာမိုင်နှင့်အတူ သီဆိုထားသည့် ‘ရေမြေခြား တေးသီချင်းမှာလည်း အွန်လိုင်းတွင် ပရိသတ်များ၏ အားပေးမှုကို ရရှိခဲ့ကာ ဂီတလောကတွင် မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့ ကြောင်း သိရသည်။

ကိုလင်း