စိန်ရတုပြည်ထောင်စုနေ့မှ ထာဝရငြိမ်းချမ်းရေးဆီသို့

ဖေဖော်ဝါရီ ၁၂၊ ၂၀၂၂

ယနေ့သည် ၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ဖြစ်သည်။ ထူးခြားလေးနက်မှုကိုဆောင်ကြဉ်းသည့် စိန်ရတုပြည်ထောင်စုနေ့တွင် တိုင်းရင်း သားပြည်သူများ လိုလားလျက်ရှိသော ထာဝရငြိမ်းချမ်းရေးရရှိလာစေရန်အတွက် နိုင်ငံတော်အစိုးရက စတင်ကြိုးပမ်းဖော်ဆောင်နေပြီဖြစ်၍ တိုင်းရင်းသားပြည်သူ အပေါင်းတို့က ငြိမ်းချမ်းရေးကို မျှော်လင့်နေကြပြီဖြစ်ပါသည်။ ။

ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲပြီး တိုင်းရင်းသားပြည်သူအားလုံး ငြိမ်းချမ်းသာယာဝပြောသောဘဝများတွင် စိတ်နှလုံးချမ်းမြေ့စွာ ရပ်တည်နေထိုင် နိုင်ရန်အတွက် ငြိမ်းချမ်းရေးသည် မဖြစ်မနေဦးစားပေးဆောင်ရွက်ရမည့် အရေး ကိစ္စဖြစ်သည်။ ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာဝပြောရေးအတွက် အစဉ်နှလုံး သွင်းကြရမည်မှာ တိုင်းရင်းသားပြည်သူအားလုံး သွေးစည်းမှုကို အခိုင်အမာ သက်သေထူနိုင်ခဲ့သည့် ပြည်ထောင်စုနေ့ဖြစ်သည်။ 

တိုင်းရင်းသားပြည်သူအားလုံး သွေးစည်းညီညွတ်မှုကြောင့် လွတ်လပ်ရေးအောင်ပန်းဆင်နိုင်ခဲ့သလို ဤကဲ့သို့ စည်းလုံးညီညွတ်မှုဖြင့်ပင် ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာဝပြောပြီး ဖွံ့ဖြိုး တိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ။ - နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံ့တာဝန်ကို စတင်ထမ်းဆောင် သည့်အချိန်မှစ၍ နိုင်ငံတော်တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ထွန်းကားရေးတို့အတွက် ရှေ့လုပ်ငန်းစဉ် (၅) ရပ် ချမှတ်၍ ဆောင်ရွက်လျက်ရှိရာ ရှေ့လုပ်ငန်းစဉ် စတုတ္ထ အချက်တွင် “တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ပါ သဘောတူညီချက်များ အတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားမည်” ဟူသည့် မူဝါဒချမှတ်ထား သည်။ ချမှတ်ထားသောမူဝါဒနှင့်အညီထူးခြားလေးနက်သည့် စိန်ရတုပြည်ထောင်စု နေ့မှစတင်၍ ပြည်ထောင်စုကြီး ထာဝရငြိမ်းချမ်းရေးကို ဦးလည်မသုန်ဆောင်ရွက် နေပြီဖြစ်သည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိရေးအတွက် ကျူးကျော်သူနယ်ချဲ့တို့ကို ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သည့် မြန်မာ့တပ်မတော်ကြီးနှင့်အတူတိုင်းရင်းသား ပြည်သူများတညီတညွတ်တည်း လက်တွဲဝန်းရံ၍ တွန်းလှန်တိုက်ခိုက်ခဲ့ကြပါသည်။ မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် လက်နက်စွဲကိုင်တွန်းလှန်ပြီးသော်လည်း ပန်းတိုင်သို့မရောက်ရှိခဲ့ပါ။ နှစ်ပေါင်းတစ်ရာကျော် သွေးခွဲအုပ်ချုပ်ခဲ့သည့် ဆိုးမွေ များကို ဖယ်ရှားနိုင်အောင် ဆက်လက်ကြိုးပမ်းကြရပါသည်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်၍ တစ်နိုင်ငံလုံးအနှံ့၊ တောင်ပေါ်၊ မြေပြန့်မကျန် တိုင်းရင်းသားပြည်သူ များနှင့်တွေ့ဆုံ၍ ညီညွတ်မှုကို တည်ဆောက်ခဲ့ရပါသည်။

တိုင်းရင်းသားပြည်သူအားလုံး တစ်သွေးတည်း တစ်သားတည်းရှိနေကြောင်း ကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရှမ်းပြည်နယ် ပင်လုံမြို့လေး၌ ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ တိုင်းရင်းသားကိုယ်စားလှယ်များ သက်သေထူပြနိုင် ခဲ့ပါသည်။ ထိုနေ့သည်မြန်မာ့လွတ်လပ်ရေး၏အမြုတေ၊သမိုင်းဝင်ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သည့် ပြည်ထောင်စုနေ့ဖြစ်ပါသည်။ ယခုအခါ သမိုင်းဝင်ပင်လုံ စာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သည်မှာ (၇၅)နှစ်ပြည့်ခဲ့ပြီး စိန်ရတုပြည်ထောင်စု နေ့သို့ပင် ရောက်ရှိလာပြီဖြစ်သည်။

လွတ်လပ်ရေးအတွက် စည်းလုံးညီညွတ်မှုဖြင့် သက်သေထူနိုင်ခဲ့သလို နိုင်ငံတော်ကြီး ထာဝရငြိမ်းချမ်းရေးအတွက်လည်း စည်းလုံးညီညွတ်ကြပါရန် တိုက်တွန်းအပ်ပါသည်။ ငြိမ်းချမ်းရေးကို အလိုရှိပါက ဆန္ဒသည်သာ အဓိကဖြစ်ပါ သည်။ ပြည်ထောင်စုတိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး၏အကျိုးကို ရှေးရှု၍ ငြိမ်းချမ်းရေးကို ငြိမ်းချမ်းသောနည်းဖြင့် အဖြေရှာကြရပါမည်။ နိုင်ငံရေး ပြဿနာကို လက်နက်ကိုင်နည်းဖြင့် မည်သည့်အခါမျှ အဖြေရှာမရနိုင်သည်ကို မငြိမ်းချမ်းသောအဖြစ်များက သက်သေပြနေပါသည်။ 

၂၀၂၂ ခုနှစ်သည် အရေးပါသည့်နှစ်ဖြစ်ကြောင်း၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ သည် စိန်ရတုပြည်ထောင်စုနေ့ဖြစ်ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့သည် စိန်ရတုလွတ်လပ်ရေးနေ့ဖြစ်သည့်အတွက် နိုင်ငံတော်၏အချုပ်အခြာအာဏာ ပိုမိုခိုင်မာစေဖို့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ခြင်း အသီးအပွင့်များနှင့်ပြည့်စုံဖို့ အရေး ကြီးကြောင်း၊ ယခုနှစ်တွင် ငြိမ်းချမ်းရေးအတွက်ခြေလှမ်းသစ်များစမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ၂၀၂၂ ခုနှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားဖြင့် ပြောကြားထားသည်။ သို့ပါ၍ စိန်ရတု ပြည်ထောင်စုနေ့မှစတင်ပြီး ပြည်ထောင်စုကြီး ထာဝရငြိမ်းချမ်းရေးကို ဝိုင်းဝန်း လက်တွဲဖော်ဆောင်ပေးနိုင်ပါရန် တိုက်တွန်းပါကြောင်း။ ။

ကြေးမုံ