စိတ်ရောဂါတွေ မတိုးစေဖို့

mdn

သတင်းဆောင်းပါး - ခင်မောင်ညို(ဘောဂဗေဒ)

 

လန်ဒန်မှာ အဝင်အထွက်တွေ ကန့်သတ်လိုက်တော့ ၃၃ နှစ်အရွယ် ပန်းချီကားအရောင်းအဝယ် လုပ်တဲ့သူ တစ်ယောက်အတွက်ကတော့ အေးအေးဆေးဆေးပါ။ အရက်စွဲလို့ ဆေးရုံတက်ပြီး နှစ်ခါလောက် အရက်ဖြတ် ဖူးတဲ့အတွေ့အကြုံရှိတာကိုး။ အခုအခါပြန်ကောင်းလာခဲ့ ပါပြီ။ ဆေးရုံမှာတော့ သူ့ရဲ့ လှုပ်ရှားမှုတွေအားလုံးကို ထိန်းချုပ်ထားတာခံရတယ်။ အချိန်မှန်မှန်စားရတယ်။ လမ်းလျှောက်ရတယ်။ ပုံမှန်အလုပ်လုပ်ရတယ်။ အချိန် မှန်အိပ်ရာက ထရတယ်။ အဲဒီတုန်းက အလေ့အကျင့်ဟာ အခုတော့ အဆင်ပြေနေပြီ။ တခြားဗြိတိန်သားတွေလိုပဲ လန်ဒန်မြို့ ပိတ်ထားတာမှာ မိနေပြီ။ နေထိုင်တဲ့သူတွေဟာ ကန့်သတ်ချက်တွေ အများကြီးနဲ့နေရပြီး အပြင်ထွက်ဖို့ ခက်တယ်။ အစိုးရကဆိုရင် ကိုယ်နဲ့ အတူနေတဲ့သူ မဟုတ်ရင် မိသားစုကိုတောင်မှ မတွေ့ပါနဲ့တဲ့။

 

နေရထိုင်ရခက်တဲ့အခါမျိုးဆို ကိုယ့်ကိုယ်ကိုယ် အိပ်ရာပြင်၊ ရေချိုး၊ စားလို့ပြောတယ်။ နံနက်တိုင်း သူကံ ကောင်းတာတွေ ချရေးတယ်။

 

သဘာဝဘေးရန်အစ စစ်ပွဲတွေအဆုံး စိတ်ထိခိုက် စရာတွေဟာ လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်တယ်။ ကိုဗစ်-၁၉ လည်း ဒီလိုပါပဲ။ ကူးစက်မှာကြောက်ရတာက တစ်မျိုး၊ ချစ်ခင်ရင်းနှီးသူတွေ မကျန်းမာမှာ စိုးရတာက တစ်မျိုး ဘဝနဲ့ပတ်သက်လို့ မရေရာ မသေချာတာတွေ အများကြီးဖြစ်နေတယ်။ ကမ္ဘာ့လူဦးရေရဲ့ ငါးပုံတစ်ပုံလောက် အဝင်အထွက်ပိတ်ခံထားရတာ အထီးကျန်ဆန် တယ်လို့ ခံစားရ၊ သောကတွေရောက်ရ၊ စိတ်ဓာတ်တွေ ကျကြ။

 

ဗိုင်းရပ်စ်ပိုးမပြန့်ရအောင် အဝင်အထွက် ပိတ်တာ၊ လူတစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာနေရတာတွေဟာ လူ့သဘာဝနဲ့တော့ တယ်မကိုက်ပါဘူး။ တစ်ယောက် နဲ့တစ်ယောက် ထိတွေ့တာတွေ၊ လူမှုကွန်ရက်တွေက လူတွေအတွက်ရော၊ တိရစ္ဆာန်တွေအတွက်ရော လိုအပ် တယ်။ အဖော်နဲ့ အပေါင်းနဲ့ နေတတ်တဲ့သတ္တဝါတွေမှာ သောကပွားစေတဲ့ ဟော်မုန်းနည်းပါသတဲ့။

 

ကူးမှာစိုးရိမ်လာ

 

အီတလီအစိုးရက တစ်နိုင်ငံလုံးခပ်ခွာခွာနေခိုင်းတာ တစ်လလောက်ပဲရှိသေးပေမယ့် လူတွေစိတ်ဝေဒနာ စခံစားရပြီ။ ကိုဗစ်-၁၉ ကြောင့် လူပေါင်း တစ်သောင်း သုံးထောင်ကျော်သေခဲ့ပြီ။ လူနာ အသည်းအသန်ခန်းမှာ စောင့်ကြပ်ကြည့်ရှုတဲ့ သူနာပြုဆရာမနှစ်ယောက်က ကိုယ့်ကိုယ်ကိုယ်သတ်သေသွားတယ်။ အီတလီအမျိုးသား သူနာပြုအဖွဲ့ချုပ်ရဲ့ အပြောအရဆိုရင်တော့ သူနာပြု တစ်ယောက်ဟာ နေမကောင်းဖြစ်လာပြီး သူကနေလူနာ တွေကို ကူးမှာစိုးရိမ်လာတယ်တဲ့ (တကယ်တော့ သူ့မှာ ရောဂါပိုးမတွေ့သေးပါဘူး)။ အီတလီနောက်ကနေ အတားအဆီးတွေလိုက်လုပ်တဲ့ ဂျာမနီမှာ စီးပွားရေး ထိခိုက်မှုတွေအတွက် စိုးရိမ်တယ်ပြောတဲ့ ပြည်နယ် ဘဏ္ဍာရေးဝန်ကြီးဟာ မတ်လ ၂၈ ရက်နေ့မှာ သတ်သေ သွားခဲ့တယ်။

 

လူတွေ စိတ်ဒုက္ခရောက်နေကြပြီဆိုတာ သဘော ပေါက်နားလည်တဲ့သူတွေလည်း များလာတယ်။ ဒါကြောင့် ဗြိတိန်မှာ စိတ်ကျန်းမာရေးလမ်းညွှန်ချက် တွေကို ကျန်းမာရေးဌာနက မတ်လ ၂၉ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ ရောဂါစမဖြစ်ခင်နဲ့ နှိုင်းစာ ရင် အနာဂတ်ကို အကောင်းမြင်ဖို့ ခက်တယ်လို့ ဗြိတိန် ပြည်သူ ၆၂ ရာခိုင်နှုန်းက ဖြေတယ်။ စားဝတ်နေရေး လုံးပန်းရသလို စိတ်သောကတွေနဲ့လည်း နပန်းလုံးနေကြရတယ်။ စိတ်ဝေဒနာကို ကုစားဖို့ ဆွေးနွေး နှစ်သိမ့်ပေးတဲ့ ဖုန်းလိုင်းတွေ ထောင်ပေးရတယ်။

 

တချို့ လူတွေက သူများထက်ပိုပြီး စိတ်ဆင်းရဲကြရ တယ်။ ကျန်းမာရေးဝန်ထမ်းတွေဟာ ဗိုင်းရပ်စ်ကူးစက်မှု ဒဏ်ကို အခံရနိုင်ဆုံးသူတွေပါ။ ဒါပေမဲ့ ရဲဘော်ရဲဘက် စိတ်နဲ့ လူတွေကို ကူညီနေရာမှာ ပါဝင်နေတယ်ဆိုတဲ့ စေတနာတွေကြောင့် စိတ်ဓာတ်မကျဘဲ ကြံ့ကြံ့ခံနိုင်ကြ တယ်။ ဒါပေမဲ့ ဆရာဝန်နဲ့သူနာပြု အတော်များများဟာ  ကူးစက်နိုင်တယ်ဆိုပြီး မိသားစုနဲ့တခြားစီနေခိုင်းတော့ သောကပိုများစရာတွေ ဖြစ်ကုန်တယ်။

 

တချို့နိုင်ငံတွေမှာ ကျန်းမာရေးဝန်ထမ်းတွေအတွက် အကာအကွယ်ပစ္စည်း အပြည့်အစုံမရှိတာကလည်း သောက ပိုကြီးအောင် လုပ်ရာရောက်နေတယ်။ ခုခံအားနည်းတဲ့  လူနာတစ်ယောက်ကို စောင့်ရှောက်ကုသပေးတယ်ဆိုရင် ကိုယ်လည်း ရောဂါအကူးခံရနိုင်တယ်လို့ ကျန်းမာရေး ဝန်ထမ်းတွေက စိုးရိမ်ပူပန်ကြတယ်။ ဒါပေမဲ့ သူတို့မှာ ကာကွယ်ရေးအသုံးအဆောင် အပြည့် အစုံရှိတယ်။ ဒါကြောင့်လည်း ကူးစက်မယ့်အန္တရာယ်ကို ရင်ဆိုင်ရဲကြတယ်။ ကိုဗစ်-၁၉ က ပိုပြီးကူးလွယ်တယ်။ အဝတ် မပါဘဲ မီးလောင်ပြင်သွားရတာနဲ့တူတယ်လို့ တင်စားကြတယ်။

 

အများကြီးဆုံးရှုံး

 

ပြည်သူလူထုထဲမှာလည်း အထူးသဖြင့် စိတ်ပူတဲ့သူတွေရှိတယ်။ သန်းချီပြီးတော့ အလုပ်လက်မဲ့ဖြစ်သွား တဲ့သူတွေဟာ ဝင်ငွေဆုံးရှုံးတာ မဟုတ်ဘူး။ သူတို့ရဲ့ အမှတ်သင်္ကတေ ပုံမှန်လုပ်ရိုးလုပ်စဉ်တွေအပြင် လူမှု ကွန်ရက်တွေကိုပါ အများကြီးဆုံးရှုံးတာဖြစ်တယ်။

 

မိတ်ဆွေတွေနဲ့ပဲနေလေ့ရှိတဲ့ တစ်ကိုယ်တော်သမားတွေ၊ အိမ်ထောင်ဖက်တွေနဲ့ခွဲနေရတဲ့သူတွေဆိုရင်လည်း အခုဆိုရင် တစ်ယောက်တည်းနေရတဲ့အချိန်တွေ များလာတယ်။ အုပ်စုလိုက် လေ့ကျင့်ခန်းလုပ်တတ်တဲ့သူတွေ၊ အပြင် ထွက် တာကြိုက်တဲ့သူတွေဆိုရင်လည်း ကိုယ့်အခန်းကျဉ်း ကျဉ်းလေးထဲမှာ နေနေရ၊ အင်တာနက်နဲ့ သင်တန်းတွေတက်ရနဲ့ လုပ်နေကြရတယ်။ ၂၉ နှစ်အရွယ် ဘဏ္ဍာရေး ပညာရှင်တစ်ယောက်ကတော့ နံနက်တိုင်းပြေးလို့ ရနေ သေးပေမယ့် မောလို့ထိုင်လိုက်တာနဲ့ ရဲက လာမောင်းထုတ်တော့တာပဲတဲ့။ အဲသလိုမှ အပြင်မထွက်ရင် ရော်ဘင်ဆန်က ရူးဆိုးလို ကျွန်းပေါ် တစ်ယောက်တည်းရောက်နေရပြီး အင်တာနက်က Netflix ထိုင်ကြည့်နေရတဲ့သူဖြစ်တော့ မယ်တဲ့။

 

ဗိုင်းရပ်စ်ကြောင့် အန္တရာယ်သိပ်မရှိတဲ့သူတွေတောင် သီးခြားနေနေရတော့ စိတ်ရောဂါရနေကြပြီ။ ၁၈ နှစ်နဲ့ ၃၄ နှစ်ကြား ဗြိတိန်ပြည်သူ ၆၇ ရာခိုင်နှုန်းက ဆက်ပြီးတက်ကြွဖို့ ခက်တယ်တဲ့။ အသက် ၅၅ နှစ်နဲ့ ၇၅ နှစ်ကြားလူတွေရဲ့ ၅၄ ရာခိုင်နှုန်းက တက်ကြွဖို့ခက်တယ်လို့ဆိုတယ်။ တက်ကြွလှုပ်ရှားနေတဲ့အရွယ်တွေက တက်ကြွဖို့ ပိုခက်တာ ဖြစ်နိုင်ပါတယ်။

 

လနဲ့ချီပြီး အဝင်အထွက်တွေပိတ်ရမယ်ဆိုရင် အသက်ကြီးတဲ့သူတွေက ပိုပြီးဒုက္ခရောက်နိုင်ပါတယ်။ အိမ်အပြင်မထွက်ရဘူးလို့ မတားဆီးခင်ကတည်းက သူတို့ ဟာ အထီးကျန်ဖြစ်နေပြီးသားပါ။ ဥရောပမှာ တစ်ယောက် တည်းနေတဲ့ အမျိုးသမီးကြီးတွေက အမျိုးသားကြီးတွေထက် နှစ်ဆကျော်များပါသတဲ့။ စိတ်ဓာတ်မကျအောင်က မိသားစုတွေ၊ မိတ်ဆွေတွေနဲ့တွေ့ချင်တွေ့၊ အလုပ်တစ်ခုခုကို ပုံမှန်လုပ်ချင်လုပ်။ အီတလီမှာ အဝင်အထွက်အပိတ်ခံ ထားရတဲ့ အသက်ရှစ်ဆယ်အရွယ်အဘိုးအိုကတော့ ဆယ်မိုင် လောက်ဝေးတဲ့ နေရာက သူ့မြေးတွေကို မတွေ့ရတာဟာ အဆိုးဆုံးပဲတဲ့။

 

အနေအထိုင်ကျဉ်းကျပ်၊ လုံခြုံရေးကိုစိတ်ပူ၊ ကျန်းမာ ရေး၊ ငွေရေးကြေးရေးတွေ သောကရောက်နေတဲ့သူတွေက အိမ်တွင်းအကြမ်းဖက်မှုတွေ ပိုများလာတာကို တွေ့ရတယ်။ ကုလသမဂ္ဂ ကျွမ်းကျင်သူတစ်ယောက်ရဲ့ အဆိုအရဆိုရင် အပြင်မထွက်ရသတ်မှတ်ထားတဲ့ တချို့နိုင်ငံတွေမှာ အိမ်တွင်းအကြမ်းဖက်မှုဟာ သုံးပုံတစ်ပုံ လောက်များလာသတဲ့။

 

နှစ်ချီပြီးကြာနိုင်

 

 အခုလိုအဝင်အထွက်တားဆီးတာ၊ ပိတ်ဆို့တာတွေကို အရင်ကမကြုံဖူးဘူး။ ဒါပေမဲ့ သူတို့ကြောင့် စိတ်ဒဏ်ရာ တွေတော့ ကြီးကြီးမားမားရမယ်လို့ တွက်ဆကြတယ်။ ဝေဒနာတွေဟာ နှစ်ချီပြီး ကြာနိုင်သတဲ့။ ၁၉၇၅ ခုနှစ်က ဗီယက်နမ်စစ်ပွဲပြီးသွားပေမယ့် ၁၉၈၀ ပြည့်နှစ်မှာ သုတေသနလုပ်ကြည့်တော့ စစ်ပြန်တွေဟာ သောကတွေ ဖိစီးနေကြတုန်းပါ။

၂၀ဝ၃ ခုနှစ်တုန်းက ဆားစ်(SARS) ရောဂါဝိုင်းဝန်းကုသ ပေးခဲ့ကြတဲ့ ဆေးရုံဝန်ထမ်းတွေကို ၂၀ဝ၉ ခုနှစ်မှာ သုတေသနလုပ်ကြည့်တော့ အဝင်အထွက်ပိတ်ထားတဲ့ဒဏ်ကြောင့် သုံးနှစ်လောက်ကြာချိန်မှာ သောက ပွားနေဆဲဖြစ်နေကြတယ်။ ၂၀ဝ၉ ခုနှစ်တုန်းက အဝင်အထွက်အပိတ်ခံရ တဲ့ဒဏ်ကြောင့် စိတ်ဝေဒနာ ဖြစ်ကြတာတွေကို ၂၀၁၃ ခုနှစ် အထိတွေ့ရတုန်း။ ကလေးတွေဆို လေးဆပိုပြီးဒဏ်ခံကြရတယ်။ မိဘတွေက ၂၈ ရာခိုင်နှုန်းလောက်ပဲ စိတ်ဝေဒနာ ပြင်းပြင်းထန်ထန်ခံစားရတယ်။ အဝင်အထွက်အပိတ်မခံရတဲ့ သူက ခြောက်ရာခိုင်နှုန်းလောက်ပဲစိတ်ဝေဒနာခံစားကြရတယ်။

 

အဝင်အထွက်ပိတ်တာကြာလေ စိတ်ကျန်းမာရေး ထိခိုက်လေပဲ။ ဆယ်ရက်ကျော်အပိတ်ခံရတဲ့သူက ဆယ်ရက် လောက်အပိတ်ခံရတဲ့သူထက် ပိုဆိုးတယ်။ ၂၀ဝ၆ ခုနှစ်ကနေ ၂၀၁၀ ပြည့်နှစ်အထိ အီရတ်က စစ်စခန်းမှာ သွားရောက် လုပ်ကိုင်ခဲ့တဲ့ သြစတြေးလျအမျိုးသမီးတစ်ယောက်က တော့ နောက်ပိုင်းသွားတာတောင်မှ စိတ်ဝေဒနာက ခံစား ရတုန်းပဲတဲ့။ စစ်နဲ့ကပ်ရောဂါနဲ့တော့ မတူပေမယ့် လွတ်လပ်မှုမရှိတာ၊ အန္တရာယ်ရှိတာတော့ တူပါတယ်။  ဟိုတုန်းက ရွေးပိုင်ခွင့်ရှိပေမယ့် အခုတစ်ခါ ဖြစ်တာကတော့ ဘယ်သူမှမလွတ်ဘူး။ ဟိုတုန်းက ရွေးချယ်ခွင့်ရှိ သေးတယ်။

 

အီရတ်မှာတုန်းက လုပ်ဖော်ကိုင်ဖက်အတော် များများဟာ ပျင်းတာရယ်၊ ကြောက်တာရယ်ကြောင့် အရက်သမားတွေဖြစ်ကုန်ကြတယ်။ အခုလည်း အရက် အရောင်းတက်တာကိုကြည့်ရင် ဟိုတုန်းကနဲ့ အတူတူပဲ လို့ တွက်လို့ရတယ်။ ဗြိတိန်မှာ ၂၀၁၉ ခုနှစ်ထက် သုံးပုံနှစ်ပုံ တက်သွားတယ်။

 

သိပ်လည်း သောကမများတဲ့ ပတ်ဝန်းကျင်မှာ လိုလိုလားလား အဝင်အထွက် အပိတ်ခံရတဲ့သူတွေကတော့ အခုအခြေအနေမှာ သက်သာရာရအောင် ဘယ်လိုလုပ်ကြမလဲဆိုတာ နမူနာပြနိုင်ပါတယ်။ အထင်ရှားဆုံး သာဓကက အာကာသယာဉ်မှူးတွေပါပဲ။ မိတ်ဆွေတွေ၊ လူသားတွေနဲ့ အချိန်အကြာကြီးခွဲရ၊ အိပ်ကောင်းခြင်း  မအိပ်ရ၊ နှလုံးကိုလည်း ဒုက္ခပေး၊ သောကတွေပွား၊  စိတ်ဓာတ်ကတက်လိုက်၊ ကျလိုက်ဖြစ်၊ နေရထိုင်ရတာ ကလည်း ကျဉ်းကျဉ်းကျပ်ကျပ်။ ဇွတ်အတင်းနီးနီးကပ်ကပ်  နေခိုင်းတာမျိုးနဲ့ကြုံရတဲ့ အတွဲတွေကျတော့လည်း  အခြေအနေကတစ်မျိုး။ လင်ကွဲမယားကွဲတွေ များလာပြန်တယ်တဲ့။

 

အထီးကျန်နိုင်တာကို ကုစားနိုင်

 

အာကာသယာဉ်မှူးဟောင်း တစ်ဦးကတော့ ပုံမှန်အလုပ်လုပ်ပါ။ နေ့တိုင်းဒိုင်ယာရီရေးပါ။ ဒါဆိုရင် အထီးကျန်နိုင်တာကို ကုစားနိုင်ပါသတဲ့။ ဖြစ်နိုင်ရင် ဖြစ်နိုင်သလောက် အပြင်ထွက်ကြည့်ဖို့ကိုလည်း အဲဒီ အာကာသယာဉ်မှူးဟောင်းကနေ တိုက်တွန်းတယ်။ သူကတော့ သဘာဝတရားကို အစိမ်းရောင်တွေ၊ မျက်နှာ ပေါ်နေရောင်ကျတာတွေ၊ အနံ့တွေကိုပါ စွဲလမ်းစပြုလာ သတဲ့။

 

ဘယ်လောက်ပဲတင်းကျပ်တင်းကျပ်ပါ ဖြေနည်း တွေကတော့ ရှိနေပါတယ်။ လူတွေ အများကြီး ပြည့်နေတဲ့ လမ်းတွေထဲမှာ သူတို့နေနေတယ်ဆိုတာ ပြန်လည်ရှာဖွေတွေ့ရှိသွားတယ်။ ခါတိုင်းဆို အိမ်နီးချင်းတွေကြောင့် စိတ်တိုရပေမယ့် အခုလိုအကျပ်အတည်းတွေ့တဲ့အခါ သူတို့ကြောင့် စိတ်သက်သာရာရစေတယ်။

 

 

ထိခိုက်လွယ်တဲ့သူတွေကို ကူညီမယ့်စေတနာရှင် အဖွဲ့တွေ၊ လုပ်အားပေးအဖွဲ့တွေလည်း ပေါ်ပေါက် လာနေတယ်။ ကူညီဝိုင်းဝန်းမယ့်သူတွေရှိနေတယ်ဆို တာသိရရင် သောကလျော့စေတယ်။ ဒီအကျပ်အတည်း ကြောင့် အရင်ကကြည့်မရတဲ့သူတွေကို ခင်မင်လာတယ်။ မကြားချင်ခဲ့တဲ့ အသံတွေဟာ သာယာလာတယ်။ ကျန်းမာရေးဝန်ထမ်းတွေကို ပြတင်းပေါက်တွေ၊ တံခါးဘောင်တွေကနေထွက်ပြီး လက်ခုပ်တီးကြ၊ အိုးတွေခွက် တွေတီး အားပေးကြတာမျိုးကို ဗြိတိန်၊ အီတလီနဲ့ နယ်သာလန်မှာတွေ့ရတယ်။

 

အပြည့်အဝ ကျေနပ်စရာမဟုတ်ပေမယ့် မိတ်ဆွေ တွေ မိသားစုတွေကို ဗီဒီယိုနဲ့ပြောလို့ဆိုလို့တော့ ရနေ သေးတယ်။ မိတ်လည်းမပျက်တော့ဘူးပေါ့။ အခြေအနေ ပုံမှန်ဖြစ်ရင်တော့ အပြင်မှာ ပြန်တွေ့ရတာလောက် မကောင်းပေမယ့် လောလောဆယ် အာသာပြေပေါ့။ မျက်လုံးချင်း စိုက်ကြည့်ရတာ၊ လူကိုယ်တိုင်မြင်ရတာကို လည်း အရင်ကထက်ပိုပြီး မက်မောတန်ဖိုးထားစရာ ဖြစ်လာမှာပါ။ ။

 

ကိုးကား။ ။The Economist Apr 4 2020