စိတ်ဝင်စားဖွယ်ကောင်းသော ဒိုင်လူမျိုးတို့၏ ဓလေ့ထုံးစံ

ဒိုင်လူမျိုးများသည် ချင်းတိုင်းရင်းသား မျိုးနွယ်တစ်ခု ဖြစ်သည်။

 

ဒိုင်လူမျိုးအကြောင်း စတင်ဖော်ပြရမည်ဆိုလျှင် အာရှတိုက်အလယ်ရှိ မွန်ဂိုလူမျိုးသည် တောင်ဘက် မြန်မာနိုင်ငံဘက်သို့ ဆင်းသက်လာကြသည်။ တရုတ် ပြည်ရှိ ဟိုအင်ဟိုမြစ်ကြီး မြစ်ဖျားခံရာမှ မြောက်ဘက်သို့ စီးဆင်းသွားသောအပိုင်းနှင့် ထိုအစိတ်အပိုင်း၏တောင်ဘက် တွင်ရှိသော ဗယန်ခရတောင်ကြီး၏ စပ်ကြား ဒေသတွင် နေခဲ့ကြသည်။ မြန်မာတို့၏ ဇာတိချက်ကြွေအရပ်ဟု ဆိုနိုင်သည်။ နောင် မြန်မာ လူမျိုးဖြစ်လာကြမည့် တိဘက် လူမျိုးတို့သည် ထိုအရပ်တွင် နေထိုင်ခဲ့ကြသည်ဟု သိရသည်။

 

လေးမျိုးခွဲခြား

 

တရုတ်တို့၏ ရာဇဝင်မှတ်တမ်းများအရ ယင်းဒေသ တွင် နေထိုင်ခဲ့ကြသူများကို 'ချိအင်' ဟုခေါ်ကြသည်။ ချိအင်ဟူသော စကား၏အနက်မှာ'လူ'ဖြစ်သည်။ ချိအင်တို့ သည် တောင်ဘက်မြန်မာနိုင်ငံဆီသို့ တစ်သုတ်ပြီး တစ်သုတ် တိမ်းရှောင်ထွက်ခွာလာခဲ့ကြသည်။ တရုတ် မှတ်တမ်းများအရ ချိအင်လူမျိုးများသည် တရုတ်၏ရန်ကို ရှောင်တိမ်းရင်း အုပ်စုကြီးနှစ်စု ကွဲသွားကြသည်။ အုပ်စု (၁) မှာ အိန္ဒိယမြောက်ဘက်သို့ ရွေ့လျားသွားကြ၍ အုပ်စု (၂)မှာ တရုတ်ပြည်အနောက်ပိုင်းဘက်သို့ ရွေ့လျားသွား ကြသည်။ မွန်ဂိုလူမျိုးကို လေးမျိုး ခွဲခြားနိုင်သည်။ ¤င်းတို့ မှာ နီဂရီတို၊ မွန်ခမာ ထိုင်း၊ တရုတ်တိဗက်-မြန်မာ တို့ဖြစ်သည်။ တိဗက်မြန်မာလူမျိုးကို ပျူ၊ ကမ်းယံ၊ သက် ဟူ၍ သုံးမျိုးခွဲနိုင်သည်။ သက်လူမျိုးကို ကချင်၊ ချင်းမြန်မာ နှင့် ရှေးမြန်မာ၊ လိုလိုနှင့် မုဆိုး ဟူ၍ခွဲနိုင်သည်။

 

မြန်မာနိုင်ငံသို့ ဝင်လာသော အုပ်စု လေးစု အနက် တိဘက်မြန်မာအုပ်စုတွင် သက်လူမျိုး ပါဝင်သည်။ ကချင်၊ ချင်း၊ ကဒူး၊ ကနန်း၊ တောင်သား၊ နာဂတို့၏ အစပြုရာသည် သက် ဖြစ်သည်ဟု သမိုင်းပညာရှင်များက ဆိုသည်။တိဗက်မှ ဟိုတစ်မြစ်ကြောင်းအတိုင်း ဟူးကောင်းချိုင့်ဝှမ်း ကိုဖြတ်၍ ချင်းတွင်းမြစ်အတိုင်း ဆင်း လာကြသူများကို ချင်းလူမျိုးဟု ခေါ်သည်။ သာလ္လာဝတီမြစ်တွင် ချင်းများ နေသည်ကို အစွဲပြု၍ ချင်းတွင်း မြစ်ဟုခေါ်လာသည်။ ချင်းလူမျိုးအချို့သည် တောင်တန်းများပေါ်တွင် ပျံ့နှံ့သွားပြီး အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ်သို့ ရောက်သွားကြသည်။ တိဗက်တိုဘာမင်းလူမျိုးမှ သက်လူမျိုးဆင်းသက်လာသည်ဟု မြန်မာရာဇဝင်က ဆိုသည်။ သက်လူမျိုးကို သာကီဝင်ဟုဆိုကြသည်။ ကလေးအရပ်တွင် တောင်ညိုကို ရာဇဂြိုဟ် ဟု သမုတ်ကာ ခြောက်လနန်းစံသည်။ ဒေသခံများနှင့် ခိုက်ရန်ဖြစ်ပွားရာ ဒေသခံများသည် စစ်ဘေး ကိုရှောင်သည့် အနေဖြင့် အနောက်ရိုးမတောင်ပေါ်သို့ ပြေးတက်သွားကြသည်။ ပစ္စည်းများကို ခြင်းထဲထည့်ပြီး အမြဲလွယ်ရာမှ ချင်းလူမျိုးဟုခေါ်လာကြသည်။ စစ်ဘေးရှောင်သည့် စစ်ဘေးဒုက္ခသည်များနေသော တောင် ကိုလည်း ချင်းတောင်ဟုခေါ်လာကြသည်။ အဝတ်အစားများကို ချွေတာသောအားဖြင့် ဆုတ်ဖြဲ၍ ဝတ်ကြရာမှ ခါးစည်းဝတ် သည့် ဓလေ့လည်းပေါ်လာသည်။

 

ချင်းနှင့် ယောတို့သည် သက်လူမျိုးများဖြစ်ကြောင်း မြန်မာရာဇဝင်တွင် တွေ့ရသည်။ ချင်းလူမျိုးတို့သည် ပုဂံအနီးဘုရားကြီးဒေသတွင် နေထိုင်ခဲ့ကြသည်။ သုနာပရန္တတိုင်းတွင် ယောဒေသ၊ ကလေးဒေသ၊ ချင်းတောင် ဒေသအားလုံးပါဝင်သည်။ သက်တို့မှာ တဖြည်းဖြည်း ချင်းဖြစ်သွားကြကြောင်း မြန်မာရာဇဝင်တွင် တွေ့ရသည်။ ချင်းလူမျိုးတို့သည် ပုဂံအနီး ဘုရားကြီးဒေသတွင် နေထိုင် ခဲ့ကြသည်။ ချင်းပြည်နယ်၏တောင်ဘက်၊ ရခိုင်၏ မြောက်ဘက်ဒေသအနီးတွင် သက်လူမျိုးများ ရှိနေသည်။ ချင်းလူမျိုးတို့သည် အေဒီ ၆ဝဝ တွင် စစ်ကိုင်းနယ်၊ အေဒီ ၈၄၂ တွင် ပုပ္ပားနယ်၊ အေဒီ ၈၄၉ တွင် ပုဂံနယ်တို့၌ နေထိုင်ခဲ့ကြသည်။ အေဒီ ခုနစ်ရာစုတွင် ဧရာဝတီမြစ်ဝှမ်းနေ ချင်းတို့သည် အနောက်ဘက်သို့ တဖြည်းဖြည်း ရွေ့လျားပျံ့နှံ့နေထိုင်ခဲ့သည်။ ချင်းတို့သည် ပုလဲမြို့နယ်၊ ဂန့်ဂေါမြို့နယ်၊ ထီးလင်းမြို့နယ်သို့ ရောက်သွားကြသည်ဟု သိရသည်။

 

ယောမြို့တည်ခဲ့

 

ဧရာဝတီအနောက်ဘက်ကမ်းရှိ သက်(သို့) ချင်းတို့ သည် ရေစကြိုတွင် ကျောက်ပြင်ချီခဲ့၍ ရေစကြိုဟုခေါ်ပြီး နေခဲ့ကြသည်။ ပဲပေါက်ရွာကိုတည်ရာမှ ပေါက်မြို့ဖြစ် ခဲ့သည်။ ထိုမှ ပုံတောင်ပုံညာကိုဖြတ်၍ မန်းအိမ်ရွာကို ယောမြို့တည်ခဲ့ကြသည်။ ဘောလီးခင်ရိုးအတိုင်း တက်လာကာ ဟီးလောင်းရွာကိုတည်ပြီး လုံအိမ်နူးရွာသို့ ရောက်သွားကြသည်။ ဟုန်းလိုင်းမာသည် စလင်းချောင်း အတိုင်း ဆောမြို့နယ် လောင်းရှည်ရွာကိုတည်ခဲ့သည်။ အင်းဘူးရွာတွင်လည်းနေခဲ့ပြီး ဝိတိုရိယ (ခေါ်နူးစုမ်) တောင်ခြေရှိ ပင်းလောင်းနှင့် လေးမြို့မြစ်ဘက်ရောက်သွား သည်။ ဒိုင်လူမျိုးဖြစ်လာမည့် ချင်းလူမျိုးအုပ်စုသည် ထီးလင်းမှ မတူပီ ဒိုင်နယ်သို့လည်းကောင်း၊ ယောဒေသမှ မင်းတပ် ဒိုင်နယ်သို့လည်းကောင်း၊ စေတုတ္တရာနယ်မှ ကန်ပက်လက် ဒိုင်နယ်၊ မင်းပြားဒိုင်နယ်များသို့လည်း ကောင်း၊ ဆောမြို့နယ် လောင်ရှည်နယ်မှ ကန်ပက်လက် ဒိုင်နယ်၊ လေးမြို့မြစ် ဒိုင်နယ်များသို့လည်းကောင်း အသီးသီး ရောက်သွားကြသည်။ ဒိုင်ရွာများသည် ယခုလက်ရှိအတိုင်း ရှိခဲ့ပြီဖြစ်သည်။ မိမိကိုယ်ကို ဒိုင်ဟု အားလုံးကခံယူကြသည်။ ဒိုင်လူမျိုးစကားအရ ဒိုင်သည် ငြိမ်းချမ်းခြင်းဟု အဓိပ္ပာယ် ရသည်။

 

ဒိုင်ဝါးပင်များပေါက်သောဒေသကို ဒိုင်ဒေသ ဟု ခေါ်သည်။ ဒိုင်လူမျိုးတို့ နေထိုင်ရာဒေသ သည် မင်းတပ်၊ ကန်ပက်လက်၊ မတူပီ၊ ပလက်ဝ၊ မင်းပြား မြို့နယ်အတွင်း တစ်ဆက် တစ်စပ်တည်းရှိကာ မြေပုံမှာ ဘဲဥလဲနေသည့် ပုံသဏ္ဌာန်ရှိသည်။ ဒိုင်ဒေသ၏အလယ်ဗဟိုမှာ မကွီးအိမ်နူးရွာ၊ မဒါအိမ်နူးရွာနှင့် မကြား အိမ်နူးရွာတို့ဖြစ်ပြီး မည်သည့်မြို့နှင့်မဆို ခြေကျင်မိုင် ၉ဝခန့်စီ ဝေးသည်။

 

ချင်းလူမျိုးဟုခေါ်တွင်လာပုံ

 

ဘီစီ ၅ဝဝတွင် သကျသာကီဝင် မင်းမျိုး ကံရာဇာကြီးသည် ကလေးနယ်တွင် ထီးနန်း တည်ဆောက်သည်။ ထီးနန်းတည်ဆောက် ရာတွင် ဒေသခံများမပါဝင်လိုကြသဖြင့် အနောက်ဘက်တောင်တန်းပေါ်သို့ ထွက်ပြေး ကြသည်။ မင်းညီမင်းသားများ စစ်ဖြစ်ကြသော အခါ ကလေးများကို ခြင်းတောင်းကြီးများထဲ ထည့်ထမ်းကာ ပြေးကြရသောကြောင့် ခြင်းတောင်တန်းဟု ခေါ်ဆိုရာမှ ချင်းတောင် တန်းဖြစ်လာသည်ဟုခေါ်ဆိုကြသည်။ ထိုမှ တောင်ပေါ်နေသူများကိုလည်း ချင်းလူမျိုးဟု ခေါ်လာကြခြင်းဖြစ်သည်။ ဒိုင်လူမျိုးတို့သည် သွားလာသည့်နေရာတိုင်းတွင် ကြိမ်၊ ဝါးဖြင့် ရက်လုပ်သောခြင်းများထဲတွင် ထမင်း ထုပ်၊ ရေဘူး အမြဲထည့်၍ လွယ်ကြသည်။ ခြင်းကျား ကို အမြဲလွယ်ကြသောကြောင့် ယောလူမျိုး တို့က ယောသံဖြင့် ခြမ်းဟု ခေါ်ဆိုရာမှ နှစ်ကြာလာသောအခါ ချင်းဟု ခေါ်ဆိုကြ ကြောင်း သိရသည်။

 

ဒိုင် သို့မဟုတ် ရင်ဒူး

 

မုန်းချောင်းအနောက်ဘက်ခြမ်းတွင် နေထိုင်သူများကို ဒိုင်ဟုခေါ်သည်။ အမျိုးသမီး များမှာ ပါးမည်းကိုလေးကွက်ပုံများဖော်၍ထိုး ကြသည်။ ဒိုင်လူမျိုးများသည် ရင်မှ ဒူးအထိ ဝတ်ကြသောကြောင့် အင်္ဂလိပ်တို့က ရင်ဒူးဟု မှည့်ခေါ်ခဲ့ကြသည်။ ဒိုင်တိုင်းရင်းသားတို့သည် ငြိမ်းချမ်းစွာနေထိုင်သော လူမျိုးဖြစ်သည်။ ရိုးသားကြသည်။ မဟုတ်မခံသော စိတ်ဓာတ်ရှိ ကြသည်။ အစော်ကားခံရလျှင် အသက်ပင် ပဓာနမထားဘဲ ပြောင်ပြောင်တစ်မျိုး၊ လျှို့ဝှက်၍တစ်ဖုံ တုံ့ပြန်တတ်ကြသည်။ မျိုးချစ်စိတ်ဓာတ် အပြည့်အဝရှိကြသည်။ ဒိုင်လူမျိုးတို့သည် ရန်သူကို တိုက်ခိုက်ရန်နှင့် မိမိကိုယ်ကိုကာကွယ်ရန် ဓားပလိုင်းအမြဲလွယ် ထားသည်။ အရပ်အမောင်းကောင်းကြသည်။ ဆေးတစ်လုံးမျှ မစားဖူးဘဲ အသက် ၉ဝ ကျော် ထိ နေထိုင်ကြရသည်။ မျက်လုံးနက်၍ မျက်ခုံး၊ နှာတံ၊ နှုတ်ခမ်းလှကြသည်။ ဒိုင်တိုင်းရင်းသားတို့သည် နွားနောက်ကို အလွန်တန်ဖိုးထားကြသည်။ နွားနောက် ပိုင်ဆိုင်မှုအပေါ် အငြင်းပွားပြဿနာပေါ်လျှင် လူသတ်သည့်အထိ ပြဿနာဖြစ်ကြသည်။ ဒိုင်လူမျိုးတို့သည် ရန်သူများက အဝေးမှ အလွယ်တကူမမြင်နိုင်သောနေရာ၊ လျှိုမြောင် စိမ့်စမ်းရေပေါ်သောနေရာ၊ ရန်သူမှ မတိုက်ခိုက်နိုင်သော ကျောက်ကမ်းပါးယံထိပ် များတွင် ခြေတံရှည်အိမ်များဆောက်၍ ရွာတည်လျက်ရှိသည်။ အမှတ်အသားပြုလုပ် တားမြစ်ပါလျက် ကျူးကျော်ပါက ဧည့်စိမ်းကို လေး၊ မြားဖြင့်ချိန်၍ မောင်းထုတ်လေ့ရှိသည်။ ရွာ ပြောင်းရွှေ့ခြင်း၊ ရွာသစ်တည်လိုခြင်း ရှိပါက နတ်ဆရာက နတ်ဗေဒင်ဟောကာ ပူဇော်ပြီးမှသာ ပြုလုပ်ကြသည်။

 

အိမ်ကိုနွေရာသီမတ်လတွင် ဆောက် လုပ်ကြသည်။ ဆောင်းရာသီကတည်းက လပြည့်၊ လကွယ်များတွင် သစ်ဝါးများ ပိုးမထိုးရန် ကြိုတင်ခုတ်၍ အရိပ်ကောင်းသော နေရာများတွင် စုပုံကြသည်။ ဝါးနှီးများကို ကြိုတင်စုဆောင်းထားရသည်။ အိမ်မိုးရန် မြက်၊ သက်ငယ်၊ ဝါးရွက်တို့ကို စုဆောင်းရန် မှာ အိမ်ရှင်မတို့၏ တာဝန်ဖြစ်သည်။ အိမ်နံရံ များကို နှစ်ထပ်စီးကာထားကြပြီး အိမ်အောက် ထပ်ကိုလည်း သစ်လုံးဝါးလုံးများဖြင့် အလုံကာ သည်။ ရန်သူမှ အလွယ်တကူချောင်းမြောင်း ပစ်ခတ်ခြင်းမပြုနိုင်ရန်ဖြစ်သည်။ အိမ်ကို များသောအားဖြင့် တောင်၊ မြောက် အလျား ထားဆောက်ကြသည်။ အိမ်တံခါးမပေါက်ဘက် တွင် အိမ်၏အလျား၊ အနံနှင့်ညီသော ဝရန်တာ ဆောက်ကြပြီး အကာများထားသည်။ ညအခါ ရန်သူများ(သို့) သာမန်ကျားများ မဝင်နိုင် ရန်ပြုလုပ်ခြင်းဖြစ်သည်။ ဆွေမျိုးရင်းချာများ က ဝိုင်းဝန်းကူဆောက်ကြသည်။ မီးဖိုအထက် တွင် ထင်း၊ အသား၊ စပါး၊ စားအိုးစားခွက်၊ အိုးကြီးများ၊ ခေါင်အိုးများတင်၍ လေးထပ်စင် ဆောက်ကြသည်။ အိမ်မျက်နှာကြက်၏တစ်ဝက်ကို အပေါ်ထပ်မျက်နှာကြက်၏အောက်ဘက်တွင် တစ်နှစ်စာပြောင်းဖူးများ ချိတ်ဆွဲထားကြသည်။ ဒိုင်တိုင်းရင်းသားတို့ သည် ရွာသူကြီးဦးစီး၍ စစ်တိုက်ကြသည်။ တစ်နေရာတွင်စု၍(ရူးကန်) ခေါင်သောက်ပြီး စစ်တိုက်ရန် ဆုံးဖြတ်ကြသည်။ အချက်ပေးရန် ကိုးထွာမောင်းကြီးကို ထုရသည်။ ကျွဲဦးချိုများ မှုတ်၍ စတိုက်ကြသည်။ ဆိုင်း၊ မောင်းတီးပြီး ကခုန်မာန်သွင်းရင်း စစ်တေးဆိုကာ စစ်တိုက် ကြသည်။ စစ်ရှုံးသူက အခြားရွာကို စစ်ကူ တောင်းပြီး ပြန်တိုက်လေ့ရှိသည်။

 

ယောက္ခမမျိုးထဲမှ သမီးများအနက် သင့်တော်မည့်သူကို မိဘကရွေးပေးရသည်။ မိဘရွေးပေးသည်ကို ငြင်းပယ်ခွင့်လည်းရှိ သည်။ ဒိုင်တိုင်းရင်းသားတို့သည် လူမျိုးခြားကို ယူခွင့်မရှိပါ။ ယူမိခဲ့သည်ရှိသော် လူရာမဝင်ဘဲ အမျိုး၏ပစ်ပယ်ခြင်းကိုခံရသည်။ လူပျိုများ သီးသန့်ဖျာခင်းအိပ်ကြပြီး အပျိုများလည်း သီးသန့်ဖျာခင်း၍ စုအိပ်ကြသည်။ အပျို၊ လူပျို ခင်လျှင် ပုတီးတစ်ကုံး လက်ဆောင်ပေးကြ သည်။ ယောက်ျား အသက် ၁၅နှစ်ပြည့်လျှင် လူပျိုဟု သတ်မှတ်ကြသည်။ မိန်းကလေး ၁၄နှစ်ပြည့်လျှင် အပျိုဟုသတ် မှတ်သည်။ ဒိုင်လူမျိုးတို့သည် အပျို၊လူပျိုဖြစ်လျှင် အားလုံးသွားများနက်အောင် ဆိုးကြသည်။သွားအားလုံးနက်မှ လှသည် ဟုယုံကြသည်။တစ်နှစ်လျှင်တစ်ကြိမ် မိန်းကလေးများကို ဘုရင်ထံပေးပို့ကြသည်ဟု ဆိုကြသည်။ မိဝေးဖဝေးအပို့ခံခဲ့ရသောကြောင့် ဘုရင်မနှစ်သက်အောင်၊ မျက်နှာကိုမည်းအောင်၊ အရုပ်ဆိုးအောင် လုပ်ကြသည်။ နှစ်ကြာ လာသည့်အခါ ပါးမည်းထိုးဓလေ့ဖြစ်လာသည် ဟုဆိုသည်။ ဒိုင်အမျိုးသမီးများသည် ပါးမည်း ထိုးပြီးမှသာ လက်ထပ်ခွင့်ရှိသည်။ ဒိုင်အမျိုး သမီးအချို့မှာ ၁၂နှစ်တွင် နဖူး၊ ၁၃နှစ်တွင်မေး၊ ၁၄နှစ်တွင် မျက်နှာအပြည့် ပါးရဲထိုးကြသည်။ နွားနောက်၊ ဆိတ်၊ ဝက်၊ ကြက်၊ ခွေးတို့ကို သာရေး၊ နာရေး၊ လူမှုရေးတို့တွင်သုံးရန် မွေးမြူကြသည်။ နွားနောက်ကို ကျောင်းရန် မဟုတ်ဘဲ လွှတ်ထား၍ရသည်။ ခွေးကို အိမ် ပေါ်ဝရန်တာတွင် ထား၍မွေးမြူကြသည်။

 

တစ်ဦးချင်း(သို့) အုပ်စုဖွဲ့၍အမဲလိုက်ကြ သည်။ လှံ၊ လေးမြား၊ တူမီး၊ ကျောက်မီး သေနတ်၊ ထောင်ချောက် အမျိုးမျိုးအသုံးပြုသည်။ တောကောင်ရလျှင် ပထမဆုံးပစ်၍ ထိမှန်သူက ခေါင်းနှင့် ပေါင်တစ်ဖက်ခွဲတမ်းရ သည်။ ကလေးများအား မီးမြှိုက်စားရန်နားရွက် အသားတုံးကလေးများကို ဝေပေးကြသည်။ သွေးခဲ၊ နှလုံး၊ အသည်း၊ အဆုတ်၊ နံရိုးနုသား တို့ကိုပြာရည်ဖြင့် အိုးတစ်အိုးချက်ပြီး 'ဆတ် ဘွေး'ဟု ခေါ်သည်။ ဆတ်ဘွေးဟင်းကို အမျိုးသားများသာစားရပြီး အမျိုးသမီးများ လုံးဝမစားရပါ။ မိမိ၏ခင်မင်ရင်းနှီးသူအား အကောင်၏ပေါင် တစ်ဖက်ပေးလျှင် ထိုသူက ကြွက်တစ်ကောင်ပြန်သတ်ပေးရသည်။ တော ကောင်ကြီးကြီး ဥပမာ ဝက်ဝံ၊ တောဝက်၊ ဆိတ်၊ ပြောင်၊ ကျားရလျှင် တောထဲမှရွာသို့ အထမ်းတွင် အားလုံးညာသံပေး၍ 'ပြု' ၍ အော်ဟစ်သည်။ သေနတ်များ ပစ်ဖောက်ကြ သည်။ တောကောင်ရသူက ခေါင်တစ်အိုးထိပ် ပြီး နောက် ထပ်တောကောင်ကြီးကြီးရရန် ဝက်တစ်ကောင်သတ်ရသည်။ ၎င်းကို 'ဆား လူးဖြု'ဟု ခေါ်သည်။ တောကောင်ရသမျှ ဦးခေါင်းများကို အိမ်တွင်းဘက်နံရံများတွင် ချိတ်ဆွဲထားကြသည်။ တောကောင်များစွာ ရသူ ကို အများကကြည်ညိုလေးစားကြသည်။ တောခြောက်ခြင်း၊ ချောင်းပစ်ခြင်း၊ ထောင် ချောက်ဆင်ခြင်းသည် အမဲလိုက်နည်းဖြစ် သည်။ ပလိုင်းခံခြင်း(ပဲစူမ်)၊ မြုံးခံခြင်း (ဖျိုင်း စူမ်)၊ မြုံးထောင်ခြင်း၊ လက်ခင်းပိတ်ခြင်း (ပျာ ဆတ်)၊ ဆေးမင်းချဖမ်းနည်း၊ မြုံးအိမ်ထောင် ခြင်း(ငွေးသုတ်)၊ ယမ်းခွဲ၍ဖမ်းနည်းဖြင့် ငါးဖမ်း လေ့ရှိသည်။ နံနက်ကြက်ဖတွန်လျှင် အိမ်ရှင်မများထ၍ ချက်ပြုတ်ကြသည်။ မလင်းတလင်းတွင် နံနက်စာစားကြပြီး တိရစ္ဆာန်များလည်း ကျွေးမွေးကြသည်။ တစ်နေကုန် တောင်ယာအလုပ်လုပ်ကြသည်။ လုပ်အားပေးခြင်း၊ အများနှင့်ဆိုင်သောလုပ်အားပေးခြင်း၊လက်စားလိုက်ခြင်း၊ အစဉ်အလာ လုပ်အားခများလည်းရှိသည်။ တစ်ရက် လုပ်အားခမှာ ကြက်တစ်ကောင်(ခိုအရွယ်)ဖြစ်သည်။ သုံးရက်လုပ်အားခမှာ ကြက်မကြီး တစ်ကောင်ဖြစ်သည်။ ကျင်းတက် ဝက် ကလေးတစ်ကောင်ဖြစ်သည်။ ဒိုင်လူမျိုးများ သည်-နတ်ဘာသာ၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန် ဘာသာတို့ကို ကိုးကွယ်ကြသည်။

 

အကောင်အားလုံး၊ အရွက်အားလုံး လူတို့ စားသုံးရန်ဖန်ဆင်းရှင်က ဖန်တီးပေးသည်ဟု ယုံကြည်ကြသည်။ ကလေးအားကြက်ဥကျွေး လျှင် 'အ'သည်ဟု ယုံကြည်ကြသည်။ ခရီးသွား လျှင် အသုဘပွဲနှင့် ကြုံလျှင် လာဘ်ကောင်း သည်။ တောကြောင်နှင့်တွေ့လျှင် မကောင်း၊ ရွာအနီးသက်တံရောင်ပေါ်လျှင် မကောင်း သတင်းကြားရတတ်သည်။ တံတွေးသီးလျှင် ခေါင်သောက်ရတတ်သည်။ မိုးတွင်း ကောင်းကင်တွင် လေငှက်များပျံဝဲလျှင် နေသာ မည်။ ရွှေကိုတူးလျှင် ရွာတွင်ဘေးဖြစ်တတ် သည်။ မီးဖိုတွင် ပိုးစုန်းကြူးလာလျှင် တောကောင်သားရတတ်သည်ဟု ယုံကြည်ကြ သည်။ နွား၊ ကျွဲ၊ ဝက် အိပ်မက်က ရန်ဖြစ် တတ်သည်။ ငှက်များဖမ်းရသည်ဟု မက်လျှင် မိသားစုဖျားနာတတ်သည်။ မိန်းမပျိုနှင့်တွဲရ သည်ဟုမက်လျှင် တောကောင် ရတတ်သည်။ ငါးများဖမ်းရသည်ဟုမက်လျှင် ငွေများစွာ ရတတ်သည်။ ခေါင်သောက်ရသည်ဟု မက်လျှင် မိုးရွာတတ်သည်ဟု အိပ်မက် နိမိတ်ယူကြသည်။ နတ်တင်ခြင်း၊ ဝိညာဉ်၊ တစ္ဆေသရဲ၊ ဘီလူး၊ နဂါး၊ လူဝင်စားခြင်းတို့ကို လည်း ယုံကြည်ကြသည်။ အမျိုးသားများသည် ဖခင်အသုံးပြုခဲ့သော ဓား၊ လှံ၊ လေး၊ မြား၊ မြားဘူး၊ သေနတ်၊ ရွှေနားကပ်၊ လက်ကောက်၊ မောင်းကြီး၊ ကျောက်ပုတီးတို့ကို ထိန်းသိမ်း ခဲ့ကြသည်။ အမျိုးသမီးများသည် ငွေဘီး၊ ကြေးဆံထိုး၊ ကြေးလက်ကောက်၊ ခါးတပ်ချူလုံး (ချိန်း)တို့ကို ထိန်းသိမ်းကြသည်။ သီချင်းဆို ခြင်း၊ မိတ်ဆက်သီဆိုခြင်း၊ ဂုဏ်တုဂုဏ်ပြိုင် သီဆိုခြင်း၊ ဂုဏ်ပြုသီချင်းဆိုခြင်း၊ အချစ် သီချင်းဆိုခြင်း၊ နဲသီချင်း၊ ငိုချင်းသီဆိုခြင်း၊ ပလွေဖြင့်သီဆိုခြင်း၊ အသံတု၍ သီဆိုခြင်း၊ ကလေးချော့သီချင်း၊ လာဆတ်သီချင်း စသည့် ရိုးရာသီချင်းများ သီဆိုလေ့ရှိသည့်အပြင် စိမ်းနူးအက၊ အန်လှုမ်စိမ်းအက၊ ဗွီးလမ်စိမ်း အက၊ မောင်းမုအက၊ ကျွဲချိုမှုတ်အက၊ ဆောင်စာပြူးအက၊ နဂါးလမ်အကများလည်း ရှိကြောင်း သိရသည်။ ယင်းအပြင် အခြား ပွဲတော်များလည်းရှိသည်။ဒိုင်လူမျိုးတို့၏ ပွဲတော်အများအပြား ရှိသည့်အနက် ပွဲတော်၏အနှစ်သာရမှ အောက်ပါအတိုင်းဖော်ပြပါသည်။

 

ကျောက်ပြင်ချီပွဲ

 

ဧရာမကျောက်ပြားကြီးကို ချောင်းမှ တောင်ပေါ်သို့သယ်ပြီး ကျောက်လုံးရှည်များ ဖြင့် ထောက်ထားကာ ထမင်းစား စားပွဲကဲ့သို့ တည်ထားခြင်းဖြစ်သည်။ လူသေလျှင် လူသေထည့်ထား သောအရိုးအိုးကို ဤကျောက်ပြား အောက်တွင် ထည့်ထားရသည်။

 

ဒုံကွီးပွဲ

 

နှစ်စဉ်ဒီဇင်ဘာလတွင် ကျင်းပသည်။တောင်ယာသို့ပြောင်းရွှေ့ကြပြီး တစ်နှစ်လုံး တောင်သူလုပ်ငန်းလုပ်ကာ ဒီဇင်ဘာလတွင် ရွာသို့ပြန်ပြောင်းလာကြသောအခါ ရွာကို ဆုတောင်းပွဲပြုလုပ်ခြင်းဖြစ်သည်။ ရွာတွင် လေးပစ် အတော်ဆုံးသူကို ရွေးကြသည်။ပေ ၃ဝဝ ဝေးသော သစ်ပင်ကြီး၏ထိပ်ဖျား အမြင့်ပေ၁ဝဝခန့်တွင် ပစ်မှတ်(ဘော)ကို တင်ပြီး အသက်တစ်နှစ်ပြည့်ပြီးသော ယောက်ျားတိုင်း မိမိလေးမြားဖြင့် ပစ်ကြရ သည်။ သစ်ပင်အောက်တွင် အမ်ပိုင်စိမ်း (မြူးြ<ွကဆိုင်း) တီးကာ ဒိုင်း၊ လွှား၊ လှံကြီး (ဓားလုံးဝမပါ)များ ကိုင်ဆောင်ကာ ရန်သူကို မည်သို့ ကာကွယ်မည်၊ တိုက်ခိုက်မည်ကို အားမာန်ဟန်အပြည့်ဖြင့် ကကြသည်။ မကောင်းမိစ္ဆာ များဘေးမှ ကင်းဝေးရန် ဆုတောင်းရသည်။ စားပွဲအဖြစ် ဝါးဖြင့် စင်ဆောက်လုပ်ပြီး ယင်းအပေါ်တွင် ငှက်ပျော ရွက်ခင်းကာ တစ်ရွာလုံးတပျော်တပါး ထမင်းစားကြသည်။ အိမ်တိုင်းတွင် သန့်ရှင်းရေးလုပ်ရ သည်။ နှစ်ဟောင်းမှ အညစ်အကြေး အမှိုက် များကို စွန့်ပစ်ရသည်။ မီးဖိုပြာဟောင်း၊ ရေကြွင်းရေကျန်များကို စွန့်ပစ်ရသည်။ အိမ်ထောင်ဦးစီးများသည် ရေအသစ်ဖြင့် မိမိနှင့် မိသားစုများကို ဦးခေါင်းနှင့် ကိုယ်ကို ပွတ်လိမ်းပေးရသည်။

 

ဆော်ရေ့ပွဲ(မျိုးစေ့ဆုတောင်းပွဲ)

 

ဆော်ရေ့ပွဲကို တောင်ယာသစ်မီးရှို့ပြီး ဧပြီလဆန်းတိုင်း ကျင်းပကြသည်။ တောင်ယာ (ခုတ်ပြီးခြောက်နေ သောယာခင်း)ကို နေ့ လယ်တွင် မီးရှို့ကြပြီး နောက်နေ့မှစ၍ ခြောက် ရက်တိတိ အလုပ်မလုပ်ဘဲ ဥပုသ်စောင့်ကြ သည်။ ယင်းကို ဆော်ရေ့ဟု ခေါ်ကြသည်။ အမျိုးသားများမှာ ၁ဝနှစ်သား မှစ၍ လေးမြားကိုင်ကာ နေ့စဉ်ရက်ဆက် အုပ်စုလိုက် တောခြောက် အမဲလိုက်ကြသည်။ ရသမျှတောကောင်ကို ရွာထဲရှိ သစ်ပင်ကြီးတွင် ချိတ်ဆွဲထားရသည်။ ဥပုသ် ငါးရက်အတွင်း အချဉ်သီး၊ အချဉ်ရွက်များ လုံးဝမစားကြပါ။ ညစ်ညမ်းသော စကားများ လုံးဝမပြောကြပါ။

 

မင်းလပြည့် ( ဟားခါး)