နေပြည်တော် ဇန်နဝါရီ ၂၃

စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(ပုသိမ်ကြီး)၏ နဝမအကြိမ်မြောက် စိုက်ပျိုးရေး ဒီပလိုမာနှင့် ပထမအကြိမ် မွေးမြူရေးဒီပလိုမာ အောင်လက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ အဆိုပါကျောင်း စုဝေးဆောင်ခန်းမ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ(ပုသိမ်ကြီး)ကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမများ၊ ဒီပလိုမာလက်မှတ် အပ်နှင်းခံရသည့် ကျောင်းသား ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အစီအစဉ်ပထမပိုင်းတွင် ဒုတိယဝန်ကြီးက ဂုဏ်ပြုအမှာစကားပြောကြားပြီး ထူးချွန်ဆုရ ကျောင်းသား ကျောင်သူများကို ဆုများချီးမြှင့်ပေးအပ်ပြီး မွေးမြူရေးဒီပလိုမာ သင်ထောက်ကူအဖြစ် မွေးမြူထားသည့် အသားတိုးဝက်၊ နို့စားနွား၊ ဆိတ်နှင့် ဥစားကြက်များ မွေးမြူထားရှိမှု ၊ စိုက်ပျိုးရေးဒီပလိုမာ ကျောင်းသား ကျောင်းသူများ စိုက်ပျိုးထားသည့် ဓာတ်မြေဩဇာ ထည့်သွင်းမှု နှိုင်းယှဉ်စမ်းသပ် စိုက်ပျိုးထားသည့် စိုက်ခင်းများကို ကြည့်ရှုအားပေးသည်။

အစီအစဉ်ဒုတိယပိုင်းတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ (ပုသိမ်ကြီး) ကျောင်းအုပ်ကြီးက ကျောင်းသား ကျောင်းသူများအား ဒီပလိုမာ လက်မှတ်များ ပေးအပ်သည်။

ယနေ့အခမ်းအနားတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ(ပုသိမ်ကြီး)ကျောင်းမှ စိုက်ပျိုးရေးဒီပလိုမာ (၉၃)ဦးနှင့်  မွေးမြူရေး ဒီပလိုမာ(၅)ဦး ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး သိပ္ပံ(ရွှေဘို)မှ (၃၀)၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ(လုံပီး)မှ(၃)ဦး စုစုပေါင်း(၁၃၁)ဦးကို ဒီပလိုမာအောင် လက်မှတ်ပေးအပ်ခဲ့သည်။ 

ဒုတိယဝန်ကြီးသည် ယမန်နေ့ ညနေပိုင်းကလည်း မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ငြိမ်းချမ်းသာ စံပြကျေးရွာရှိ SUNDAY နို့စားနွားမွေးမြူရေးခြံ၏ နို့စားနွား (၁၁၀) ကောင် မွေးမြူထားရှိမှု၊ နို့နှင့်နို့ထွက်ပစ္စည်း ထုတ်လုပ်ဖြန့်ဖြူးရေး လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဆွေးနွေးမှာကြားသည်။

ယင်းနောက် အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာရှိ၊ စိုက်ပျိုးရေးဦးစီးဌာနပိုင် မြေနေရာအား ငှားရမ်းလုပ်ကိုင်လျက်ရှိသည့် DIAMOND STAR Co.,Ltd သို့ရောက်ရှိပြီး လယ်ထွန်စက်များ၊ စိုက်ပျိုးရေးနှင့် လယ်ယာသုံးစက်ကရိယာပစ္စည်းများ အရောင်းဆိုင် ဖွင့်လှစ်ထားရှိမှု၊ အစားအသောက်နှင့် သစ်သီးဝလံ ကုန်စည်များ ရောင်းချဖလှယ်ခြင်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး သဘောတူညီချက်ပါ စည်းကမ်းချက်များ တိကျစွာလိုက်နာဆောင်ရွက် ကြရန်မှာကြားသည်။

ဆက်လက်၍ ငါးလုပ်ငန်းဦးစီးဌာန၏ ပြည်ပပို့ကုန်အရည်အသွေး စစ်ဆေးရေးဓာတ်ခွဲခန်း(မန္တလေး) သို့ရောက်ရှိပြီး ပြည်ပို့ကုန် ကဏန်း၊ငါးရှဉ့်၊ ငါးခြောက်၊ ငါးဆားနယ်၊ ပုစွန်ခြောက် စသည့်ရေထွက်ကုန်များကို  ဓာတ်ခွဲစစ်ဆေးခြင်းနှင့် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်