စိုက်ပျိုးရေးသုတေသနဦးစီးဌာန၌ ရွက်ဖျန်းမြေဩဇာ သုတေသနပြုစမ်းသပ်၊ သက်တမ်းရက် ၁၁၀ အောက် စပါးမျိုးများ နှိုင်းယှဉ်လေ့လာ

နေပြည်တော် ဇူလိုင် ၁၀

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းစိုက်ပျိုးရေး သုတေသနဦးစီးဌာန၌ ဆောင်ရွက်လျက်ရှိသည့် ဘက်စုံသုံး ဟူးမစ်ရွက်ဖျန်း အပင်အားဆေး ရည်များ၏ အကျိုးသက်ရောက်မှုကိုလေ့လာ စမ်းသပ်ခြင်းသုတေသန နှင့် သီးထပ်စွမ်းအား တိုးတက်ရေးအတွက် သက်တမ်းရက် ၁၁၀ အောက် စပါးမျိုးများ မျိုးစပ်မွေးမြူရန်အတွက် မိဘမျိုးများအဖြစ် အသုံးပြုရန် နှိုင်းယှဉ်လေ့လာခြင်း သုတေသန လုပ်ငန်းများကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ်  ဒုတိယဝန်ကြီးက ဟူးမစ်အပင်အားဆေးကို အသုံးပြုခြင်းကြောင့် အပင်၏ကြီးထွားမှုနှင့် အမြစ်များ၏ဖွံ့ဖြိုးမှုကောင်းကာ အပင်အာဟာရဓါတ် စုပ်ယူမှုကို အထောက်အကူဖြစ်စေကြောင်း ၊ အဆိုပါ ရွက်ဖျန်းအပင်အားဆေးကို အသုံးပြုခြင်းဖြင့် မူလမြေဆီလွှာအတွင်းရှိ အာဟာရဓာတ်များ စုပ်ယူမှုအပေါ် အကျိုးသက်ရောက်မှုနှင့် အပင်က စုပ်ယူသွားသည့် မြေတွင်းအာဟာရဓာတ်များ မျှတစွာ ပြန်လည်ဖြည့်တင်း ပေးနိုင်ရေးကိုပါ သုတေသနပြု လေ့လာသွားကြရန် ဆွေးနွေးမှာ ကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် (၁)နှစ်ပတ်လုံး စိုက်ပျိုးမည့် သီးနှံပုံစံတွင် သက်တမ်းတို စပါးမျိုးများထည့်သွင်း စိုက်ပျိုးခြင်းဖြင့် သီးထပ်စွမ်းအားမြှင့်တင်နိုင်ရေး ရည်ရွယ်၍ စိုက်ပျိုးရေးသုတေသနဦးစီးဌာန မျိုးစေ့ဘဏ်၌ စုဆောင်းထားရှိသည့် သက်တမ်း ၁၁၀ အောက် စပါးမျိုးများ၏ မျိုးတစ်မျိုးခြင်းကို နှိုင်းယှဉ် လေ့လာခြင်း  စမ်းသပ်ကွက်များနှင့်   သုတေသနမှတ်တမ်း ကောက်ယူရာတွင် ပိုမိုအဆင် ပြေလွယ်ကူစွာ ကောက်ယူနိုင်ရေး အတွက် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ပညာရှင်များ က  QR code  များ ပေး၍ မှတ်တမ်းထားကာ ဆန်းသစ်တီထွင် ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုလေ့လာသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ဆန်စပါး၊ ဆီထွက်သီးနှံ၊ ဝါ ၊ ပြောင်း နှင့် နှံစားသီးနှံ၊ ဟင်းသီးဟင်းရွက်သီးနှံ သုတေသနဌာနများ မှ အပင်မျိုးမွေးမြူရေး ပညာရှင်များ နှင့် တွေ့ဆုံ၍ အပင်မျိုးစပ်မွေးမြူခြင်းလုပ်ငန်းတွင် မိဘမျိုး ရွေးချယ်ရေး အောင်မြင်မှုအတွက် အဓိက ကျသော မိဘမျိုးများ မွေးမြူထားရှိရေး၊ ဇီဝနည်းပညာဖြင့် မျိုးမွေးမြူရေး၊ မျိုးထွန်း နည်းဖြင့် မျိုးမွေးမြူရေးတို့ကို စဉ်ဆက်မပြတ် စီမံချက် စနစ်တကျ ချမှတ်၍ အကောင် အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ချက်များ ၊ ပညာရှင်များအနေဖြင့် ဘာသာရပ်အလိုက် စဉ်ဆက်မပြတ်လေ့လာခြင်းနှင့် လိုအပ်ချက်များအပေါ် အခြေခံကာ အကောင်းဆုံး သုတေသန ရလဒ်များရရှိအောင် ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်