စမတ်ကျကျ အရက်သောက်ကြမယ်

သင်ဟာ ပထမဆုံး အရက်သောက်ဖူးတဲ့သူဆိုပါတော့။ ဘားတစ်ခုကိုသွားတယ်။ သူငယ်ချင်းတွေက သင့်အတွက် တစ်ခွက်ငှဲ့ပေးတယ်။ ပေးတဲ့အတိုင်းသောက်ချလိုက်တယ်။ လည်ချောင်းထဲတော့ ခါးခါးပူပူကြီးဆင်းသွားတယ်။ အရသာမကောင်းတဲ့အတွက် နောက်တစ်ခေါက် သောက်ဖို့ တွန့်သွားတယ်။ ခဏနေကျတော့ တစ်ကိုယ်လုံး ပူရှိန်းရှိန်းနဲ့နေလို့ကောင်းလာတယ်။ နောက်တစ်ခွက် ထပ်သောက်ပြီးတဲ့ချိန်မှာ စကားတွေပိုပြောလို့ကောင်းလာတယ်။ ပျော်လာတယ်။ ဒီလိုနဲ့ နောက်တစ်ခွက်၊ နောက်တစ်ခွက်ဆိုပြီး ဒယိမ်းဒယိုင်ဖြစ်လာတယ်၊ စကားတွေကလည်း မပီတော့ဘူး၊ အိမ်ဘယ်လိုရောက် သွားလည်း မမှတ်မိဘူးတွေဖြစ်လာတယ်။

 

ဒါဟာ ပထမဆုံး အရက်သောက်တဲ့သူတွေတင်မဟုတ်ဘဲ အရက်သောက်တဲ့သူတိုင်း ကိုယ်သောက်နေကျ ပမာဏအရ တစ်ဆင့်ပြီး တစ်ဆင့် အမူအရာပြောင်းလဲမှုတွေပါ။ လူတိုင်းကို ဒီလိုဖြစ်မယ်ဆိုပြီး ပုံသေသတ်မှတ်လို့တော့မရပါဘူး။ အရက်သောက်ရတာကြိုက်တဲ့သူတွေရော အရက်ခုမှ စသောက်မယ့်သူတွေရော ကိုယ့်ခန္ဓာကိုယ်ဟာ အရက်ကို ဘယ်လိုတုန့်ပြန်လဲဆိုတာကို စိတ်ဝင်စားရင် ဆောင်းပါးလေးကို ဆက်ဖတ်ကြည့်ကြပါဦး။

 

အရက်မူးရင် ခန္ဓာကိုယ်မှာ ဘာတွေဖြစ်တာလဲ။

 

အရက်၊ ဘီယာ၊ ဝိုင်၊ ဆေးလိပ် စသဖြင့် အမျိုးမျိုးသော လူကို မူးစေနိုင်တဲ့ အရာတွေရှိတဲ့ထဲကမှ အီသနော (ethanol) အရက်ဟာ မူးတာရဲ့ အဓိကတရားခံဖြစ်ပါတယ်။

 

အီသနောဟာ ရေထဲမှာ အလွယ်တကူပျော်ဝင်ပါတယ်။ လူတွေရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အရည်တွေ သွေးတွေကလည်း ရေနဲ့ ပဲဖွဲ့စည်းထားတာမို့ အီသနောဟာ သွေးထဲကို ပျော်ဝင်သွားပါတယ်။ သွေးထဲကနေတဆင့့်ခန္ဓာကိုယ်ရဲ့ နေရာ အနှံ့ကို ရောက်ပါတယ်။ စစသောက်တဲ့ချိန်ကနေ ၄၅ မိနစ်ကနေ မိနစ် ၉၀ အတွင်း သွေးထဲမှာ အယ်ကိုဟောပမာဏဟာ အမြင့်ဆုံးမှာရောက်နေပါတယ်။

 

 

အသည်းက အရင်ဆုံး တုန့်ပြန်မယ်။

 

 

သင့်ရဲ့ ခန္ဓာကိုယ်ဟာ အရက်ကို အဆိပ်လို့ပဲမြင်ပါတယ်။ ဒါကြောင့် အသည်းက မသိုလှောင်ပဲနဲ့ အရက်ကို အင်ဇိုင်း (enzymes) တွေအသုံးပြုပြီး ချေဖျက်ပါတယ်။ အဲထဲက အင်ဇိုင်းတစ်မျိုးကို အယ်ကိုဟော ဒီဟိုင်ဒရိုဂျင်နေစ် (alcohol dehydrogenase) လို့ခေါ်ပြီးတော့ အရက်ကို အယ်စီတယ်လ်ဒီဟိုဒ် (acetaldehyde) ဆိုတဲ့ ကွန်ပေါင်းတစ်ခုဖြစ်လာအောင်ချေဖျက်ပေးပြီး ခန္ဓာကိုယ်က အလွယ်တကူ စွန့်ထုတ်နိုင်အောင် လုပ်ပေးပါတယ်။ တစ်ခါတစ်လေ ဒီ ကွန်ပေါင်းကပဲ မနက်ကျရင် အရက်နာကျတာတွေကို ဖြစ်စေပါတယ်။ အသည်းက စုပ်ယူဖျက်စီးနိုင်တဲ့ ပမာဏထက် ကျော်လွန် သွားတဲ့အခါမှာ သွေးထဲကို အရက်တွေရောက်သွားပြီး စမူးလာပါတယ်။

 

ဦးနှောက်ထဲမှာဘာတွေဖြစ်မှာလဲ။

 

 

သွေးထဲကနေတဆင့် ဦးနှောက်ထဲကို ရောက်ရင် ဦးနှောက်ထဲမှာရှိတဲ့ ဂလူတမိတ်လက်ခံပစ္စည်း (glutamate receptors) တွေရယ် ဂါမာအမိုင်နိုဘူတရစ်အက်ဆစ်လက်ခံပစ္စည်း (GABA receptors) တွေနဲ့ ပေါင်းပါတယ်။ ဒီလိုပေါင်းလိုက်တာဟာ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို နှေးကွေးတာတွေ ဖြစ်စေပြီးတော့ စကားပြောနှေးတာ၊ မှတ်ဉာဏ်ပျောက်သွားတာတွေ၊ လမ်းလျှောက်တာမမှန်တော့တာတွေ၊ တုံ့ပြန်မှုနှေးကွေးသွားတာတွေဖြစ်တာတွေဖြစ်သွားကြပါတယ်။

 

ဒါပေမဲ့ အီသနောဟာ နှေးကွေးတာကိုပဲဖြစ်စေတာမဟုတ်ပါဘူး။ ဦးနှောက်ထဲမှာရှိတဲ့ သာယာ ပျော်ရွှင်စေတဲ့ ဟော်မုန်းတွေဖြစ်တဲ့ ဒိုပါမင်း (dopamine) တို့ အန်ဒေါဖင်း (endorphins) တို့ကိုလဲ ထွက်စေပါတယ်။ ဒါကြောင့် အရက်သောက်ပြီး ပျော်တယ်၊ ကချင် ခုန်ချင်တဲ့ ခံစားချက်တွေ ဖြစ်ပေါ်လာတာပါ။

 

မိန်းကလေးတွေက အရက်သိပ်မသောက်နိုင်ဘူး။

 

 

ဒါဟာ ဆေးပညာအရလည်းမှန်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့

 

၁။ ယောကျာ်းလေးတွေမှာ မိန်းကလေးတွေနဲ့ ယှဉ်ရင် ကြွက်သားပမာဏပိုများပါတယ်။ ကြွက်သားတွေကို ရေတွေနဲ့ ဖွဲ့စည်းထားတယ်။ ဒါကြောင့် ခန္ဓာကိုယ်ထဲဝင်လာတဲ့အရက်ကို ရေနဲ့ရောလိုက်သလိုဖြစ်သွားပြီး သိပ်မမူးတော့ဘူးပေါ့။

 

၂။ မိန်းကလေးတွေမှာ အရက်ကို ချေဖျက်ပေးနိုင်တဲ့ အသည်းက အင်ဇိုင်း အယ်ကိုဟော ဒီဟိုင်ဒရိုဂျင်နေစ် (alcohol dehydrogenase) က ယောကျ်ားလေးတွေနဲ့ ယှဉ်ရင် ပမာဏနည်းတာကို တွေ့ရပါတယ်။ ဒါကြောင့် ချေဖျက်နိုင်စွမ်းအားနည်းပြီးတော့ နည်းနည်းသောက်တာနဲ့ မြန်မြန်ပိုမူးတတ်ပါတယ်။

 

1

 

အရက်သောက်နိုင်မသောက်နိုင်ကို ဆုံးဖြတ်ပေးတဲ့ တခြားအရာတွေကတော့ အသက်ရယ် သောက်လာတဲ့ အချိန်ပမာဏပါ။ အသက်ကြီးတဲ့သူတွေ အရက်တွေပိုသောက်နိုင်ကြတယ်။ ပုံမှန်သောက်နေကျလူတွေဆို အရက်မမူးတော့ဘူး။ ဒါဘာဖြစ်လို့လဲဆိုတော့ အရက်ကို ချေဖျက်ရတာ များလာတဲ့ အသည်းတစ်ခုဟာ အရက်ကို ချေဖျက်နိုင်မယ့် အဓိက အင်ဇိုင်းတွေကို ပိုထုတ်ပါတယ်။ အရက်ကို အသည်းဟာ တဖြည်းဖြည်းကျင့်သားရလာတဲ့သဘောပါ။ ဒီအခြေအနေကနေ ကျော်လွန်လာရင်တော့ အသည်း စတင်ပျက်စီးလာမှာပါ။

 

အမြည်းနဲ့ တွဲစားရင် သိပ်မမူးဘူး။

 

 

ဒါကလည်း မှန်ပါတယ်။ ဘာလို့လဲဆိုတော့ မသောက်ခင် အစာတွေအများကြီးစားထားရင် အစာနဲ့တွဲပြီး အရက်က အစာအိမ်ထဲမှာ ကြာကြာနေပါတယ်။ သွေးထဲကိုမြန်မြန်မရောက်တော့ မမူးတော့ဘူးပေါ့။ ဒါကြောင့် ဘာမှမစားထားရင် အရက်မသောက်နဲ့၊ အရက်သောက်ရင် အမြည်းနဲ့ တွဲစားဆိုပြီးပြောကြတာပေါ့နော်။

 

 

နောက်ပြီး ကိုယ်သောက်တဲ့ အရက်အမျိုးအစားနဲ့လည်းဆိုင်ပါတယ်။ ဂက်စ်ပါတဲ့ ယမကာတွေ ဥပမာ ရှန်ပိန် မှာ ဂက်စ်တွေပါတဲ့အတွက် အစာအိမ်ထဲက ဖိအားကိုမြင့်စေပြီးတော့ အရက်ကို သွေးထဲမြန်မြန်ရောက်အောင် လှုံ့ဆော်ပေးပါတယ်။

 

 

နှစ်ပင်၊ သုံးပင်လိမ်တယ်။

 

 

အဲဒီစကားကို အရက်သောက်နေကျလူတိုင်းကြားဖူးမှာပါ။ ဘီယာ၊ ဝီစကီ၊ ဗော့ကာ၊ ရှန်ပိန်၊ တီကွီလာ စသဖြင့် အရက်တွေအမျိုးမျိုးကို ပေါင်းသောက်တာကိုပြောတာပါ။ ဘီယာနဲ့ တခြားအရက်တွဲသောက်ရင် ပိုမူးမယ်၊ နှစ်ပင်မလိမ်နဲ့။ ဒါဟာ မှန်လားဆိုတော့ မမှန်ဘူးဘဲ ပြောရမှာပါ။ အရက်မူးတယ်ဆိုတဲ့နေရာမှာ ဘယ်ဟာကြောင့်မူးတာထက် ဘယ်လောက်ပမာဏ၊ ဘယ်လိုသောက်လိုက်လို့ မူးတယ်ဆိုတာက ပိုမှန်ပါတယ်။ ခပ်မြန်မြန်သောက်ရင် သွေးထဲမြန်မြန်ရောက်ပြီးပိုမူးမယ်။ အယ်ကိုဟောပမာဏများတာကို သောက်လိုက်ရင် မြန်မြန်မူးမယ်။ ရောသောက်လိုက်လို့မူးလိုက်တယ်ဆိုတာလည်း ရောလိုက်တဲ့ချိန်မှာ ကိုယ့်ခန္ဓာကိုယ်က လက်ခံနိုင်တဲ့ ပမာဏကျော်သွားလို့ပဲဖြစ်နိုင်ပါတယ်။

 

ကဲ ဒီလောက်ဆိုရင်တော့ အရက်အကြောင်း တော်တော်စုံသွားပြီထင်ပါတယ်နော်။ အရက်ကို အပျော်အနေနဲ့၊ အလုပ်အကြောင်းအရ၊ အပေါင်းအသင်းတွေကြောင့် သောက်နေကြပါတယ်။ တန်ဆေး လွန်ဘေးဆိုတာလည်းရှ ကိုယ်သောက်နေတဲ့ အရက်အကြောင်းဟာ ခန္ဓာကိုယ်ကို ဘယ်လို သက်ရောက်မှုတွေပေးနိုင်လဲ၊ ဘယ်လောက်သောက်ရင် ဘယ်လိုဖြစ်မလဲဆိုတာသိထားရင် ချင့်ချိန်ပြီး သောက်လို့ရတော့ မဖြစ်သင့်တာတွေ မဖြစ်တော့ဘူးပေါ့။ အရက်ကြိုက်တဲ့ ကိုကိုမမတို့အတွက် အထောက်အကူဖြစ်တဲ့ ဆောင်းပါးလေးတစ်ခု ဖြစ်မယ်လို့ယုံကြည်ပါတယ်။

 

 

ရေးသားသူ Dr. Yee Mon Lwin ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”