စည်းကမ်းချက် အချက်(၂၀)ပါတဲ့ ထုတ်ပြန်ချက်နဲ့ စည်းကမ်းချက် (၁၈)ချက်ပါတဲ့ ထုတ်ပြန်ချက်တွေကို ယာဉ်မတော်တဆဖြစ်ပွားမှု လျော့ကျပြီး ခရီးသွားပြည်သူတွေ ဘေးအန္တရာယ် ကင်းရှင်းစွာ သွားလာနိုင်ဖို့ ရည်ရွယ်ထုတ်ပြန်ခဲ့ခြင်းဖြစ်

နေပြည်တော် ၇ ဧပြီ

 

ရန်ကုန်-မန္တလေး အမြန်လမ်းအား အသုံးပြုနေသည့် ခရီးသည်တင် Express ယာဉ်များ၊ Mini Bus များ၊ ဘုရားဖူးယာဉ်များ၊ Telematic စနစ် တပ်ဆင်ထားသောယာဉ်များနှင့် Light Truck ယာဉ်များ ကြံ့ခိုင်မှုရှိစေရန်နှင့် ယာဉ်အန္တရာယ်ဖြစ်ပွားမှု လျော့နည်းစေရန် ယာဉ်လိုင်းများ၊ ယာဉ်မောင်းများနှင့် ယာဉ်အကူများ လိုက်နာရမည့် ထုတ်ပြန်ချက်များကို ရန်ကုန်-မန္တလေးအမြန်လမ်း အသုံးပြုယာဉ်များ၏ ကြံ့ခိုင်မှုပူးပေါင်းစစ်ဆေးရေးအဖွဲ့က ထုတ်ပြန်ထားသည်။

 

ထိုသို့ ထုတ်ပြန်ထားမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ် အခြေအနေများကို သိရှိနိုင်ရန် အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးစိုးနိုင်ဦး၊ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးဇာနည်မောင်တို့နှင့် တွေ့ဆုံမေးမြန်းခဲ့မှုများကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

 

1

 

ဦးစိုးနိုင်ဦး

လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)၊

အမြန်လမ်းမကြီးထိန်းသိမ်း ပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့

 

မေး။     ။ ရန်ကုန်-မန္တလေးအမြန်လမ်းကို အသုံးပြုတဲ့ ယာဉ်တွေလိုက်နာရမယ့် စည်းကမ်းချက်တွေကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ထုတ်ပြန်လိုက်တာ တွေ့ရပါတယ်။ ဘာကြောင့် ဒီလိုထုတ်ပြန်ရတာလဲဆိုတာနဲ့ ရည်ရွယ်က ဘာလည်းဆိုတာ သိပါရစေ။

 

ဖြေ။     ။ အမြန်လမ်းမှာ Express ကားတွေ၊ Mini Bus တွေ၊ ဘုရားဖူးယာဉ်တွေ၊ Telematic စနစ်တပ်ဆင်ထားတဲ့ ယာဉ်တွေအတွက် စည်းကမ်းချက်အချက် (၂၀)ပါတဲ့ ထုတ်ပြန်ချက် တစ်စောင်နဲ့ Light Truck ယာဉ်တွေအတွက် စည်းကမ်းချက် (၁၈)ချက်ပါတဲ့ ထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်ထားပါတယ်။ အမြန်လမ်းမကြီး တစ်လျှောက် ယာဉ်မတော်တဆဖြစ်ပွားမှု လျော့ကျပြီး ခရီးသွားပြည်သူတွေ ဘေးအန္တရာယ် ကင်းရှင်းစွာသွားလာနိုင်ဖို့ ရည်ရွယ်ပြီး ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

 

မေး။     ။           ထုတ်ပြန်ချက်မှာပါတဲ့ စည်းကမ်းချက်တွေအတိုင်း လိုက်နာမှု ရှိ/မရှိ ဘယ်တော့လောက် စစ်ဆေးသွားဖို့ ရှိပါသလဲ။ ဒီထုတ်ပြန်ချက်ပါ အချက်တွေကိုရော ယာဉ်လိုင်းတွေ၊ ယာဉ်မောင်းတွေအပါအဝင်၊ ပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ဖို့ ဘာတွေလုပ်ဆောင်ထားပါသလဲ ခင်ဗျာ။

 

ဖြေ။     ။ ဒီလိုထုတ်ပြန်ထားတဲ့အတိုင်း စည်းကမ်းချက်တွေကို လိုက်နာမှု ရှိ/မရှိ  ပူးပေါင်းအဖွဲ့တွေအနေနဲ့ ၂၀၁၉ ခုနှစ် ဧပြီ ၈ ရက် ကနေစပြီး စစ်ဆေးသွားမှာ ဖြစ်ပါတယ်။ အနည်းဆုံး တစ်ပတ်ကို သုံးကြိမ် စစ်ဆေးသွားဖို့ရှိပါတယ်။ ပထမတစ်လကို ပညာပေးကာလအနေနဲ့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ နောက်ပိုင်းမှာ အရေးယူမှုတွေ ပါလာမှာဖြစ်ပါတယ်။ ဒီစည်းကမ်းချက်တွေကို အများပြည်သူ သိရှိစေဖို့၊ နိုင်ငံပိုင်သတင်းစာတွေနဲ့ တိုးဂိတ်တွေမှာ ထည့်သွင်းကြော်ငြာထားပါတယ်။ လက်ရှိ နီးစပ်ရာယာဉ်လိုင်းတွေကို စည်းကမ်းချက်တွေ ဖြန့်ဝေပေးထားပြီး ဖြစ်ပါတယ်။ တိုးလ်ဂိတ်ကနေ လက်ကမ်းစာစောင်တွေ ဖြန့်ဝေပေးသွားမှာဖြစ်ပါတယ်။

 

မေး။     ။ နှစ်အလိုက် ယာဉ်မတော်ဆဖြစ်ပွားမှုနဲ့ ၂၀၁၉ အတွင်း ယာဉ်မတော်ဆမှု ဘယ်လောက်များ ရှိသလဲဆိုတာ ပြောပြပေးပါဦး။

 

ဖြေ။     ။ ရန်ကုန်-မန္တလေး အမြန်လမ်းမှာ ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့တာကတော့ ၂၀၁၆ ခုနှစ်မှာ ၇၄၅ မှု၊ ၂၀၁၇ ခုနှစ်မှာ ၅၅၅ မှု၊ ၂၀၁၈ ခုနှစ်မှာ ၄၇၃မှု ဖြစ်ပွားခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်အတွင်းမှာတော့ မတ်လအထိ ၁၃၅ မှုရှိပါပြီ။

 

မေး။     ။ Telematic စနစ်ရဲ့ လုပ်ဆောင်ချက်က ဘာတွေပါလဲ။ ဒီစနစ် တပ်ဆင်လိုက်တဲ့အတွက် ဘာလိုအကျိုးတွေ ရရှိနိုင်သလဲဆိုတာ ရှင်းပြပေးစေလိုပါတယ်။

 

ဖြေ။     ။ Telematic စနစ်ကို ဟင်းသီးဟင်းရွက်၊ အသားငါး၊ ပန်းစတဲ့ ပျက်စီးလွယ်တဲ့ကုန်ကားတွေမှာ အဓိက တပ်ဆင်ထားပါတယ်။ အချို့ Express တွေမှာလည်း တပ်ဆင်ထားတာရှိပါတယ်။ အမြန်လမ်းပေါ်သွားနေတဲ့ ယာဉ်တွေအနေနဲ့ Telematic စနစ်ကို တပ်ဆင်ထားသင့်ပါတယ်။

 

Telematic စနစ် တပ်ဆင်ထားတဲ့ ယာဉ်တွေဟာဆိုရင် ယာဉ်သွားလာရာ လမ်းကြောင်းတွေကို မြေပုံနဲ့တကွ ပြန်လည်ကြည့်ရှုနိုင်မယ်။ ယာဉ်အားလုံးရဲ့ စက်နှိုး၊ စက်ရပ်၊ အရှိန်နဲ့ရောက်ရှိရာ နေရာတွေကို အချိန်နဲ့တပြေးညီ သိရှိနိုင်မယ်။ ယာဉ်တွေ အသုံးပြုခဲ့တွေ ခရီးစဉ်တွေ အသေးစိတ် ပြန်လည်ကြည့်ရှုနိုင်မယ်၊ သတ်မှတ်အမြန်နှုန်းအထက် ကျော်လွန်မောင်းနှင်ရင် အချိန်နဲ့တပြေးညီ သိရှိနိုင်မယ်၊ ကြမ်းတမ်းစွာမောင်းနှင်ခြင်း၊ ရုတ်တရက် ဘရိတ်နင်းခြင်း၊ အရှိန်လွန် မောင်းနှင်ခြင်းတွေ ပြုလုပ်ရင် ယာဉ်ပေါ်မှာ အချက်ပေး အသံမြည်ပြီး ယာဉ်မောင်းကို သတိပေးနိုင်တယ်။ မော်တော်ယာဉ်တွေရဲ့ နေ့စဉ်၊ လစဉ်အသုံးပြုထားတဲ့ စာရင်းတွေကို ထုတ်ယူကြည့်ရှုနိုင်မယ်။ ယာဉ်မတော်တဆမှုဖြစ်စဉ် အသေးစိတ် အချက်အလက်တွေကို Black Box နဲ့ ပြန်လည်စိစစ်ပေးနိုင်မယ်။ မောင်းနှင်ခဲ့တဲ့ ကီလိုမီတာ၊ ကြာမြင့်ချိန်တွေ ပြန်လည်ကြည့်ရှုနိုင်မယ်၊ တစ်နေ့တာ အလုပ်လုပ်ချိန်နဲ့ မောင်းနှင်ချိန်တွေကို ပြန်လည်ကြည့်ရှုနိုင်မယ်၊ Mobile Application အသုံး ပြုပြီး ယာဉ်ပိုင်ရှင်တွေက မိမိတို့ရဲ့ မော်တော်ယာဉ်တွေကို စီမံခန့်ခွဲနိုင်မယ်၊ Traffic Command and Control Center က စည်းကမ်းလိုက်နာမှုမရှိတဲ့ ယာဉ်တွေကို အချိန်နဲ့တပြေးညီ ယာဉ်မောင်းထံသို့ ဆက်သွယ်သတိပေးနိုင်မယ်၊ အရေးပေါ်အခြေအနေတွေမှာ စောင့်ကြည့်ထိန်းချုပ်တဲ့ Command Center ကို Panic Buton (အရေးပေါ်ခလုတ်နှိပ်ခြင်းဖြင့်) ဆက်သွယ်နိုင်မယ် စတဲ့ အကျိုးတွေ ရှိမှာဖြစ်ပါတယ်။

 

မေး။     ။ ပူးပေါင်းအဖွဲ့နဲ့ စစ်ဆေးမယ်ဆိုတော့ ဘယ်အဖွဲ့တွေ ပူးပေါင်းပါဝင်ကြမလဲဆိုတာ သိပါရစေ။

 

ဖြေ။     ။ ပူးပေါင်းအဖွဲ့မှာ အမြန်လမ်းမကြီးရဲတပ်ဖွဲ့က (အဖွဲ့ခေါင်းဆောင်) အနေနဲ့ ဆောင်ရွက်ပါမယ်။ နောက် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ လုပ်ငန်းလိုင်စင်နဲ့ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှုဌာန၊ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနဲ့ ကြီးကြပ်ရေးအဖွဲ့၊ အမြန်လမ်းမီးသတ်တပ်ဖွဲ့၊ အမြန်လမ်း ကြက်ခြေနီအဖွဲ့ စတဲ့အဖွဲ့တွေက ပါဝင်ကြမှာဖြစ်ပါတယ်။

 

မေး။     ။ ထုတ်ပြန်ချက်မှာ ပါဝင်တဲ့အချက်တွေက ယာဉ်လိုင်းတွေနဲ့ ယာဉ်မောင်း တွေ လိုက်နာနိုင်တဲ့ အချက်တွေဖြစ်ရဲ့လားဆိုတာ ရှင်းပြပေးပါဦး။

 

ဖြေ။     ။ ထုတ်ပြန်ချက် ၂ စောင်လုံးမှာ ပါတဲ့အချက်တွေက ယာဉ်တစ်စီးမှာ ရှိသင့် ရှိထိုက်တဲ့ အချက်တွေဖြစ်ပါတယ်။ ယာဉ်လိုင်းတွေနဲ့ ယာဉ်မောင်းတွေ လိုက်နာနိုင်မယ့် အချက်တွေဖြစ်ပါတယ်။ အန္တရာယ်ကင်းဖို့အတွက် ဒါတွေကို မဖြစ်မနေ လိုက်နာဖို့ လိုအပ်ပါတယ်။

 

မေး။     ။ အမြန်လမ်းမှာ ဘယ်လိုအကြောင်းအရာတွေကြောင့် ယာဉ်မတော်တဆမှု အဖြစ်များပါသလဲ။

 

ဖြေ။     ။ အမြန်လမ်းမှာ ယာဉ်တိမ်းမှောက်မှု အဖြစ်များတာက Over Speed မောင်းတဲ့ယာဉ်တွေ၊ ယာဉ်မောင်းအိပ်ငိုက်တဲ့ ယာဉ်တွေ၊ ဘီးပေါက်ပြီးဖြစ်တဲ့ ယာဉ်တွေပဲ အများဆုံးဖြစ်တာ တွေ့ရပါတယ်။ အခု လောလောဆယ်မှာတော့ အိမ်စီးကားတွေ အဖြစ်များနေပါတယ်။ အိမ်စီးကားတွေအတွက်ကိုလည် ထပ်မံဆောင်ရွက်သွားဖို့ ရှိပါတယ်။

 

မေး။     ။ တစ်နေ့တစ်နေ့ အမြန်လမ်းအသုံးပြုတဲ့ ယာဉ်အစီးရေ ဘယ်လောက် ရှိပါသလဲ။

 

ဖြေ။     ။ အမြန်လမ်းအသုံးပြုတဲ့ တစ်နေ့ပျမ်းမျှ ယာဉ်စီးရေဟာ ၄၅၀ဝ နဲ့ ၅၀ဝ၀ အကြားရှိပါတယ်။ အခုလို ထုတ်ပြန်ချက်တွေ ထုတ်ပြီးဆောင်ရွက်ရတာက ခရီးသွား ပြည်သူတွေ အန္တရာယ်ကင်းစွာနဲ့ သွားလာနိုင်ဖို့အတွက် အဓိက ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ယာဉ်တွေအနေနဲ့လည်း အန္တရာယ်ကင်းရှင်းဖို့အတွက် ကျွန်တော်တို့နဲ့အတူ ပူးပေါင်းပါဝင်စေလိုပါတယ်။

 

2

 

ရဲမှူးဇာနည်မောင်

အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး

 

မေး။     ။ ရန်ကုန်-မန္တလေး အမြန်လမ်းအသုံးပြုယာဉ်တွေရဲ့ ကြံ့ခိုင်မှုကို ပူးပေါင်းအဖွဲ့အနေနဲ့ ဧပြီ ၈ ရက်နေ့ကစပြီး စစ်ဆေးသွားမယ်လို့ သိရပါတယ်။ ဘယ်နေရာတွေမှာ ဘယ်လိုစစ်ဆေးသွားမှာပါလဲ။

 

ဖြေ။     ။ ရန်ကုန် - မန္တလေးအမြန်လမ်းမကြီးမှာ နေရာ(၃) နေရာသတ်မှတ်ပြီး ယာဉ်ကြံ့ခိုင်မှုကို စစ်ဆေးသွားမှာဖြစ်ပါတယ်။ စစ်ဆေးမယ့် နေရာတွေကတော့ အမှတ်(၃)လမ်းဆုံတိုးလ်ဂိတ်၊ နေပြည်တော်တိုးလ်ဂိတ်၊ စကားအင်းတိုးလ်ဂိတ်တွေမှာ မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် စစ်ဆေးသွားဖို့ရှိပါတယ်။ တစ်ပတ်ကိုသုံးကြိမ် အနည်းဆုံး စစ်ဆေးဆောင်ရွက်သွားဖို့ ရှိပါတယ်။

 

မေး။     ။ စစ်ဆေးတဲ့အခါမှာ အချိန်ဘယ်လောက်ယူဖို့ရှိပါသလဲ။ ခရီးသွား ပြည်သူတွေ ခရီးကြန့်ကြာမှုမရှိအောင် ဘယ်လိုများလုပ်ဆောင်သွားပါမလဲ။ စည်းကမ်းချက်နဲ့ မကိုက်ညီတဲ့ယာဉ်တွေကို ဘယ်လိုဆောင်ရွက်သွားဖို့ ရှိသလဲဆိုတာ ရှင်းပြပေးပါဦး။

 

ဖြေ။     ။ စစ်ဆေးတဲ့အခါမှာ ပြည်သူတွေ ခရီးကြန့်ကြာမှု၊ နှောင့်နှေးမှုတွေ မဖြစ်ရအောင် အဖွဲ့တွေ၊ အဆိုင်းတွေခွဲပြီး အမြန်ဆုံးစစ်ဆေး သွားမှာဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ ပစ္စည်းတွေ၊ ပြည့်စုံရမယ့် အချက်တွေ မရှိဘူးဆိုရင်တော့ ယာဉ်တွေကို အမြန်လမ်းမကြီးအပေါ် ဖြတ်သန်းခွင့်ပြုမှာ မဟုတ်ပါဘူး။

 

မေး။     ။ အခုလိုစစ်ဆေးရတဲ့ ရည်ရွယ်ချက်ကိုလည်း ပြောပြပေးစေလိုပါတယ်။

 

ဖြေ။     ။ အခုလိုစစ်ဆေးရတဲ့ ရည်ရွယ်ချက်ကတော့ ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးမှာ ခရီးသွားယာဉ်တွေဟာ တစ်နေ့ကို ပျှမ်းမျှအားဖြင့် အစီးရေ လေးထောင်ကနေ ငါးထောင်ပတ်ဝန်းကျင် ဖြတ်သန်းသွားလာနေတာ ဖြစ်တဲ့အတွက် ယာဉ်မတော်တဆမှုတွေ နေ့စဉ်နဲ့အမျှ ဖြစ်နေတာတွေ့ရပါတယ်။ ဒီအတွက်ကြောင့် ယာဉ်မှာပါရမယ့် ပစ္စည်းတွေ၊ ပြည့်စုံရမယ့်အချက်တွေကို သတ်မှတ်ပြီး စစ်ဆေးခြင်းဖြစ်ပါတယ်။ အဓိကအားဖြင့် ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး တစ်လျှောက်မှာရှိတဲ့ ခရီးသွားပြည်သူတွေ လုံခြုံချောမွေ့စွာ ခရီးသွားလာနိုင်ရေး၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး၊ တရားဥပဒေ စိုးမိုးရေး အပိုင်းတွေကို အမြန်လမ်းမကြီး ရဲတပ်ဖွဲ့က အဓိကထားပြီး ဆောင်ရွက်လျက်ရှိပါတယ်။

 

မေး။     ။ တခြားရော ဘယ်လိုကူညီဆောင်ရွက်ပေးမှုတွေ ဆောင်ရွက်နေပါသလဲ။

 

ဖြေ။     ။ အမြန်လမ်းမကြီးမှာ ယာဉ်မတော်တဆမှု ဖြစ်ပွားတဲ့အခါမှာလည်း ဆေးရုံ၊ ဆေးခန်းတွေကို အမြန်ဆုံးရောက်ရှိနိုင်ရေးအတွက် ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးလျက်ရှိပါတယ်။ နောက်ပြီး ခရီးသွားပြည်သူတွေ လမ်းမှာ ကားစက်ချို့ယွင်းတာ ပဲဖြစ်ဖြစ်၊ ဘီးပေါက်တာပဲဖြစ်ဖြစ်၊ ဆီပြတ်လို့ ယာဉ်ဆက်ထွက် မရတာတွေကို အမြန်လမ်းမကြီးရဲတပ်ဖွဲ့အနေနဲ့ အမြန်ဆုံးကူညီကယ်ဆယ် ဆောင်ရွက်ပေးလျက်ရှိပါတယ်။  ယာဉ်မတော်တဆမှုတွေ လျော့နည်းဖို့အတွက် အမြန်လမ်းမကြီးရဲတပ်ဖွဲ့အနေနဲ့ ခေတ်မီအရှိန်ထိန်းစက်တွေနဲ့ တိုင်းတာပြီး ခရီးသွား ပြည်သူတွေ၊ ယာဉ်မောင်းတွေ သတ်မှတ်တဲ့ မိုင်နှုန်းအတိုင်း မောင်းနှင်ဖို့အတွက် စစ်ဆေးကြပ်မတ် အရေးယူဆောင်ရွက်လျက် ရှိပါတယ်။ အရက်သေစာသောက်စား မောင်းနှင်မှု မရှိစေဖို့ Alcohol Tester တွေနဲ့ တိုင်းတာပြီး စစ်ဆေးအရေးယူ ဆောင်ရွက်လျက်ရှိပါတယ်။ တိုးဂိတ် (၅)ဂိတ်မှာလည်း ယာဉ်မောင်းနဲ့ ခရီးသွားပြည်သူတွေကို ခါးပတ်ပတ်ဖို့ ပညာပေးတာတွေ လိုက်လံစစ်ဆေးကြပ်မတ်တာတွေ ပြုလုပ်ပါတယ်။ နောက်ပြီး ယာဉ်ပေါ်မှာ မီးသတ်ဆေးဘူးတွေ ကောင်းမကောင်းလည်း စစ်ဆေးမှုတွေ လုပ်ပါတယ်။

 

အမြန်လမ်းမကြီးတစ်လျှောက်မှာ ကျေးရွာအများအပြားရှိတာ ဖြစ်တဲ့အတွက် ဆိုင်ကယ်၊ နွား၊ တိရစ္ဆာန်တွေနဲ့ ယာဉ်မတော်တဆမှုတွေ မဖြစ်ပွားအောင်လည်း ရဲစခန်း အပိုင်းအလိုက် စခန်းမှူးများကနေပြီး ပညာပေးခြင်းတွေ ဆောင်ရွက်လျက်ရှိပါတယ်။ ပညာပေးခြင်းအပိုင်းနဲ့ စစ်ဆေးအရေးယူတဲ့ အပိုင်းတွေကို ဆောင်ရွက်လျက်ရှိပါတယ်။

 

မေး။     ။ အမြန်လမ်းမှာ ဖြစ်ပွားတဲ့ ယာဉ်မတော်တဆမှုတွေက လူ့ပရောဂါကြောင့် ဖြစ်တာများတယ်လို့ သိရပါတယ်။ ယာဉ်မကြံ့ခိုင်မှုကြောင့်ရော ဘယ်လောက်အထိ ဖြစ်ပွားနေသလဲဆိုတာ ရှင်းပြပေးစေလိုပါတယ်။

 

ဖြေ။     ။ ယာဉ်မတော်တဆမှု ဖြစ်ပွားရတဲ့ အကြောင်းအရင်း (၄)ချက်အနေနဲ့ လူ၊ ယာဉ်၊ လမ်း၊ ရာသီဥတု ဆိုပြီး သတ်မှတ်ထားပါတယ်။ ၂၀၁၈ ခုနှစ်မှာ လူကြောင့် ဖြစ်ပွားတာ က ၃၆၇မှု ၊  ယာဉ်ကြောင့်ဖြစ်ပွားတာ ၉၈ မှု၊ လမ်းကြောင့်ဖြစ်ပွားတာ ၉ မှုရှိပြီး ရာသီဥတုကြောင့် ဖြစ်ပွားတာ မရှိပါဘူး။ ယာဉ်မတော်တဆမှု ဖြစ်ပွားတာတွေကိုကြည့်ရင် လူကြောင့်ဖြစ်ပွားမှုများပါတယ်။

 

လူကြောင့် ဖြစ်ပွားမှုတွေမှာ အဓိကအားဖြင့် အရှိန်ပြင်းတဲ့အတွက် ယာဉ်မတော်တဆမှုတွေ များပြားနေခြင်းဖြစ်ပါတယ်။ ဒါကြောင့် အရှိန်ထိန်းဖမ်းစက်တွေနဲ့ စစ်ဆေးဆောင်ရွက်တာရှိသလို Alcohol Tester တွေနဲ့လည်း အရက်သေစာသောက်စားမှု ရှိမရှိ စစ်ဆေးတဲ့အတွက် နှစ်စဉ်နှစ်စဉ် ယာဉ်မတော်တဆမှုတွေ လျော့နည်းလာတာလည်း ဖြစ်ပါတယ်။ အခုယာဉ်ကြံ့ခိုင်မှု အပိုင်းတွေပါ ထပ်မံစစ်ဆေးတာတွေ ဆောင်ရွက်လာပြီဆိုရင် တဖြည်းဖြည်းနဲ့ ယာဉ်အန္တရာယ်တွေ လျော့နည်းသွားမှာ ဖြစ်ပါတယ်။

 

မေး/ရေး-ကျော်ရဲသွင်

ဓာတ်ပုံ-ထန်းဖုန်