စည်းလုံးညီညွတ်မှ ပြည်ထောင်စုကြီးခိုင်မြဲ

၁၁ ဖေဖော်ဝါရီ

ဤမြန်မာနိုင်ငံတွင် ရှေးအစဉ်အဆက်နေထိုင်ခဲ့ကြသော တိုင်းရင်းသား လူမျိုးများသည် ဧရာဝတီ၊ သံလွင်၊ ချင်းတွင်း၊ စစ်တောင်းမြစ်ကြီးများ၊ လွင်ပြင်များနှင့် ပတ်လည်ဝိုင်းနေသော ကုန်းပြင်မြင့်နှင့် တောင်တန်းကြီး များ၌ မရှိမပူ၊ ရှိမပူ အေးချမ်းစွာနေထိုင်ခဲ့ကြပြီး အရေးရှိလျှင်လည်း ကောင်းတူဆိုးဖက်ရင်ဆိုင်ခဲ့ကြသည်။ ပြည်ထောင်စု၌ အတူနေထိုင်ကြသော ပြည်ထောင်စုသားများသည် တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်သူများ ဖြစ်ကြ၍ အချိန်ကာလအလိုက်ဖြစ်ခဲ့ကြသော သမိုင်းဖြစ်စဉ်အတက်၊ အကျ များအပေါ်တွင် အဆိုးဘက်ကို အကျိုးဆက်မဖြစ်စေဘဲ သင်ခန်းစာယူ၍ အကောင်းဘက်ကို အကြောင်းဆက်ရမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ သမိုင်းကြောင်းတွင် လူသားတို့၏သဘာ၀အတိုင်း တက်ပြန်ကျပြန် လောကဓံများနှင့် ကြုံတွေ့ခဲ့ရသည်။ စည်းလုံးညီညွတ်မှု အားကောင်းသောအချိန်ကာလများက နိုင်ငံအင်အားတောင့်တင်းခိုင်မာ ပြီးပတ်ဝန်းကျင်တွင် မော်ကြွားထည်ဝါစွာ နေထိုင်ခဲ့ရသည်။ စည်းလုံး ညီညွတ်မှုအားနည်းသော အချိန်ကာလများ၌ နိုင်ငံပိုင်နဲ့ပြိုလဲခဲ့ရပြီး သူတစ်ပါးအနှိမ်ခံဘဝဖြင့် မျက်နှာငယ်ခဲ့ရသည်။ အဆိုးဆုံးမှာ တစ်တိုင်းပြည်လုံး တိုင်းတစ်ပါးလက်အောက်ကျရောက်ခဲ့ရပြီး နှစ်ပေါင်း တစ်ရာကျော် ကျွန်ဖြစ်ခဲ့ရသည်ကို သင်ခန်းစာယူကာ အင်အားတောင့်တင်း ခိုင်မာသော ပြည်ထောင်စုကြီးဖြစ်အောင် တည်ဆောက်ကြရမည်ဖြစ်သည်။

ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ သမိုင်းကြောင်းတွင် အမြော်အမြင် ကြီးမားပြီး စွမ်းရည်ထက်မြက်သော ခေါင်းဆောင်များ၏ဦးဆောင်မှုဖြင့် တစ်တိုင်းပြည်လုံး စည်းလုံးညီညွတ်မှုကိုတည်ဆောက်ကာ ပထမမြန်မာ နိုင်ငံတော်၊ ဒုတိယမြန်မာနိုင်ငံတော်၊ တတိယမြန်မာနိုင်ငံတော်ကြီးများ ကိုကြီးကျယ်ခိုင်ခံ့စွာ တည်ဆောက်နိုင်ခဲ့သည်။ သို့သော် စည်းလုံးညီညွတ်မှုအားနည်းလာသဖြင့် ပုဂံမင်းဆက်ပျောက်ကွယ်မှုမှ ၁၈၈၅ ခုနှစ် ကုန်းဘောင်မင်းဆက်ပျောက်ကွယ်မှုတို့ဖြင့် တစ်တိုင်းပြည်လုံးကျွန်ဖြစ်ခဲ့ ရသည့်အဖြစ်မျိုးကို ထပ်မံ မကြုံတွေ့ရအောင် ကြိုးပမ်းအားထုတ်ခဲ့ရသည်။

မြန်မာနိုင်ငံသမိုင်းတွင် မကြုံစဖူးထူးခြားစွာသော တိုင်းရင်းသားလူ စည်းလုံးညီညွတ်မှုကို ခိုင်မြဲစွာဖန်တီးခဲ့သည့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် စတုတ္ထမြန်မာနိုင်ငံတော်ကြီးကို ပြောင်မြောက်အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့သည်။ နှစ်တစ်ရာကျော်ကျော် ကျွန်ဖြစ်ခဲ့ရသည့် ဘ၀ကို အဆုံးသတ်ကာ လွတ်လပ်သောမြန်မာနိုင်ငံတော်ကြီးအား နေခင်မျိုးဆက်များကို အမွေပေးအပ်ခဲ့သည်။ အချုပ်အခြာအာဏာပိုင်သည့် လွတ်လပ်သောနိုင်ငံဘ၀ကို ရောက်ရှိလာရန်အတွက် တိုင်းပြည်နှင့် တိုင်းရင်းသားပြည်သူများ၏ ဘ၀ပေါင်းများစွာ၊ နှစ်ပေါင်းများစွာ ပေးဆပ်ခဲ့ရသည်။ မျက်မှောက်ကာလ၌ လွတ်လပ်ပြီဆိုသည်နှင့် မပြီးဆုံးသေးပေ။ မြန်မာနိုင်ငံ၏ အတိတ်သမိုင်းဖြစ်ရပ်များကို သင်ခန်းစာယူကြရမည် ဖြစ်သည်။ သင်ခန်းစာမှာ စည်းလုံးညီညွတ်ရေးသည်သာအရင်းခံအကြောင်း ဖြစ်သည်ကို မြန်မာ့သမိုင်း ဖြစ်စဉ်များက သက်သေပြထားပြီးဖြစ်သည်။ ထို့ကြောင့် တိုင်းရင်းသားပြည်သူအားလုံး မြဲမြဲသောအသိဖြင့် စည်းလုံးညီညွတ်မှုမယိုင်လဲအောင် သတိမူရမည်ဖြစ်သည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ပေးပို့ခဲ့သော (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့သဝဏ်လွှာတွင် "ဒေသတွင်းမှာသာမက၊ ကမ္ဘာ့အလယ်မှာပါ ပုံရိပ်ကောင်းရှိသည့် အချုပ်အခြအာဏာပိုင်နိုင်ငံတစ်ခု ဖြစ်လာစေရေးအတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးသည် အတိတ်သမိုင်းဖြစ်ရပ်များကို သင်ခန်းစာယူပြီး ပြည်ထောင်စုတိုင်းရင်းသားအချင်းချင်း အပြန်အလှန်နားလည်မှု၊ ယုံကြည်မှုနှင့် လေးစားမှုတို့ကို အခြေခံကာ ခိုင်မာသောပြည်ထောင်စုစိတ်ဓာတ်ဖြင့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေးဟူသော အမျိုးသားရေးတာဝန်များကို အစဉ်အမြဲ ဦးလည်မသုန် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြရမည်ဖြစ်ပါသည်" ဟု ပါရှိသည်။

သို့ဖြစ်ရာ ကမ္ဘာ့အလယ်တွင်ပုံရိပ်ကောင်းရှိသော အချုပ်အခြာအာဏာ ပိုင်သည့် အင်အားတောင့်တင်း ခိုင်မာသော နိုင်ငံဖြစ်စေရေးအတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးသည် အတိတ်ကမြန်မာ့သမိုင်း ဖြစ်ရပ်များမှ သင်ခန်းစာယူရမည့်အချက်ဖြစ်သည့် စည်းလုံးညီညွတ်မှုကို ခိုင်မာစွာ တည်ဆောက်ထားရမည် ဟူသောအချက်ကို အစဉ်အမြဲအလေး အနက်ထားရမည် ဖြစ်ပါကြောင်း။

ကြေးမုံ