စည်းမျဉ်းတွေကိုလိုက်နာရင်း ကပ်ဆိုးကြီးကို လွန်မြောက်လာတဲ့ နယူးဇီလန်ပြည်သူတွေ

အောင်ကျော်ကျော်

 

နယူးဇီလန်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို ကာကွယ်ဖို့ ခရီးသွားလာမှု ကန့်သတ်ချက်တွေကို ရက်သတ္တ ငါးပတ်နီးပါး ချမှတ်ခဲ့ပြီးတဲ့နောက်မှာ ရောဂါကူးစက်မှုနှုန်းတွေ သိသိသာသာ လျော့ကျသွားခဲ့တာကို တွေ့မြင်ရပါတယ်။ အခုဆိုရင် နိုင်ငံအတွင်းမှာ စီးပွားရေးလုပ်ငန်းတွေ ပြန်လည်လည်ပတ်နေပြီး ခရီးသွားလာမှုတွေလည်း စတင်လို့နေပြီ ဖြစ်ပါတယ်။

 

သိသိသာသာလျော့ကျ

နိုင်ငံရဲ့ ဗိုင်းရပ်စ်ကာကွယ်ရေးအခြေအနေဟာ ဗိုင်းရပ်စ်ကို လုံးဝထိန်းချုပ်သွားနိုင်တဲ့ အခြေအနေတော့ မဟုတ်သေး ပါဘူး။ ဒါပေမယ့်လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်က ရောဂါကူးစက်ခံရသူ အရေအတွက်ဟာ ၁၀ ဂဏန်းအောက်ကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဧပြီ ၂၇ ရက်မှာ ရောဂါကူးစက်ခံရသူတစ်ဦးသာ တွေ့ရှိခဲ့တယ်လို့ ဆေးမှတ်တမ်း ဖော်ပြချက်အရ သိရပါတယ်။

 

ဒီလို ဗိုင်းရပ်စ်ကူးစက်မှုနှုန်းလျော့ကျ လာတာဟာ ကိုဗစ်-၁၉ရောဂါ တိုက်ဖျက်ရေး လုပ်ငန်းစဉ်အတွက် အားဆေး တစ်ခွက်ပဲ ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ကို ဘယ်လိုကာကွယ်။ ထိန်းချုပ်ရမလဲဆိုတဲ့ မှန်ကန်တဲ့ နည်းလမ်း တွေရရှိခဲ့ပါပြီလို့ နယူးဇီလန်ကျန်းမာရေးဌာန အကြီးအကဲ အက်ရှ်လေဘလွန်းဖီးက ဆိုပါတယ်။

 

နိုင်ငံအတွင်း ဗိုင်းရပ်စ်ကာကွယ်ရေး လုပ်ငန်းစဉ်တစ်ရပ်အနေနဲ့ ခရီးသွားလာ မှုတွေကို ရက်သတ္တငါးပတ်တာမျှ ပိတ်ပင် ခဲ့ရာမှာ ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက်က ငါးပတ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ ဒီအချိန်မှာ ရောဂါကူးစက်မှုနှုန်းဟာ သိသိသာသာ

လျော့ကျလာတာကို တွေ့ရပါတယ်။ ဒါကြောင့် နိုင်ငံအတွင်းမှာ ချမှတ်ထားတဲ့ ခရီးသွားခွင့်လာပိတ်ပင်မှုတွေကို ပြန်လည် ဖြေလျှော့ပေးခဲ့ပါတယ်။ အခုဆိုရင် ပြည်သူလေးသိန်းကျော်ဟာ လုပ်ငန်းခွင်တွေဆီကို ပြန်လည်ဝင်ရောက် လို့နေပါပြီ။ နိုင်ငံရဲ့စီးပွားရေးလုပ်ငန်း ၇၅ ရာခိုင်နှုန်းဟာလည်း ပြန်လည်စတင်လည်ပတ်နေပါပြီ။ ဒါပေမယ့် ရောဂါကူးစက်မှုကိုတော့ ဆက်လက်ကာကွယ်သွားရမှာ ဖြစ်တယ်လို့ နယူးဇီလန် ဝန်ကြီးချုပ် ဂျာစင်ဒါအာဒန်က ဆိုပါတယ်။

 

နိုင်ငံအတွင်း ရောဂါကူးစက်ခံရသူကို ဖေဖော်ဝါရီ ၂၈ ရက်မှာ စတင်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ရောဂါ ကူးစက်ခံရသူ ၁၄၇၂ ဦးရှိပြီး သေဆုံးသူ ၁၉ ဦးရှိတယ်လို့ သိရပါတယ်။ ရောဂါကူးစက် ခံရသူတွေထဲက ၁၂၁၄ ဦး (၈၂ ရာခိုင်နှုန်း) ပြန်လည်ကျန်းမာလာခဲ့တယ်လို့ သိရပါတယ်။

 

ဘယ်လို ကိုင်တွယ် ထိန်းချုပ်ခဲ့သလဲ

ဒီလို ဗိုင်းရပ်စ်ကူးစက်မှုနှုန်းပမာဏ နည်းပါးလာတာဟာ နယူးဇီလန်နိုင်ငံဟာ ဝေးလံခေါင်ဖျားတဲ့ဒေသမှာရှိတဲ့ ကျွန်းနိုင်ငံလေးတစ်ခုဖြစ်သလို နယူးဇီလန်နိုင်ငံကနေတစ်ဆင့် ပြေးဆွဲပျံသန်းတဲ့ လေကြောင်းလိုင်း အရေအတွက် ဟာလည်း အနည်းငယ်သာ ရှိလို့ဖြစ်ပါတယ်။ ပြီးတော့ အမေရိကန်နိုင်ငံလို ပြည်နယ်တွေ အများကြီးမရှိဘူး။ ဗဟိုအုပ်ချုပ်မှုစနစ်ကို ကျင့်သုံးတဲ့နိုင်ငံဖြစ်ပါတယ်။ ဒါကြောင့် ဗိုင်းရပ်စ်ကာကွယ်ရေး လုပ်ငန်းတွေကို ထိထ ိရောက်ရောက်နဲ့ စွမ်းဆောင်နိုင်ခဲ့တာပါ။ နယူးဇီလန်အစိုးရက အခြားနိုင်ငံတွေမှာ ကိုဗစ်-၁၉ ရောဂါကူးစက် ခံရတာတွေကို စံနမူနာယူပြီး နိုင်ငံအတွင်းမှာ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိမီအချိန်ကတည်းက ဗိုင်းရပ်စ် ကာကွယ်ရေးလုပ်ငန်းစဉ်တွေကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့ပါတယ်။ နိုင်ငံအတွင်းဝင်ရောက်လာသူ မည်သူမဆို ၁၄ ရက်ခန့် သီးခြားစောင့်ကြည့်ခံရမယ်လို့ ဝန်ကြီးချုပ်အာဒန်က မတ် ၁၄ ရက် မှာ စတင်ကြေညာခဲ့ပါတယ်။ ဒီလိုကြေညာခဲ့တဲ့ အချိန်မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူခြောက်ဦးသာ ရှိလို့နေပါသေးတယ်။ မတ် ၁၉ ရက်မှာတော့ ရောဂါကူးစက်ခံရသူ ၂၈ ဦးအထိ ရောက်ရှိလာခဲ့ပါပြီ။ ဒါကြောင့် ဝန်ကြီးချုပ် အာဒန်က နိုင်ငံအတွင်းဝင်ရောက်လာတဲ့ နိုင်ငံခြားသား ခရီးသည်တွေကို နိုင်ငံဝင်ခွင့် ပိတ်ပင်ခဲ့ပါတယ်။ မတ်၂၃ ရက်မှာတော့ ရောဂါကူးစက်ခံရ သူ ၁၀၂ ဦးအထိ ရှိလာပါပြီ။ ဒီအချိန်မှာ ဝန်ကြီးချုပ် အာဒန်ကနိုင်ငံအတွင်း ခရီးသွားလာမှုတွေကို စတင်ပိတ်ပင်ခဲ့ပါတယ်။ ဒါ့အပြင် တစ်ရက်ကို ပြည်သူ ၈၀၀၀ လောက် ရောဂါရှိ၊ မရှိ စစ်ဆေးမှုတွေလုပ်ဆောင်ပေးခဲ့ပါတယ်။ လက်ရှိအချိန်အထိ ၁၂၆၀၆၆ ဦးကို စစ်ဆေး ပြီးပါပြီ။ ရောဂါစစ်ဆေးတဲ့အခါမှာ လူ ၁၀ ဦးမှာ တစ်ယောက်လောက်သာ ရောဂါပိုးတွေ့ရှိ မယ်ဆိုရင် ဒီအခြေအနေဟာ ကောင်းမွန်တဲ့ အခြေအနေရောက်ရှိနေပါပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရေးပေါ်အစီအစဉ်မှ အုပ်ချုပ်ရေးဒါရိုက်တာ ဒေါက်တာမိုက်ရေးက ဆိုပါတယ်။ နယူးဇီလန်ရဲ့ ရောဂါကူးစက်မှု ဖြစ်နိုင်ခြေဟာ တစ်ရာခိုင်နှုန်းသာ ရှိပါတယ်။ ဒီနှုန်းထားဟာ လူအစုလိုက်အပြုံလိုက် ကူးစက်မှုကို မဖြစ်စေနိုင်တော့ပါဘူး။ နယူးဇီလန်နိုင်ငံမှာ ခရီးသွားလာမှုတွေ ပိတ်ပင်ထားတဲ့အချိန်မှာ ရောဂါကူးစက်မှုနှုန်းဟာ လူတစ်ယောက်ကို ထပ်မံကူးစက်နိုင်မယ့် ပမာဏအထိ မရှိတော့ပါဘူးလို့ ဝန်ကြီးချုပ် အာဒန်က ဆိုပါတယ်။ ဒီလို ဗိုင်းရပ်စ် ကာကွယ်ရေး လုပ်ငန်းတွေကို ထိထိရောက်ရောက် လုပ်ဆောင်ခဲ့တဲ့အတွက် မကြာမီအချိန်အတွင်းမှာပဲ စီးပွားရေးလုပ်ငန်းတွေ ပြန်လည်စတင်နိုင်တာဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတစ်ဝန်းမှာ ဗိုင်းရပ်စ်ခြိမ်းခြောက်မှု အဆင့်လေးဆင့်သတ်မှတ် ပြီးတော့ ဆောင်ရွက်ခဲ့ပါတယ်။

 

အဆင့်လေးဆင့် ခွဲခြားသတ်မှတ်ထား

နယူးဇီလန် အစိုးရက ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးအတွက် အောက်ပါ အဆင့်လေးဆင့်ကို သတ်မှတ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။

 

ဗိုင်းရပ်စ်ခြိမ်းခြောက်မှု အဆင့် ၄

(ဘယ်နေရာမှ သွားလာခွင့်မပြု)

ဗိုင်းရပ်စ်ကူးစက်မှုနှုန်းက မြန်ဆန်ပြီးထိန်းချုပ်နိုင်မှု မရှိတော့ဘူးဆိုရင် အဆင့် ၄ ဖြစ်တဲ့ ထိပ်ဆုံးအဆင့်ကို ရောက်ရှိ လို့နေပြီ ဖြစ်ပါတယ်။ ဒီအဆင့်ကိုရောက်ရင် ပြည်သူတွေကို နေအိမ်အတွင်းမှာသာ နေထိုင်ဖို့ တင်းတင်းကျပ်ကျပ် ညွှန်ကြားထားရမှာ ဖြစ်ပါတယ်။ စာသင်ကျောင်းတွေနဲ့အခြား အင်စတီကျု၊ တက္ကသိုလ်တွေအားလုံး ပိတ်ထားရပါမယ်။ ဈေးဝယ်စင်တာ၊ ဆေးဆိုင်နဲ့ ဆေးခန်းတွေအပါအဝင် နေ့စဉ်သုံးပစ္စည်း အရောင်းဆိုင်တွေကလွဲပြီး ကျန်စီးပွားရေး လုပ်ငန်းတွေကို ပိတ်ပင်ထားရပါမယ်။ စားနပ်ရိက္ခာတွေ အပါအဝင် အခြားထောက်ပံ့ရေးပစ္စည်းတွေကို အစိုးရအနေနဲ့ ပြည်သူတွေကို ထောက်ပံ့ပေးရပါမယ်။ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ပထမဦးစားပေးအဆင့် သတ်မှတ်ပြီး လုပ်ဆောင်ဖို့လိုပါတယ်။

 

ဗိုင်းရပ်စ်ခြိမ်းခြောက်မှု အဆင့် ၃

(ခရီးသွားလာမှုကန့်သတ်)

နိုင်ငံအတွင်းမှာ ဗိုင်းရပ်စ်ကူးစက်မှုတွေ မြင့်မားလာပြီး အစုလိုက်အပြုံလိုက်ကူးစက်မှု တွေရှိလာရင် အဆင့် ၃ ကို ရောက်ရှိမှာ ဖြစ်ပါတယ်။ ဒီအဆင့်မှာ ပြည်သူတွေကို နေအိမ်အတွင်းမှာသာ နေထိုင်ဖို့ စည်းမျဉ်းတွေ သတ်မှတ်ပေးရပါမယ်။ ဒါပေမယ့် မဖြစ်မနေ တာဝန်ထမ်းဆောင်ရမယ့်ဝန်ထမ်းတွေနဲ့ အရေးကြီးကိစ္စကြောင့် ဆေးရုံ၊ ဆေးခန်းသွားလာသူတွေကလွဲပြီး ကျန်ပြည်သူတွေအားလုံး နေအိမ်အတွင်းမှာသာနေထိုင်ဖို့ အစိုးရက ကြေညာရမှာ ဖြစ်ပါတယ်။ လူစု လူဝေးနဲ့လုပ်ဆောင်ရမယ့် ပွဲလမ်းသဘင် အခမ်းအနားတွေကို ပိတ်ပင်ထားရပါမယ်။ ခပ်ခွာခွာနေပြီး အလုပ်လုပ်ကိုင်နိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေကိုတော့ လည်ပတ်ဖို့ ခွင့်ပြုပေးထားရပါမယ်။

 

ဗိုင်းရပ်စ်ခြိမ်းခြောက်မှု အဆင့် ၂

(ခပ်ခွာခွာနေ၊ မလိုအပ်ဘဲ ခရီးသွားမှုကို ရှောင်ကြဉ်၊ နေအိမ်ကနေအလုပ်လုပ်)

နေအိမ်အတွင်း မိသားစုဝင်အချင်းချင်း ဒါမှမဟုတ် အဆောင်နေသူအချင်းချင်း ထိတွေ့မှုရှိပြီး ဗိုင်းရပ်စ်ကူးစက်မှုတွေ မြင့်မားလာပြီဆိုရင် ဗိုင်းရပ်စ်ကာကွယ်တားဆီးရေး အဆင့် ၂ အသက်ဝင်လာမှာ ဖြစ်ပါတယ်။ ဒီအဆင့်မှာ အစုလိုက်အပြုံလိုက် ဗိုင်းရပ်စ်ကူးစက်မှုတွေ မရှိစေဖို့ ပြည်သူတစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေဖို့ တိုက်တွန်းရပါမယ်။ လူစုလူဝေး လုပ်ဆောင်ခြင်းတွေကို ရှောင်ကြဉ်ရမယ့်အပြင် မီးရထား သို့မဟုတ် ဘတ်စ်ကားတွေစီးတဲ့အခါ တစ်ဦးနဲ့တစ်ဦး ခြောက်ပေအကွာအဝေးမှ လိုက်ပါစီးနင်းရပါမယ်။ မော်တော်ယာဉ်တွေ လိုက်ပါစီးနင်းတဲ့အခါ ကိုယ်အပူချိန်တိုင်းတာမှု ခံယူပြီးမှသာ လိုက်ပါစီးနင်းရပါမယ်။ အရေးကြီးကိစ္စမှအပ ခရီးသွားလာခြင်းတွေကို ရှောင်ကြဉ်ရပါမယ်။

 

စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းတွေကို ပုံမှန်အတိုင်း ဆက်လက်ဖွင့်လှစ်ထားနိုင်ပါတယ်။ စားသောက်ဆိုင်တွေ၊ ကော်ဖီဆိုင်တွေစတဲ့ စီးပွားရေးလုပ်ငန်းတွေကို အစိုးရက ချမှတ်ထားတဲ့ စည်းမျဉ်းတွေနဲ့အညီ ဖွင့်လှစ်ထားနိုင်ပါတယ်။

 

ဗိုင်းရပ်စ်ခြိမ်းခြောက်မှု အဆင့် ၁

(စည်းမျဉ်းတွေ ဆက်လက်လိုက်နာရမယ်)

အဆင့် ၁ မှာ ဗိုင်းရပ်စ်ကို ထိန်းချုပ်ဟန့်တားနိုင်ပြီလို့ ယူဆရမှာဖြစ်ပါတယ်။ နောက်ထပ် ရောဂါကူးစက်မှုတွေ ထပ်မံ မဖြစ်ပွားစေဖို့ စည်းမျဉ်း၊ စည်းကမ်းတွေ ဆက်လက်လိုက်နာစေဖို့ ပြည်သူတွေကို အစိုးရအနေနဲ့ အကြံပြု တိုက်တွန်းထားရပါမယ်။ ဒါပေမယ့် ဒီအဆင့်မှာ နိုင်ငံရပ်ခြားက ပြန်လည်ရောက်ရှိလာသူတွေကြောင့် ရောဂါ ကူးစက်မှုတွေ ဆက်လက်ရှိနေဆဲဖြစ်နိုင်ပါ တယ်။ ဒါပေမယ့် အစုလိုက်အပြုံလိုက် ကူးစက်မှုတော့ မရှိနိုင်တော့ပါဘူး။ အစိုးရအနေနဲ့ နယ်စပ်ဒေသဝင်ပေါက်တွေကတစ်ဆင့် နိုင်ငံအတွင်း ပြန်လည်ရောက်ရှိလာသူတွေကို သီးခြားစောင့်ကြည့်ရမယ့်လုပ်ငန်းစဉ်တွေကို လုပ်ဆောင်ရပါမယ်။ ဒါ့အပြင် နိုင်ငံအတွင်းမှာတော့ ရောဂါကူးစက်မှုကို ခြေရာခံတာတွေ၊ သီးခြားစောင့်ကြည့်တာတွေ၊ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင် ရပါမယ်။ ခပ်ခွာခွာနေထိုင်ဖို့နဲ့ လက်ကို မကြာခဏဆေးကြောဖို့ ပြည်သူတွေကို ဆက်လက်တိုက်တွန်းပြောကြားရမှာ ဖြစ်ပါတယ်။

 

လိုက်နာရမယ့် စည်းမျဉ်းတွေရှိနေဆဲ

ဗိုင်းရပ်စ်ကာကွယ်ရေး စည်းမျဉ်းတွေကို ဖြေလျှော့လိုက်တာဟာ ကိုဗစ်-၁၉ ကို တိုက်ဖျက်နိုင်ပြီလို့ ယူဆလို့ မဟုတ်ပါဘူး။ ဗိုင်းရပ်စ်ကာကွယ်တားဆီးဖို့ လမ်းကြောင်းမှန်ပေါ်ရောက်ရှိလာတာ ဖြစ်ပါတယ်။ ရောဂါကူးစက်မှုတွေ လျော့ကျလာလို့ ဗိုင်းရပ်စ်ခြိမ်းခြောက်မှု အဆင့်တွေကို တစ်ဆင့်ချင်းလျှော့ချပြီးတော့ စည်းမျဉ်း တင်းကျပ်မှုတွေကို ဖြေလျှော့ပေးတာဖြစ်ပါ တယ်လို့ ဝန်ကြီးချုပ် အာဒန်က ဆိုပါတယ်။

 

နယူးဇီလန်နိုင်ငံအတွင်း ဗိုင်းရပ်စ် ကာကွယ်ရေးစည်းမျဉ်းတွေ ဖြေလျှော့ပေးခဲ့ပေမယ့် အချို့ စည်းမျဉ်းတွေကတော့ အသက်ဝင် ကျန်ရှိနေဆဲပဲဖြစ်ပါတယ်။ စာသင်ကျောင်းတွေကို ပြန်ဖွင့်ခွင့်ပေးလိုက်ပေမယ့် တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေထိုင်ရမယ့် စည်းမျဉ်းတွေကိုတော့ ကျောင်းသူ ကျောင်းသား၊ ဆရာ ဆရာမတွေဟာ မဖြစ်မနေ လိုက်နာကြရမှာ ဖြစ်ပါတယ်။ လူစုလူဝေးနဲ့လုပ်ဆောင်ရမယ့် ပွဲလမ်းသဘင် အခမ်းအနားတွေကိုတော့ လက်ရှိ အချိန်မှာ ခွင့်ပြုခြင်းမရှိသေးပါဘူး။ စားသောက်ဆိုင်တွေ၊ ဈေးဆိုင်တွေ ဖွင့်ပေမယ့် ဈေးဝယ်သူတွေဟာ ခပ်ခွာခွာအနေအထား နဲ့သာ ဝယ်ယူရမှာဖြစ်ပါတယ်။ ကော်ဖီဆိုင်တွေဆိုရင်ဆိုင်မှာ ထိုင်ပြီး စားသောက်လို့မရသေးပါဘူး။ ပါဆယ်ထုပ်ပိုး ခြင်းနဲ့သာ ဝယ်ယူနိုင်ပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းဟာ ဗိုင်းရပ်စ်ကူးစက်မှု ဒုတိယလှိုင်းကို ကြိုတင်ကာကွယ် တားဆီးဖို့ လုပ်ဆောင်တာပဲ ဖြစ်ပါတယ်။

 

နယူးဇီလန်နိုင်ငံရဲ့ ဗိုင်းရပ်စ်ကာကွယ် တားဆီးရေးလုပ်ငန်းစဉ်တွေကို အစိုးရနဲ့ ပြည်သူတွေ တက်ညီလက်ညီပူးပေါင်း လိုက်နာဆောင်ရွက်ခဲ့ကြတာ ဖြစ်တဲ့အတွက် နိုင်ငံအတွင်းမှာ ကူးစက်ပျံ့နှံ့နေတဲ့ ကပ်ရောဂါဆိုးကြီးကိုမြန်မြန်ဆန်ဆန်ပဲ

ထိန်းချုပ်ဟန့်တားနိုင်တာဖြစ်ပါတယ်။ ဒီလိုပဲ ကမ္ဘာ့နိုင်ငံတွေအနေနဲ့ နယူးဇီလန်နိုင်ငံရဲ့ အစိုးရနဲ့ ပြည်သူတွေရဲ့ စုပေါင်းအင်အားကို စံနမူနာယူပြီး ဝိုင်းဝန်းလုပ်ဆောင်သွားမယ်ဆိုရင် အနာဂတ် မျှော်လင့်ချက်ရောင်ခြည်ဟာ မဝေးတော့တဲ့ လက်တစ်ကမ်းမှာ ရောက်ရှိလို့နေမှာဖြစ်ပါကြောင်း ရေးသားလိုက်ပါတယ်။

ကိုးကား-စီအင်န်အင်န်