စည်သူလွင်၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲ နိုဝင်ဘာ ၁ဝ ရက်တွင် ကျင်းပမည်

ကိုလင်း

 

ဂီတသက်တမ်း ၂၃ နှစ်အတွင်း တစ်ကိုယ်တော် တေးစီးရီးခွေများစွာနှင့်အတူ စုံတွဲ တေးသီချင်းပေါင်းများစွာဖြင့် အောင်မြင်ခဲ့သည့် အဆိုတော်စည်သူလွင်အနေဖြင့် ၂ဝဝ၄ ခုနှစ်က ပထမဆုံး တစ်ကိုယ်တော်ဖျော်ဖြေပွဲ လုပ်ခဲ့ပြီးနောက် အေးချမ်းမေ၊ တင်ဇာမော်တို့နှင့်တွဲ၍လည်း စုံတွဲဂီတဖျော်ဖြေပွဲများ ပြုလုပ်ခဲ့သည်။ ယခုဆိုလျှင် ပရိသတ်နှင့် လေးနှစ်ကျော် ဝေးကွာနေခဲ့သည့် စည်သူလွင်၏ တစ်ကိုယ်တော် ဖျော်ဖြေပွဲကို နိုဝင်ဘာ ၁ဝ ရက်တွင် ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ ရွှေထွဋ်တင်ကွင်း၌ ကျင်းပမည်ဖြစ်ပြီး လက်မှတ်များကို ကျပ်တစ်သိန်း၊ ကျပ်ငါးသောင်း၊ ကျပ်သုံးသောင်း သတ်မှတ်ရောင်းချသွားမည်ဟု သိရသည်။ ထိုပွဲနှင့်ပတ်သက်၍ စည်သူလွင်နှင့် တွေ့ဆုံမေးမြန်းဖြစ်ခဲ့သည်။

 

မေး - တစ်ကိုယ်တော်ဖျော်ဖြေပွဲ ဒုတိယအကြိမ် ဖြစ်လာခဲ့တာက။

 

ဖြေ - ကျွန်တော် တစ်ကိုယ်တော်ပွဲမလုပ်တာဆို လေးနှစ်ကျော်လောက်ရှိပါပြီ၊ ကြားထဲမှာတော့ စုံတွဲခွေအနေနဲ့တော့ လုပ်ခဲ့တယ်၊ တစ်ကိုယ်တော်ပွဲလုပ်မယ်  လုပ်မယ်နဲ့ အခုမှ ဒုတိယမြောက် တစ်ကိုယ်တော်ပွဲကို လုပ်ဖြစ်ခဲ့တာပါ၊ ကျွန်တော့်အနေနဲ့ တစ်ခါလာလည်း ဒီသီချင်း၊ နောက်တစ်ခါလာလည်း ဒီသီချင်းတွေချည်း ဖြစ်နေမှာကို အလွန်ကြောက်ပါတယ်၊ ကျွန်တော်တို့ ခေတ်တုန်းကဆို ပြန်ဆိုတေးတွေပေါ့၊ အခွေတိုင်းလိုလိုမှာ အမြဲပါဖြစ်ခဲ့တယ်၊ ကျွန်တော် ပြန်ဆိုတဲ့အခါ ပရိသတ် အကြိုက်ကိုရခဲ့ပါတယ်၊ ဒါပေမယ့် တစ်ကိုယ်တော်ပွဲ လုပ်တဲ့အခါမှာ အဲဒီသီချင်း တွေထည့်ဆိုတာ မရှိခဲ့ပါဘူး၊ အခုတော့ ကိုယ့်ရှေ့က စီနီယာအဆိုတော်ကြီးတွေရဲ့ သီချင်းတွေကို လာမယ့်နိုဝင်ဘာ ၁ဝ ရက်နေ့ညမှာ ဂုဏ်ပြုတဲ့အနေနဲ့ ပြန်လည်သီဆို သွားမယ်လို့ စိတ်ကူးလေးရခဲ့တာကနေ ဒီပွဲဖြစ်လာခဲ့တာပါ၊ ကိုယ့်ဘဝရဲ့ အစိတ်အပိုင်းလေးတစ်ခုလည်း ဖြစ်ခဲ့တဲ့ ပြန်ဆိုတေးလေးတွေကို ဒီပွဲမှာ ပရိသတ်တွေ ပြန်လည်ကြားရမှာမို့ ဒီပွဲနာမည်ကိုတောင် A Part of Me ဆိုပြီး ပေးဖြစ်တာပါ။

 

မေး - ဖျော်ဖြေပွဲအတွက် ပြင်ဆင်ထားတာတွေရှိလား၊ သီချင်းပုံစံတွေရော ပြောင်း လဲသွားမှာလား။

 

ဖြေ - တေးသီချင်းစုစုပေါင်း ၃ဝ ကျော် သီဆိုသွားမှာပါ၊ ဟေမာနေဝင်း၊ ဂျူဝဲလ်တို့နဲ့ အတူ အဆိုတော်ကြီး ခုနစ်ယောက်ရဲ့ သီချင်းတွေကို ကျွန်တော်ပြန်ဆိုမှာပါ၊  ဒီပွဲက ကျွန်တော့်သီချင်းတွေထက် မူရင်းအဆိုတော်ကြီးတွေရဲ့ သီချင်းတွေကိုပဲဆိုမှာပါ၊ ဒီပွဲမှာ မူရင်းအဆိုတော်တွေရဲ့ အရသာတွေလည်း ပျောက်မသွားအောင် ကျွန်တော့်အနေနဲ့ သေချာဂရုစိုက် ရပါတယ်၊ အထူးသဖြင့် မိန်းမဆိုးလို သီချင်းမျိုးလေးတွေကို သူ့ရဲ့မူရင်းပုံစံထက် လျော့မသွားသလို ပိုလည်းမပိုအောင် သတိထား မှာပါ၊ တခြားတက်သစ်စ အဆိုတော်လေးတွေဆိုလို့ သီချင်းက အတိမ်းအစောင်း ဖြစ်ခဲ့ရင် နားလည်လို့ရတယ်လေ၊ ကျွန်တော်တို့ဆိုလို့ မှားသွားရင် ဒါကမဖြစ်သင့်ဘူး ဆိုတော့ ကိုယ့်သီချင်းဆိုတာထက် ပိုဂရုစိုက်ရပါတယ်။

 

မေး - အဆိုတော်တွေအနေနဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲတွေက သမိုင်းမှတ်တိုင်တစ်ခု အဖြစ် ပြောကြတယ်။ ကိုစည်သူအတွက်ရော သမိုင်းဖြစ်စေမယ့်အရာတွေရှိ ခဲ့လား။

 

ဖြေ - ကျွန်တော့်အနေနဲ့ ပြောမယ်ဆို ကျွန်တော်ငါးတန်း၊ ခြောက်တန်း ကျောင်းသားဘဝကတည်းက အဆိုတော် ဖြစ်ချင်ခဲ့တာပါ၊ အဆိုတော်ဖြစ်ခဲ့ပြန်တော့လည်း ကိုယ့်သီချင်းတွေ ရွေးချယ်တဲ့အခါ ကိုယ့်အတွက်ဆိုတာထက် အများအတွက် ပိုပြီး  ဦးစားပေးလုပ်ခဲ့တဲ့ စိတ်ကြောင့် ပရိသတ်ရဲ့အားပေးမှုက အတိုင်းမသိရခဲ့တယ်၊ ကိုယ့်ကိုယ်ကိုယ် ပြောတာထက် ပရိသတ်က ဆုံးဖြတ်ပေးမှာပါ၊ ကျွန်တော် ဝါသနာရော အသက်မွေးခဲ့တာရောဆိုတော့ ဘဝနဲ့ ဒီအလုပ်က ထပ်တူကျခဲ့ပါတယ်၊ တခြားအလုပ်တွေ ကျွန်တော်ပြောင်းပြီး လုပ်ခဲ့တာမရှိဘူး၊ ဒီဂီတအလုပ်တစ်ခုတည်းကိုပဲ ကျွန်တော်လုပ်ခဲ့တယ်၊ အဲ့တော့ သမိုင်းရှိတာမရှိတာထက် ကိုယ်ချစ်တဲ့ ဒီအလုပ်နဲ့ ပရိသတ်ကိုပဲ ကျွန်တော်အမြဲချစ်နေမှာပါ။ 

 

မြန်မာ့အလင်း