စဉ်ဆက်မပြတ် ပြုပြင်ထိန်းသိမ်းနေသည့် တောင်နဝင်းဆည်

ပြီးခဲ့သည့် ဇန်နဝါရီလက ပြည်ခရိုင် ပေါက်ခေါင်းမြို့၌ တောင်နဝင်းဆည် တာကျိုးသွားသည်ဆိုသော ကောလာဟလသတင်း များကြောင့် ပေါက်ခေါင်းမြို့နှင့် အနီးအနားကျေးရွာများရှိ ဒေသခံပြည်သူများ ထိတ်လန့်ခဲ့ကြသည်။ ထို့ကြောင့် လက်ရှိ တောင်နဝင်းဆည်၏ အခြေအနေနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ဆည်မြောင်းနှင့် ရေအရင်းအမြစ် အသုံးချရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဂျပန်နိုင်ငံမှ ကျွမ်းကျင်ပညာရှင်များနှင့် တွေ့ဆုံ၍ သိရှိလိုသည်များကို ယခုလို မေးမြန်းခဲ့သည်-

1

ဦးအောင်ဗိုလ်(ညွှန်ကြားရေးမှူး၊ တောင်နဝင်းဆည်)

မေး ။ ။ တောင်နဝင်းရေလှောင်တမံ ဖြစ်ပေါ်လာပုံကို ရှင်းပြပေးပါဦး။

ဖြေ ။ ။ တောင်နဝင်းရေလှောင်တမံစီမံကိန်းက ဧရာဝတီ မြစ်ဝကျွန်းပေါ် အထက်ပိုင်းဒေသ ဘက်စုံစိုက်ပျိုး ရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် Master Plan တစ်ရပ် ရေးဆွဲတာကနေ ပေါ်ထွက်လာတဲ့ စီမံကိန်းဖြစ်ပါတယ်။ Master Plan ကို အဆင့်(၃)ဆင့် ရေးဆွဲခဲ့ပါတယ်။ ပထမအဆင့် လေ့လာမှုကို ၁၉၇၈ ခုနှစ်မှာ ဆောင်ရွက်ခဲ့ပြီး ဒုတိယနဲ့ တတိယအဆင့် လေ့လာမှုကို ၁၉၇၉ ခုနှစ်မှာ ဆောင်ရွက်ခဲ့ပါတယ်။

တောင်နဝင်းရေလှောင်တမံ ဖြစ်မြောက်နိုင်စွမ်း လေ့လာမှုအစီရင်ခံစာကို ၁၉၈၀ ခုနှစ်က ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ(JICA)က နိုင်ငံတော်အစိုးရထံကို ရေလှောင်တမံ တည်ဆောက်ခြင်းဆိုင်ရာ အပြီးသတ် ဒီဇိုင်းပုံစံရေးဆွဲခြင်း လုပ်ငန်းအတွက် ဂျပန်နိုင်ငံ ဆန်းယုအတိုင်ပင်ခံအဖွဲ့ကို ငှားရမ်းပြီး ၁၉၈၄ ခုနှစ်မှာ ဆောင်ရွက်ခဲ့ပါတယ်။ တည်ဆောက်ရေး လုပ်ငန်းတွေကို ၁၉၈၅-၁၉၈၆ ခုနှစ်မှာ စတင်ဆောင်ရွက်ခဲ့ပြီး ၁၉၉၄ - ၁၉၉၅ ခုနှစ်မှာ ဆောင်ရွက်ပြီးစီး ခဲ့ပါတယ်။

မေး ။ ။ ရေလှောင်တမံကို တည်ဆောက်ရတဲ့ ရည်ရွယ်ချက်ကို ရှင်းပြပေးပါ။

ဖြေ ။ ။ ရေလှောင်တမံကို ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့ အရှေ့ဘက် နှစ်မိုင်အကွာ ရပ်သစ်ကျေးရွာအနီး တောင်နဝင်းချောင်းပေါ်မှာ တည်ဆောက်ထားပါတယ်။ တမံအောက်ဘက် လေးမိုင်ခန့်အကွာ ချောင်းခွရွာအနီး တောင်နဝင်း ချောင်းပေါ်မှာ တည်ဆောက်ထားတဲ့ တောင်နဝင်းရေထိန်းတမံကို ရေလွှတ်ပြီး ရေထိန်းတမံရဲ့ မြောင်းမကြီးကနေတစ်ဆင့် ပေါက်ခေါင်း၊ ပြည်နဲ့ သဲကုန်း မြို့နယ်တွေမှာရှိတဲ့ လယ်မြေဧက ၅၇၂၅၈ ဧကကို စိုက်ပျိုးရေပေးဝေဖို့ ရည်ရွယ် တည်ဆောက်ခြင်း ဖြစ်ပါတယ်။ လက်ရှိမှာ နှစ်စဉ် နွေစပါးပျမ်းမျှ ဧက ၇၀ဝဝ ခန့်နဲ့ မိုးစပါးဖြည့်စွက်ရေ၊ အောင်ရေ ပျမ်းမျှ ဧက ၁၂၀ဝဝ ခန့်ကို ရေပေးဝေလျက် ရှိပါတယ်။

မေး ။ ။ တမံထိပ်မျက်နှာပြင် အက်ကြောင်းဖြစ်ပေါ်လာခြင်းနဲ့ ဆောင်ရွက်ထားရှိမှု အခြေအနေကို သိချင်လို့ပါ။

ဖြေ ။ ။ ၂၀၁၈ ခုနှစ် အောက်တိုဘာလက ရေလှောင်တမံအနီးမှာ အင်အားအသင့်အတင့်ရှိတဲ့ ငလျင်လှုပ်ခတ်မှုသုံးကြိမ်၊ ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှာ တစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ဇန်နဝါရီလ ၈ ရက်မှာ တမံရဲ့ ပေတိုင် ၅၆၅၀ နဲ့ ပေတိုင် ၆၁၀ဝ အကြား တမံထိပ်မျက်နှာပြင် အက်ကြောင်းဖြစ်ပေါ်မှုကို စတင်တွေ့ရှိခဲ့ပါတယ်။ ငလျင်လှုပ်ခတ်မှုကြောင့် တမံအောက်ခြေ အုတ်မြစ် ကျောက်သားလှုပ်ရှားမှုဖြစ်ပြီး တမံထိပ်မျက်နှာပြင်အက်ကြောင်း ဖြစ်လာရတယ်လို့ မြန်မာနဲ့ ဂျပန်ပညာရှင်တွေရဲ့ ကွင်းဆင်း စစ်ဆေးမှုသုံးသပ်ချက်အရ သိရပါတယ်။

ဖြစ်ပွားပြီးနောက်ပိုင်း ဌာနက အချိန်ပြည့်စောင့်ကြည် တိုင်းတာခြင်းနဲ့ ဘူမိဗေဒစူးစမ်းလေ့လာခြင်းတွေကို ဂျပန်ပညာရှင်တွေနဲ့ အတူ ဆောင်ရွက်ခဲ့ပါတယ်။ ရေလှောင်တမံ ကြံ့ခိုင်ရေးနဲ့ လုံခြုံစိတ်ချရမှုအတွက် မိုးရာသီမတိုင်မီ စူးစမ်းရရှိချက်အပေါ် အခြေခံပြီး ဒေသခံတွေရဲ့ အသက်အိုးအိမ် လုံခြုံစိတ်ချမှုရှိအောင် တမံအောက်ခံအုတ်မြစ် အားဖြည့်ခြင်းအတွက် ဘိလပ်မြေ သရွတ်မှုတ်သွင်းခြင်းလုပ်ငန်း၊ တမံကိုယ်ထည်ရဲ့ အောက်ဘက်ကနေ မြေသားပိုးဖို့ခြင်းလုပ်ငန်း၊ တမံထိပ်ပြင် အက်ကြောင်း ကုန်တဲ့အထိ တစ်မီတာစီ အလွှာလိုက် မြေသားဖယ်ခြင်းလုပ်ငန်းနဲ့ တမံထိပ်ပြင်နဲ့ မြေသားပိုးခြင်းအတွက် မြေဖို့ခြင်းလုပ်ငန်း တွေကို စနစ်တကျ အချိန်မီပြီးစီးအောင် ဆောင်ရွက်လျက်ရှိပါတယ်။

မေး ။ ။ မိုးတွင်းကာလ ဆောင်ရွက်မယ့် အစီအစဉ်တွေကို ရှင်းပြပေးပါခင်ဗျာ။

ဖြေ ။ ။ ရေလှောင်တမံ တည်ဆောက်ပြီးစီးတဲ့ ၁၉၉၆ ခုနှစ်က စပြီး နှစ်စဉ်လအလိုက် ဆည်ရေဝင်ရောက်မှုကို မှတ်တမ်းတင်ခဲ့ ပါတယ်။ နှစ်စဉ်ဆည်ရေဝင်ရောက်မှု မှတ်တမ်းများအရ အများဆုံးဝင်ရောက်ခဲ့တဲ့ ၂၀၁၁ ခုနှစ် ရေဝင်ရောက်မှုကိုအခြေခံပြီး အဓိကဖြစ်တဲ့ ဒေသခံတွေရဲ့ စိုးရိမ်ပူပန်စိတ်လျော့ကျဖို့နဲ့ လုံခြုံစိတ်ချရမှုအတွက် သူတို့ ဆန္ဒအရ လာမယ့်မိုးစပါး၊ နွေစပါးစိုက်ပျိုးဖို့ ရေလိုအပ်ချက် ဖြည့်ဆည်းပေးဖို့အတွက် လာမယ့်မိုးရာသီမှာ တမံရေ သိုလှောင်နိုင်မှုပမာဏရဲ့ တစ်ဝက်ကိုသာ ထိန်းညှိသိုလှောင်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင်ဘူမိစမ်းသပ်တွင်းတွေမှာ တိုင်းတာရေးကိရိယာတွေ တပ်ဆင်ပြီး တမံရဲ့ ကိုယ်ထည်လှုပ်ရှားမှုကို စောင့်ကြည့်တိုင်းတာမှုများ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

မေး ။ ။ ရေလှောင်တမံနဲ့ ပတ်သက်ပြီး ဒေသခံပြည်သူတွေက ရေထိန်းတံခါးတပ်ဆင်ဖို့ အကြံပြုချက်တွေအပေါ် ဌာနအနေနဲ့ အမြင်ကို ပြောပြပေးပါ။

ဖြေ ။ ။ တမံအတွက် ရေထိန်းတံခါးတပ်ဆင်ဖို့ အကြံပြုချက်ကို ကြိုဆိုပါတယ်။ ဒါပေမယ့် တမံမှာ ရေထိန်းတံခါး တပ်ဖို့အတွက် ဖြစ်နိုင်ခြေကို အဆင့်ဆင့် ဆန်းစစ်လေ့လာ သုံးသပ်ပြီး စနစ်တကျ ဆောင်ရွက်သင့်ပါတယ်။ ရေထိန်းတံခါးကို တမံ တစ်ခုတည်းမှာ တပ်ဆင်ခြင်းထက် ဧရာဝတီမြစ်ဝှမ်း တစ်လျှောက်မှာရှိတဲ့ ဆည်တွေမှာ တပ်ဆင်တာက ပိုပြီး သင့်လျော်ကောင်းမွန်မယ်လို့ ပညာရှင်တွေရဲ့ သုံးသပ်အကြံပြုချက်တွေအရ သိရပါတယ်။ ဒီလိုအကြံပြုတာက ရုတ်တရက် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်လာရင် ဆည်ရေထိန်းတံခါးကနေ ရေလွှတ်ပေးမယ်ဆိုရင် ဆည်အောက်ပိုင်းမှာ ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

ဒီလိုဖြစ်စဉ်မျိုးတွေကို ကျွန်တော်တို့ရဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ တွေ့ရပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ အလောသုံးဆယ် ဆောင်ရွက်ခြင်းထက် ဖြစ်နိုင်ခြေကို စနစ်တကျလေ့လာပြီး အဆင့်အလိုက် အချိန်ယူပြီး အကောင်အထည်ဖော် ဆောင်ရွက် သွားဖို့ လိုအပ်ပါတယ်။

ဒေါက်တာ မိုတိုရောရှိဟိကဆ
(ဂျပန်နိုင်ငံသား ဆည်တမံဆိုင်ရာ ကျွမ်းကျင်ပညာရှင်)

မေး ။ ။ တောင်နဝင်းရေလှောင်တမံအပေါ်မှာ ရေထိန်းတံခါး တစ်ခုတပ်ဆင်ဖို့ကို ပညာရှင်တစ်ယောက်အနေနဲ့ ဘယ်လို မြင်ပါသလဲခင်ဗျာ။

ဖြေ။ ။ ဂျပန်နိုင်ငံမှာ အခုလို တည်ဆောက်ပြီး ဆည်တမံတစ်ခုမှာ ထပ်မံပြီး ရေတံခါးတွေ၊ ရေထိန်းရေပိုလွှဲတွေ တပ်ဆင်ဖို့အတွက် အနည်းဆုံးအချိန် ၁၀ နှစ်ယူပြီး လေ့လာမှုတွေလုပ်ပါတယ်။ အဲဒီလို လေ့လာရာမှာ ရေထိန်းတံခါးတပ်မယ့် ဆည်နဲ့ ပတ်ဝန်းကျင်က ဆည်တွေမှာ ရေပိုလွှဲတွေ၊ တံခါးတွေ ထပ်မံတပ်ဆင်ဖို့ လိုအပ်မှု ရှိ၊ မရှိ။ ဆည်တစ်ခုတည်း တပ်ဆင်ပါက ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးဆက်တွေကို စနစ်တကျ လေ့လာရပါတယ်။

ရေကြီးရေလျှံမှုဖြစ်တဲ့အချိန် ရေထိန်းတံခါးတစ်ခုတည်းက ရေတွေကို ထုတ်လိုက်မယ်ဆိုရင် ဆည်အောက်ပိုင်း ဒေသတွေမှာ ရေလွှမ်းမိုးမှုတွေ အများကြီး ဖြစ်လာနိုင်ပါတယ်။ ဒီလိုအတွေ့အကြုံကို ထိုင်းနိုင်ငံမှာ ကျွန်တော်တို့ တွေ့ခဲ့ရပါတယ်။ ဒါကြောင့် ရေထိန်းတံခါး တပ်ဆင်မှုကို ကျွန်တော်တို့ အမြင်အနေနဲ့ အလောသုံးဆယ် မလုပ်စေချင်ပါဘူး။ စနစ်တကျ လေ့လာပြီး အဆင့်အလိုက် စနစ်တကျနဲ့ အချိန်ယူသုံးသပ်ပြီး ဆောင်ရွက်သွားစေချင်ပါတယ်။
သူရဇော်