စဉ်ဆက်မပြတ်ဖွံ့ဖြိုးဖို့ မသန်စွမ်းသူများနှင့်အတူ

 

ကူညီဆောင်ရွက်စို့ ကမ္ဘာ့လူဦးရေ တစ်ဘီလီယံကျော်သည် မသန်စွမ်းမှု တစ်မျိုးမျိုးကို ခံစား နေကြရသူများ ဖြစ်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းထုတ်ပြန်သည့် အစီရင်ခံစာ တစ်ရပ်အရ သိရသည်။ အဆိုပါအရေအတွက်သည် ကမ္ဘာ့လူဦးရေ၏ ၁၅ ရာခိုင် နှုန်းခန့်ရှိပြီး   နည်းမျိုးစုံဖြင့်   ခွဲခြားဆက်ဆံမှု၊   ဆင်းရဲဒုက္ခ အမျိုးမျိုးနှင့် ကြုံတွေ့နေရပြီး အခွင့်အရေးများဆုံးရှုံးမှုတို့ကို ခံစားနေကြရသည်။ ကမ္ဘာ့မသန်စွမ်းသူအားလုံး၏ ၈၀ ရာခိုင်နှုန်း ကျော်မှာ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ရှိနေကြခြင်းဖြစ်သည့်အလျောက် ပိုမို၍ ထိခိုက်ခံစားကြရသည်ဟုလည်း ဆိုသည်။

 

“မသန်စွမ်းသူဆိုသည်မှာ ပတ်ဝန်းကျင်ရှိ အတားအဆီးများကြောင့် လူ့အဖွဲ့အစည်းအတွင်း  အများနည်းတူ အပြည့်အဝ ထိရောက်စွာ ပါဝင်ဆောင်ရွက်မှုမပြုနိုင်သော ကိုယ်ခန္ဓာပိုင်း၊ စိတ်ပိုင်း၊  ဉာဏ်ရည်ပိုင်း  သို့မဟုတ်  အာရုံခံစားမှုပိုင်းဆိုင်ရာ  ရေရှည်ချို့ယွင်းချက်ရှိသူများကို ဆိုလိုသည်”ဟု  ကုလသမဂ္ဂ မသန်စွမ်းသူများ၏ အခွင့်အရေးသဘောတူစာချုပ်တွင် ဖွင့်ဆိုထားသည်။ မသန်စွမ်း သူများအပေါ်ထားရှိသည့် စိတ်သဘောထားများနှင့် ဖြေရှင်းမှုပုံစံများကို ပြုပြင်ပြောင်းလဲနိုင်ရန် ရည်ရွယ်၍ ကုလသမဂ္ဂက ၂၀၀၆ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်တွင် အဆိုပါစာချုပ်ကို ထုတ်ပြန်ခဲ့ပြီး ကမ္ဘာ့နိုင်ငံအသီးသီးတို့က သဘောတူ လက်မှတ်ရေးထိုးထားကြခြင်းဖြစ်သည်။ ယခုအခါကမ္ဘာတစ်ဝန်း ရှိ မသန်စွမ်းသူများအားလုံး အခွင့်အရေးများခံစားရရှိရေး၊ မွေးရာပါ ဂုဏ်သိက္ခာများအား လေးစား တန်ဖိုးထားခံရရေး၊ ၎င်းတို့၏ဖွံ့ဖြိုးတိုးတက်မှုတွင် အခက်အခဲအတားအဆီးများ ရှိနေကြောင်းကို အသိအမှတ်ပြု၍ ခွဲခြားဆက်ဆံခံရမှုများ ပပျောက်ပြီး တန်းတူညီမျှ အခွင့်အရေးရရှိရေးတို့ကို ကုလသမဂ္ဂနှင့် ကမ္ဘာ့နိုင်ငံများတွင် ကြိုးပမ်းအကောင်အထည်ဖော်လျက် ရှိသည်။

 

၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံလူဦးရေ၏ ၄ ဒသမ ၆ ရာခိုင်နှုန်း(၂ ဒသမ ၃ သန်း)ကျော်မှာ မသန်စွမ်းသူများဖြစ်ကြသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)တွင် နိုင်ငံတော်သည် မသန်စွမ်းသူများအား ကြည့်ရှုစောင့်ရှောက်ရမည်ဟု ပြဋ္ဌာန်းထားပြီး ၂၀၁၅ ခုနှစ် ဇွန်လ ၅ ရက်တွင် “မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ”ကို လည်းကောင်း၊ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်တွင် နည်းဥပဒေများ ကိုလည်းကောင်း ပြဋ္ဌာန်းထုတ်ပြန်ခဲ့သည်။ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီကို ၂၀၁၇ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး “မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ မဟာ ဗျူဟာ (၅)နှစ်စီမံကိန်း ၂၀၂၂-၂၀၂၇” ကို ပြဋ္ဌာန်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် မြန်မာ့လူ့ဘောင် အဖွဲ့အစည်းအတွင်းရှိ မသန်စွမ်းသူများ၏ ဘဝအရည်အသွေး ပိုမိုဖွံ့ဖြိုးလာစေရန် အများပြည်သူနည်းတူ တန်းတူညီမျှ အခွင့်အရေးရရှိရေး ကြိုးပမ်းဖော်ဆောင်ရန်၊ မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာနှင့် စွမ်းဆောင်ရည်တို့ကို အလေးဂရုပြုတတ်စေရန်ဟူသည့် ရည်ရွယ်ချက်များဖြင့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားများကို ၁၉၉၄ ခုနှစ်မှစ၍ နှစ်စဉ် ကျင်းပခဲ့ရာ ယခုနှစ်တွင် “စဉ်ဆက်မပြတ် ဖွံ့ဖြိုးဖို့ မသန်စွမ်းသူများနှင့်အတူ ကူညီဆောင်ရွက်စို့”ဟူသော ဦးတည်ဆောင်ပုဒ်နှင့်အညီ ကျင်းပခဲ့သည်။

 

၂၀၁၅ ခုနှစ် ကုလသမဂ္ဂအထွေထွေညီလာခံက ချမှတ်ခဲ့သည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင် (Sustainable Develop- ment Goals) ၁၇ ချက်နှင့်အညီ ကမ္ဘာတစ်ဝန်းတွင် ရင်ဆိုင်ကြုံတွေ့နေရသည့် လူမှုရေး၊ စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားကြရာတွင် မသန်စွမ်း သူများ မကျန်ရစ်စေရေး၊ မသန်စွမ်းမှုကို အကြောင်းပြု၍ ချန်လှပ်ထားခဲ့ခြင်းမရှိစေရေး အလေးထားဆောင်ရွက်ကြရမည့်အပြင် မသန်စွမ်းသူများ၏အခွင့်အရေးများကို တစ်ဦးတစ်ယောက် မျှ မကျန်ရှိဘဲ ရရှိစေရေးဆောင်ရွက်ရာတွင် မသန်စွမ်းသူများနှင့်အတူ ပူးပေါင်းပါဝင် ကူညီဆောင်ရွက် ကြရပါမည့်အကြောင်း။

 

ကြေးမုံ