စပါးတစ်ဧကအတွက် နှမ်းတစ်ဧက

 

 

စိုက်ပျိုးရေးလုပ်ငန်းများတွင် သဘာဝမြေဩဇာများ ပိုမိုသုံးစွဲလာစေရေးအတွက် နိုင်ငံတော်က အားပေး ဆောင်ရွက်လျက်ရှိသည်။ စိုက်ပျိုးသီးနှံများ အာဟာရဓာတ်ရရှိစေရန် ဓာတ်မြေဩဇာများ သုံးစွဲကြရာတွင် လိုသည်ထက် ပို၍သုံးစွဲခြင်း၊ သုံးစွဲမှု အချိုးအစား ညီမျှမှုမရှိခြင်းတို့ကြောင့် စိုက်ပျိုးမြေများတွင် ဓာတညစ်ညမ်းမှု၊ မြေဆီလွှာပျက်စီးမှု စသောဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်သည်။ သဘာဝမြေဩဇာများ သုံးစွဲရာတွင်မူ အဆိုပါဆိုးကျိုးများကို ရှောင်ရှားနိုင်သည့်အပြင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများမှ ဘေးထွက်ပစ္စည်းများကို အသုံးပြု၍ ကိုယ်တိုင်ထုတ်လုပ် သုံးစွဲနိုင်ခြင်းကြောင့် စရိတ်ကုန်ကျမှုကိုလည်း သက်သာနိုင်စေသည်။

 

ကောက်ရိုး၊ ပဲရိုး၊ နှမ်းရိုး၊ ပြောင်းရိုး၊ ပြောင်းဖူးအူတိုင်၊ ဂျုံရိုး၊ ပဲခွံ၊ စပါးခွံ စသည့်သီးနှံပင်အကြွင်းအကျန်များနှင့် မွေးမြူရေး တိရစ္ဆာန်ချေးများ စသည့်စိုက်ပျိုးရေးနှင့်မွေးမြူရေး လုပ်ငန်းများမှ ထွက်ပေါ်လာသည့် ဘေးထွက်ပစ္စည်းများကို အဏုဇီဝပိုးများနှင့် ဆွေးမြည့်အောင်ပြုလုပ်ပြီး စိုက်ပျိုးသည့် သီးနှံပင်များက စားသုံးနိုင်သည့် အာဟာရဓာတ်များ ရရှိအောင် ပြုပြင်ထုတ်လုပ်ခြင်းအားဖြင့် သဘာဝမြေဩဇာကို ရရှိနိုင်သည်။ အင်တာနက်ကို အလွယ်တကူသုံးစွဲနိုင်သည့် ယနေ့ခေတ်တွင် သဘာဝမြေဩဇာ ထုတ်လုပ်သည့် နည်းလမ်းများကို အွန်လိုင်းမှတစ်ဆင့် အလွယ်တကူရရှိနိုင်သလို သက်ဆိုင်ရာဌာနများ၏ အသိပညာဖြန့်ဝေမှု များမှလည်း ရရှိနိုင်ကြသည်။

 

သဘာဝမြေဩဇာ ထုတ်လုပ်ရာတွင် နှမ်းရိုးကို အခြေခံ၍ ထုတ်လုပ်သုံးစွဲခြင်းကလည်း တောင်သူတို့အဖို့ အကျိုးများဖွယ် ပင်ဖြစ်သည်။ မိမိတို့နိုင်ငံတွင် ဆီထွက်သီးနှံစိုက်ဧက စုစုပေါင်း၏ ၅၀ ရာခိုင်နှုန်းကျော်မှာ နှမ်းဖြစ်ပြီး မိုး၊ ဆောင်း၊ နွေ သုံးရာသီ စိုက်ဧကများစုစုပေါင်း ဧကသန်းနှင့်ချီ၍ရှိသည်။ မကွေး၊စစ်ကိုင်း၊ မန္တလေးတိုင်းဒေသကြီးတို့မှာ နှမ်းကိုအများဆုံး စိုက်ပျိုးကြပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှာလည်း စိုက်ပျိုးကြသည်။ နှမ်းစိုက်ခင်းတစ်ဧကမှ ထွက်ပေါ်လာသော နှမ်းထောင်၊ နှမ်းခါပြီး နှမ်းရိုး တစ်တန်/ တစ်တန်ခွဲခန့် ရရှိနိုင်ရာ ၎င်းပမာဏသည် စပါးတစ်ဧကအတွက်လိုအပ်သော အပင်အာဟာရဓာတ်များကို ပေးစွမ်းနိုင်ကြောင်း စိုက်ပျိုးရေးပညာရှင်များက ပြောကြားကြသည်။ ဆွေးမြည့်သွားသော နှမ်းရိုးတစ်တန်မှ အပင်အာဟာရဓာတ်သည် ပိုတက်ဆီယမ်ဓာတ်မြေဩဇာ ၃၅ ပေါင်၊ ယူရီးယား ဓာတ်မြေဩဇာ ၂၅ ပေါင်၊ တီစူပါဓာတ်မြေဩဇာ ငါးပေါင်နှင့် ညီမျှသည်ဟုဆိုသည်။ နှမ်းရိုးတွင် နိုက်ထရိုဂျင် ၁ ဒသမ ၅ ရာခိုင်နှုန်း၊ ဖော့စဖိတ် ၀ ဒသမ ၂၄ ရာခိုင်နှုန်း၊ ပိုတက် ၂ ဒသမ ၄ ရာခိုင်နှုန်း၊ သစ်ဆွေးဓာတ် ၉၆ ရာခိုင်နှုန်းနှင့် ကာဗွန်နိုက် ထရိုဂျင်အချိုး(၃၇ : ၁) ရှိကြောင်း သုတေသနပြုတွေ့ရှိထားသည်ဟုလည်း သိရသည်။

 

အပင်အာဟာရကြွယ်ဝသော နှမ်းရိုးကို လက်တစ်ဆုပ်စာ အစည်းများစည်း၍ ရေရှိသော စပါးခင်းအတွင်း တိုက်ရိုက်မြှုပ်နှံ ထည့်သွင်းနိုင်သလို နှမ်းရိုးနှင့် နွားချေး၊ ဖွဲကြမ်း၊ ဖွဲနု၊ တင်လဲရည်၊ အီးအမ်ဖျော်ရည်တို့ပေါင်းစပ်ကာ သဘာဝမြေဩဇာအဖြစ်လည်း ပြုလုပ်သုံးစွဲနိုင်သည်။ နှစ်စဉ် ဧကပေါင်း သိန်းသန်းချီ၍ စိုက်ပျိုးရာမှ ဘေးထွက်ပစ္စည်းအဖြစ် ထွက်ရှိလာသည့် နှမ်းရိုးမှာလည်း တန်ချိန်ပေါင်းသိန်းသန်းချီ၍ ရှိနေသည်။ အပင်အာဟာရများ မြင့်မားစွာပါဝင်နေသည့်နှမ်းရိုးကို တန်ဖိုးရှိရှိ အသုံးပြုနိုင်သော်လည်း အများစုမှာလယ်ယာကွင်းများထဲတွင် မီးရှို့ရှင်းလင်း လိုက်ခြင်းဖြင့် ဆုံးရှုံးသွားကြရသည်။ နှမ်းတစ်ဧကလျှင် စပါးတစ်ဧကနှုန်းဖြင့် သီးနှံအပင်အာဟာရဓာတ်များ ရရှိ နိုင်သည့်အလျောက် ဆီထွက်သီးနှံ နှမ်း၏ဘေးထွက်ပစ္စည်းဖြစ်သည့် နှမ်းရိုးကို အကျိုးရှိရှိ သုံးစွဲနိုင်ကြစေရေး ဆော်ဩလိုက်ရပါကြောင်း။

 

မြန်မာ့အလင်း