စတုတ္ထအကြိမ် MYANMAR YOUTH MICRO FILM CONTENT အတွက် ပြိုင်ပွဲဝင်ဇာတ်ကားများ စတင်ဖိတ်ခေါ်

၁၄ နိုဝင်ဘာ

 

စတုတ္ထအကြိမ်မြောက်ကျင်းပမည့် Myanmar Youth Micro Film Content (MYMF) ပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်ဇာတ်ကားများကို နိုဝင်ဘာလအတွင်း စတင်လက်ခံနေပြီဖြစ်ပြီး ရုပ်ရှင်ရိုက်ကူးရေးနှင့်သက်ဆိုင်သည့် အသိပညာ၊ အတတ်ပညာများ မျှဝေမည့် Workshop တစ်ခုကိုလည်း ကျင်းပမည်ဖြစ်ကာ စိတ်ပါဝင်စားသူများ အား ဖိတ်ခေါ်သွားမည်ဟု သိရသည်။

 

“ရုပ်ရှင်ကိုဝါသနာပါတဲ့ ရွက်ပုန်းသီးဝါသနာရှင်တွေကို မြေတောင်မြှောက်ပြီး မျိုးဆက်သစ်တွေ မွေးထုတ်ချင်ပါတယ်။ ပြိုင်ပွဲမှာ အရည်အချင်းပြည့်ဝတဲ့ လူငယ်ဒါရိုက်တာတွေကို မြေတောင်မြှောက်ပေးပြီးတော့ မြန်မာ့ရုပ်ရှင်အဆင့်အတန်း ပိုမိုဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက်လည်း ရည်ရွယ်ပါတယ်” ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဇင်ဝိုင်းက ပြောသည်။

 

အဆိုပါပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်ဇာတ်ကားများကို နိုဝင်ဘာ ၁ ရက်မှ ၃၀ ရက်အထိ လက်ခံသွားမည်ဖြစ်ပြီး ပြိုင်ပွဲတွင် ပဏာမဒိုင်လူကြီးများအနေဖြင့် ဒါရိုက်တာ ပန်းချီ စိုးမိုး၊ ဒါရိုက်တာမောင်သီ၊ ဒါရိုက်တာညိုမင်းလွင်၊ ဒါရိုက်တာဝီရတို့က ပါဝင်ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရသည်။ ၂၀၁၅ ခုနှစ်က စတင်ကျင်းပခဲ့သည့် Myanmar Youth Micro Film Content ၏ ယခုနှစ် စတုတ္ထအကြိမ်မြောက်ပြိုင်ပွဲတွင် ပထမဆုအဖြစ် ကျပ်သိန်း ၆၀၊ ဒုတိယဆုအဖြစ် ကျပ်သိန်း ၃၀၊ တတိယဆုအဖြစ် ကျပ်သိန်း၂၀ တို့ကို ချီးမြှင့်မည်ဖြစ်ပြီး အထူးဆုအဖြစ် ကျပ်သိန်း ၂၀၊ ပရိသတ်အကြိုက် ဆုံးဆု ကျပ်သိန်း ၂၀ နှင့် နှစ်သိမ့်ဆု ခုနစ်ဆုအတွက် ကျပ်ငါးသိန်းစီကိုလည်း ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

 

ကိုလင်း