စုံစမ်းခြင်း၊ စစ်ဆေးခြင်းနှင့် စီရင်ခြင်း

၁၃ စက်တင်ဘာ

ရာဇဝတ်မှုခင်းတစ်ခု တရားရုံးရှေ့သို့ရောက်ရှိလာလျှင်ဝရမ်းမှုအမျိုးအစားဖြစ်ပါက  တရားရုံးကစုံစမ်းခြင်း၊ စစ်ဆေးခြင်း၊  စီရင်ခြင်းဟူသော အပိုင်းသုံးပိုင်းဖြင့်ဆောင်ရွက်သည်။  ယင်းအပိုင်းသုံးပိုင်းတွင် မည်ကဲ့သို့ဆောင်ရွက်ပါသနည်း။ အနှစ်ချုပ်၍ မျှဝေပါရစေ။

စုံစမ်းခြင်းအပိုင်း

တရားလိုနှင့် တရားခံဖြစ်သူတို့ ရုံးရှေ့ရောက်ရှိလာသည်နှင့် တရားခံအား မိမိကိုယ်တိုင် ခုခံထုချေမည်လား။ ရှေ့နေငှားရမ်း၍ ခုခံထုချေမည်လား မေးမြန်းရသည်။ တရားခံက မိမိကိုယ်တိုင် ခုခံထုချေမည်ဟုဆိုလျှင်ကိုယ်တိုင်ထုချေခွင့်ပေးမည်။    ရှေ့နေငှားရမ်း၍ ခုခံထုချေမည်ဆိုလျှင် ရှေ့နေဖြင့် ခုခံထုချေခွင့်ပေးမည်။

အကယ်၍ ရာဇဝတ်မှုခင်းသည် သေဒဏ်ပြစ်ဒဏ်စီရင်ထိုက်သော အမှုအမျိုးအစားဖြစ်ပါက ကိုယ်တိုင်ထုချေခြင်းမပြုနိုင်ပါ။ ရှေ့နေဖြင့်သာ ခုခံထုချေရသည်။ အကယ်၍  တရားခံက  ဆင်းရဲနွမ်းပါးသဖြင့်  ရှေ့နေငှားရမ်းနိုင်စွမ်းမရှိကြောင်း တင်ပြလာလျှင် သတ်မှတ်ထားသော နိုင်ငံတော်စရိတ်ဖြင့် ရှေ့နေငှားရမ်းပေးရသည်။ ထိုသို့ငှားရမ်းခြင်းကို သက်ဆိုင်ရာဥပဒေရုံးက စီစဉ်ဆောင်ရွက်ပေးသည်။

ဤကိစ္စပြီးမြောက်လျှင် တရားလိုကိုစတင်စစ်မေးသည်။    ထို့နောက်   တရားလိုပြသက်သေများကိုဆက်လက်စစ်မေးသည်။ တရားလိုဘက်က တင်ပြရန်ရှိသော သက်သေခံပစ္စည်း၊ စာရွက်စာတမ်း၊ အထောက်အထား စသည်တို့ကို သက်သေခံအဖြစ် တင်သွင်းရသည်။

တရားလိုနှင့် တရားလိုပြသက်သေများကို စစ်မေးသည့်အခါ သက်သေခံအက်ဥပဒေတွင် ပြဋ္ဌာန်းထားသည့်အတိုင်း  တရားလို၏ရှေ့နေ  ဥပဒေအရာရှိက အဓိကစစ်မေးခြင်း ပြုလုပ်သည်။

ပြီးလျှင် တရားခံ၏ရှေ့နေက ပြန်လှန်စစ်မေးခြင်း   စစ်မေးသည်။ ပြီးလျှင်တရားခံရှေ့နေ၏ ပြန်လှန်စစ်မေးခြင်းအပေါ် ပြန်ရှင်းစစ်မေးရန်ရှိခဲ့ပါက ဥပဒေအရာရှိက ပြန်လည်ရှင်းလင်းစစ်မေးခြင်း ပြုလုပ်သည်။
တရားလိုနှင့် တရားလိုပြသက်သေများကို စစ်မေးရာ၌ တရားလိုဘက်ရှေ့နေ ဥပဒေအရာရှိက တရားခံပြစ်မှုကျူးလွန်သည်ဆိုသောအချက်များကို ထင်ရှားပေါ်ပေါက်အောင် စစ်မေးရသည်။ တရားခံဘက်ရှေ့နေက တရားလိုနှင့် သက်သေများ၏ ထွက်ဆိုချက် မမှန်ကန်ကြောင်းဖြင့် ခုခံထုချေ မေးမြန်းသည်။ ထိုသို့မေးမြန်းရာ၌ တရားခံသည် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့ကြောင်း ခုခံထုချေရေးလမ်းကြောင်းကို ထည့်သွင်း၍ မေးမြန်းရသည်။

တရားခံ၏  ခုခံထုချေရေးလမ်းကြောင်းဆိုသည်မှာ တရားခံသည် ပြစ်မှုကိုလုံးဝကျူးလွန်ခြင်းမရှိကြောင်း ငြင်းဆိုခြင်း သို့မဟုတ် တစ်စိတ်တစ်ပိုင်းကိုကျူးလွန်ခြင်း သို့မဟုတ် ကျူးလွန်သည်ဆိုသောအချိန်၌ တရားခ သည် ယင်းနေရာတွင်မရှိဘဲ အခြားတစ်နေရာ၌ရောက်ရှိနေခြင်း  သို့မဟုတ်  လူသတ်မှုအမျိုးအစားဖြစ်ပါက မိမိကိုယ်ကိုကာကွယ်ခုခံပိုင်ခွင့်အရ ပြုလုပ်ခြင်း စသည်တို့ကို ဆိုလိုသည်။

ဤကဲ့သို့ တရားလိုနှင့်  တရားလိုပြသက်သေများကိုစစ်မေးခြင်းပြုလုပ်ခြင်းသည် စုံစမ်းခြင်းအဆင့်(Inquiry stage) သာ ဖြစ်သည်။ စစ်ဆေးခြင်းအဆင့် (Trial stage)  သို့ မရောက်ရှိသေးပါ။

တရားလိုနှင့် တရားလိုပြသက်သေများ၏ ထွက်ဆိုချက်များအရ တရားခံသည် စွဲဆိုသောပြစ်မှု တစ်စုံတစ်ရာကို  ကျူးလွန်ရာရောက်သော  သက်သေခံချက်အထောက်အထား ခြေခြေမြစ်မြစ် မတွေ့ရသည့်အခါ တရားခံကို စွဲချက်မတင်မီ (တရားရှင်) လွှတ်ကြောင်း  အမိန့်ချမှတ်သည်။ စစ်ဆေးခြင်းအဆင့်သို့မရောက်ရှိဘဲတရားခံကို အမှုမှ တရားရှင်လွှတ်လိုက်ခြင်းဖြစ်သည်။  တရားရှင်လွှတ်ခြင်းသဘောမှာ တရားခံအပေါ်  ပြစ်မှုကျူးလွန်ကြောင်း သက်သေအထောက်အထားများ ပြည့်ပြည့်စုံစုံ ရရှိလာသည့်အခါ ပြန်လည်၍  တရားစွဲဆိုနိုင်ခွင့်ရှိမည်ဖြစ်သည်။

စစ်ဆေးခြင်းအပိုင်း

တရားလိုနှင့် တရားလိုပြသက်သေများ၏ထွက်ဆိုချက်များအရ  တရားခံသည် စွဲဆိုသည့်ပြစ်မှုကို ကျူးလွန်ဖွယ်ရာရောက်ကြောင်း ငြိစွန်းသည့်သက်သေခံချက်အထောက်အထားများ တွေ့ရှိသည့်အခါ  ရှင်းလင်းချေပနိုင်ရေးအတွက် တရားခံအား ငြိစွန်းသောဥပဒေပုဒ်မဖြင့်စွဲချက်တင်ကြောင်း တရားရုံးက အမိန့်ချမှတ်သည်။ ဤသို့ စွဲချက်တင်ကြောင်း  အမိန့်ချမှတ်သည့်အခါကျမှအမှုကို စုံစမ်းခြင်းအဆင့်မှ စစ်ဆေးခြင်းအဆင့်သို့ရောက်ရှိသည်။

အမှုကို စစ်ဆေးခြင်းအဆင့်သို့ ရောက်ရှိသည့်အခါ တရားခံအတွက် အရေးကြီးသောအပိုင်းကဏ္ဍဖြစ်လာသည်။ အရေးကြီးသောအပိုင်းဖြစ်သည်နှင့်အညီ  တရားရုံးက တရားခံနှင့် တရားခံပြသက်သေများကို  မစစ်မေးမီ စစ်မေးပြီးခဲ့သော တရားလိုသက်သေများအနက်မည်သူတို့ကို ပြန်ခေါ်၍ စစ်မေးလိုခြင်းရှိ၊ မရှိ   တရားခံရှေ့နေသို့ မေးမြန်းရသည်။ တရားခံရှေ့နေသည် မိမိစစ်ဆေးလိုသော  တရားလိုပြသက်သေအချို့ သို့မဟုတ်အားလုံးကိုပြန်ခေါ်၍ စစ်မေးလိုလျှင်  စစ်မေးလိုကြောင်း တရားရုံးကို တင်ပြနိုင်သည်။ တရားခံရှေ့နေစစ်မေးလိုသော သက်သေများကို တရားရုံးကပြန်ခေါ်၍ စစ်မေးခွင့်ပေးရသည်။ ဤသို့ ပြန်လည်ခေါ်ယူစစ်မေးသောသက်သေကို ပြန်ခေါ်သက်သေဟု ခေါ်ဆိုကြသည်။

ပြန်ခေါ်သက်သေများကို စစ်မေးရာတွင် တရားခံ၏ရှေ့နေသည်  တရားခံအမှုမှ  လွတ်ရာ လွတ်ကြောင်း အမှုနှင့်သက်ဆိုင်သမျှ ပြန်လှန်မေးမြန်းရသည်။ စုံစမ်းခြင်းအဆင့်တွင်  အမှုနှင့်စပ်လျဉ်း၍ ခုခံချေပရေးလမ်းကြောင်းကို မမေးမြန်းမိခဲ့လျှင် ပြန်ခေါ်သက်သေအဖြစ်  စစ်မေးသည့်အခါ မဖြစ်မနေ ထည့်သွင်းမေးမြန်းရသည်။ ဤအချက်သည်လည်း အမှု၏အရေးကြီးသောအချက်ဖြစ်သည်။ အကယ်၍ စုံစမ်းမေးမြန်းခြင်းအဆင့်တွင်လည်းကောင်း၊  ပြန်ခေါ်သက်သေစစ်မေးခြင် အဆင့်တွင်လည်းကောင်း၊ တရားခံအတွက် ခုခံချေပရေးလမ်းကြောင်းကို တရားလိုနှင့် သက်သေများအား ဖွင့်ဟမမေးခဲ့လျှင် ယင်းအချက်ကို တရားခံနှင့်  တရားခံပြသက်သေများကို စစ်မေးသည့်အခါမှ ခုခံချေပခဲ့ပါက နောက်မှအကြံရ၍ထုချေချက်(After thought)  ဖြစ်၍ တရားဝင်သက်သေခံချက်အဖြစ် ထည့်သွင်းစဉ်းစားသုံးသပ်၍မရပါ။

ပြန်ခေါ်သက်သေများကို စစ်မေးပြီးနောက် တရားခံကို စစ်မေးသည်။ တရားခံပြသက်သေများကို စစ်မေးသည်။  တင်ပြရန်ရှိသည့် သက်သေခံပစ္စည်း၊ စာရွက်စာတမ်း၊ အထောက်အထားများကို သက်သေခံအဖြစ်တင်သွင်းသည်။ တရားခံနှင့် တရားခံပြသက်သေများကိုစစ်မေးသည့်အခါ သက်သေခံ အက်ဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ တရားခံ၏ရှေ့နေက စတင်၍ အဓိကစစ်မေးခြင်းပြုလုပ်သည်။ ပြီးလျှင် တရားလိုဘက်ရှေ့နေ ဥပဒေအရာရှိက   ပြန်လှန်စစ်မေးသည်။   ပြီးလျှင်တရားခံ၏ရှေ့နေက ပြန်လည်ရှင်းလင်းမေးမြန်းလိုသည်များရှိပါက ပြန်ရှင်းစစ်မေးခြင်း ပြုလုပ်သည်။

တရားခံနှင့် တရားခံပြသက်သေများကို စစ်မေးသည့်အခါ တရားခံ၏ရှေ့နေက ၄င်းတည်ဆောက်ခဲ့သည့်ခုခံချေပရေးလမ်းကြောင်းအတိုင်း ဦးတည်၍မေးမြန်းသည်။ တရားလိုဘက်ရှေ့နေ ဥပဒေအရာရှိကလည်း တရားလိုနှင့် တရားလိုပြသက်သေများ၏ ထွက်ဆိုချက်များအရ တရားခံအပေါ် ငြိစွန်းနေသော သက်သေခံချက်များကို  ပျက်ပြယ်မသွားရအောင်  တားဆီးကာကွယ် မေးမြန်းရသည်။
တရားခံနှင့် တရားခံပြသက်သေများကို စစ်မေးခြင်းပြုလုပ်ပြီးနောက် တရားလိုဘက်၊ တရားခံဘက်  နှစ်ဖက်ရှေ့နေများသည် တရားရုံးတွင် လျှောက်လဲချက်ပေးကြရသည်။ တရားသူကြီးသည် နှစ်ဖက်ရှေ့နေများ၏လျှောက်လဲချက်ကို ကြားနာပြီးနောက် လျှောက်လဲချက်ပါအချက်အလက်များ၊ အမှုတွင်ပါသော နှစ်ဖက်သက်သေများ၏ထွက်ဆိုချက်များ၊  တရားလိုနှင့် တရားခံတို့မှ တင်သွင်းသော  သက်သေခံပစ္စည်း၊ စာရွက်စာတမ်း၊ အထောက်အထားများအပေါ်  ဥပဒေနှင့်အညီပြည့်ပြည့်စုံစုံ ဆင်ခြင်သုံးသပ်သည်။ တရားခံသည်ပြစ်မှုကျူးလွန်ကြောင်း သက်သေခံချက်အထောက်အထား ခိုင်ခိုင်မာမာမတွေ့ရှိရသည့်အခါ တရားခံကိုအမှုမှအပြီးအပြတ် (တရားသေ) လွှတ်ကြောင်း အမိန့်ချမှတ်သည်။ စီရင်ခြင်းအဆင့်သို့မရောက်ရှိဘဲ တရားခံကိုအမှုမှ တရားသေလွှတ်ခြင်းဖြစ်သည်။ တရားသေ လွှတ်ခြင်းသဘောမှာ ယင်းသို့ တရားသေလွှတ်သည့်အမိန့်အပေါ် ဥပဒေနှင့်အညီ အယူခံပိုင်ခွင့်ရှိသည်မှတစ်ပါး  ယင်းပြစ်မှုနှင့်စပ်လျဉ်း၍  တရားခံအပေါ် နောက်ထပ်တရားစွဲဆိုနိုင်ခွင့် မရှိခြင်းပင်ဖြစ်သည်။

စီရင်ခြင်းအပိုင်း

တရားလိုဘက်၊ တရားခံဘက် နှစ်ဖက်သက်သေများ၏ ထွက်ဆိုချက်များ၊ တင်ပြထားသည့် သက်သေခံပစ္စည်း၊ စာရွက်စာတမ်း၊ အထောက်အထားများအရ တရားခံသည် ပြစ်မှုကျူးလွန်ကြောင်း ခိုင်လုံထင်ရှားပေါ်ပေါက်ပါက တရားခံအား ပြစ်ဒဏ်စီရင်ရတော့မည်။ စီရင်ခြင်းအပိုင်းသို့ ရောက်ရှိလာသည်။

စီရင်ခြင်းအပိုင်းသည် တရားသူကြီးအတွက် အရေးကြီးဆုံးအပိုင်းသို့ ရောက်ရှိလာခြင်းဖြစ်သည်။ ကျူးလွန်သောပြစ်မှုအလိုက် ပြစ်မှုနှင့် ပြစ်ဒဏ် မျှတမှုရှိ၊ မရှိ၊ ထိရောက်ဟန့်တားစေသော ပြစ်ဒဏ်မျိုး ဟုတ်-မဟုတ်ချိန်ရသည်။ ကျူးလွန်သောပြစ်မှုအမျိုးအစား၊ ကျူးလွန်ရသောအကြောင်းအရင်း၊ တရားခံ၏အသက်၊ တရားခံ၏ နောက်ကြောင်းရာဇဝင် စသည်တို့ကို ထည့်သွင်းစဉ်းစားရသည်။ 

ဥပဒေနှင့်အညီဖြစ်ရမည်။ အသိပညာပေးရာရောက်စေရမည်။ ရပ်ရွာအေးချမ်းသာယာရေး ရှေးရှုသည်။ တရားဥပဒေစိုးမိုးရေး ဦးတည်ရသည်။ ဤသည်တို့ကို ပေါင်းခြုံသုံးသပ်ဆင်ခြင်ပြီးမှ တရားခံအပေါ်  ပြစ်ဒဏ်စီရင်သည့်အမိန့် ချမှတ်ရသည်။ ဤတွင်တရားရုံး၏ စီရင်ခြင်းအပိုင်း ပြီးမြောက်သည်။

အခြေခံမူများနှင့်အညီဖြစ်ရသည်

တရားရုံးသည်   ရာဇဝတ်မှုတစ်ခုကို    စုံစမ်းခြင်း၊ စစ်ဆေးခြင်း၊ စီရင်ခြင်းအပိုင်းတို့ကို ဆောင်ရွက်ရာ၌ ဆောင်ရွက်ရသည့်အပိုင်းတိုင်းတွင် ဥပဒေနှင့်အညီလွတ်လပ်မှုရှိခြင်း၊ ပြည်သူ့ရှေ့မှောက်တွင်ဖြစ်ခြင်း၊ ခုခံချေပခွင့်ရရှိစေခြင်း၊ ပြည်သူတို့၏ အကျိုးစီးပွားကိုကာကွယ်စောင့်ရှောက်ခြင်း၊ တရားဥပဒေစိုးမိုးရေးကိုအထောက်အကူဖြစ်ခြင်း၊ ပြည်သူများကို ဥပဒေပညာပေးခြင်း၊ ပြည်သူအချင်းချင်းနှင့်ပတ်သက်သော အမှုကိစ္စများကို ဥပဒေဘောင်အတွင်း၌ ကျေအေးပြီးပြတ်စေခြင်း၊  ပြစ်ဒဏ်စီရင်ရာတွင် အကျင့်စာရိတ္တပြုပြင်ရေးကို ဦးတည်ခြင်းတည်းဟူသော တရားစီရင်ရေးဆိုင်ရာ အခြေခံမူများနှင့်အညီ ဆောင်ရွက်ကြရသည်ဖြစ်ကြောင်းပါဗျာ။

ဥပဒေနှင့်အညီ လွတ်လပ်စွာ တရားစီရင်နိုင်ကြပါစေ၊-ခုခံချေပခွင့်ပြည့်ဝစွာရရှိကြပါစေ၊

- ခုခံချေပခွင့် ပြည့်ဝစွာရရှိကြပါစေ၊

-တရားဥပဒေစိုးမိုးရေးအထောက်အကူပြုနိုင်ကြ- တရားဥပဒေစိုးမိုးရေး အထောက်အကူပြုနိုင်ကြပါစေ။

မောင်စာဂ