စုပေါင်းညီညွတ်စွာ လုပ်ကိုင်ကြမှသာ

 

နိုင်ငံတစ်နိုင်ငံ အဓွန့်ရှည်တည်တံ့နိုင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် နိုင်ငံအတွင်းတွင်ရှိသော လူအင်အား၊ ငွေကြေး အင်အားနှင့် ရုပ်ဝတ္ထုအင်အားတို့ကို ထိထိရောက်ရောက် စုစည်း အသုံးပြုနိုင်ရန် လိုအပ်သည်။ အထက်ပါ အင်အားသုံးမျိုးကို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရင်းအနှီးများအဖြစ် အသုံးပြု ဆောင်ရွက်ရာတွင် ခေါင်းဆောင်မှုအပိုင်းနှင့် ပြည်သူလူထုအပိုင်းတို့ လွှမ်းခြုံပါဝင်သည့် လူအရင်းအမြစ်ကသာ ဦးဆောင်ကာ နိုင်ငံ၏ဓနငွေကြေးနှင့် ရုပ်ဝတ္ထုသယံဇာတအရင်းအမြစ်နှစ်မျိုးကို နိုင်ငံဖွံ့ဖြိုးရေးအတွက် ပုံဖော်တည်ဆောက်ကြရခြင်း ဖြစ်သည်။

 

“တစ်တိုင်းပြည်လုံး ကြီးပွားစေချင်ရင် လူအား၊ ငွေအား ပစ္စည်းအားနဲ့ စုပေါင်းပြီး အင်တိုက်အားတိုက်လုပ်နိုင်မှ အကျိုး ခံစားခွင့်ရှိကြမှာပဲ။ ဗမာကတစ်မျိုး၊ ကရင်ကတစ်ဖုံ၊ ရှမ်း၊ ကချင်၊ ချင်းတို့ကတခြား အကွဲကွဲအပြားပြား လုပ်နေကြရင် အကျိုးရှိမှာ မဟုတ်ဘူး၊ စုပေါင်းလုပ်ကြမှသာ အကျိုးရှိနိုင်မယ်။ လုပ်ကြည့်မှလည်း အကျိုးရှိကြောင်းသိနိုင်တယ်” ဟု ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ပင်လုံညစာစားပွဲ မိန့်ခွန်းတွင် ဗိုလ်ချုပ်အောင်ဆန်းက ထည့်သွင်းပြောကြားခဲ့ရာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းမှာရှိနေသည့် အရင်းအမြစ် သုံးခုကို စုပေါင်းကာ အားကြိုးမာန်တက် အလုပ်လုပ်ကြရန်နှင့် တကွဲတပြားစီ ဆောင်ရွက်၍မရဘဲ စုပေါင်းဆောင်ရွက်ကြရန် အမြော်အမြင် ကြီးစွာဖြင့် နှိုးဆော်ခဲ့ခြင်းပင် ဖြစ်သည်။

 

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် 3M ဟုခေါ်သော Man,Money, Material အင်အားများအပြင် National Integration ခေါ် အမျိုးသား စုစည်းမှုသည်လည်း မရှိမဖြစ် လိုအပ်သည်ဟု ပညာရှင်များက ဆိုမိန့်ခဲ့ကြရာ နိုင်ငံတစ်ဝန်းတွင် နိုင်ငံတော်အာဏာရပ်လွှမ်းခြုံ ပျံ့နှံ့ခြင်း၊ ဗဟိုအစိုးရ၏ ဦးဆောင်မှုထက်မြက်စူးရှခြင်း၊ ဗဟို အစိုးရအပေါ် ပြည်သူတို့ သစ္စာခံယူမှုအားကောင်းခြင်း စသည့် အခြင်းအရာများက တစ်မျိုးသားလုံး၏ စုစည်းသိပ်သည်းမှုကို အားကောင်းစေသည်ဟု ဆိုသည်။ နိုင်ငံကို ခေါင်းဆောင်မှုပြုသူနှင့် ပြည်သူလူထု၊ ပြည်သူလူထုအချင်းချင်း စသည်တို့ ကြား၌ အပြန် အလှန် နားလည်လက်ခံမှုနှင့် အသိအမှတ်ပြုမှုတို့ အားကောင်းခြင်း၊ ပြည်သူလူထု၏ လူမှုရေးစည်းကမ်း ထိန်းသိမ်းမှု(Social Discipline) အားကောင်းခြင်းတို့က အမျိုးသားစုစည်းမှုကို ခိုင်မာတောင့်တင်းစေပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုန်းထ နိုင်သည့် အင်အားကိုလည်း ပေါ်ထွက်လာစေသည်။

 

ယခုအခါ မိမိတို့နိုင်ငံ လွတ်လပ်ရေးရရှိပြီးခဲ့သည်မှာ ၇၅ နှစ် ပြည့်တော့မည်ဖြစ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နိုင်မည့် လမ်းကြောင်းပေါ်သို့ ခြေချနိုင်ရန် ရုန်းကန်နေရဆဲပင်ဖြစ်သည်။ နိုင်ငံ၏ အရင်းအမြစ်များကို ထိထိရောက်ရောက် ဖော်ထုတ်အသုံး ချနိုင်ရေး၊ တိုင်းရင်းသားလူမျိုးများအကြား စည်းလုံးညီညွတ်ရေး အတွက် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ကြိုးပမ်းနေကြရသလို နယ်ချဲ့လက်အောက်ကျရောက်ခဲ့ရသည့် အတိတ်သမိုင်း၏ ဆိုးမွေ များနှင့် ပြည်တွင်းပြည်ပအဖျက်အမှောင့်များ၊ အကြမ်းဖက်မှုများ ကိုလည်း ရင်ဆိုင်ရှင်းလင်းနေရသည့် အချိန်အခါတွင် ဗိုလ်ချုပ် အောင်ဆန်းမိန့်ကြားခဲ့သည့်အတိုင်း အကွဲကွဲအပြားပြား လုပ်နေ ကြခြင်းဖြင့် အကျိုးဖြစ်ထွန်းနိုင်မည် မဟုတ်ဘဲ စုပေါင်းညီညွတ်စွာ လုပ်ကိုင်ကြမှသာ ပြည်ထောင်စု နိုင်ငံတော်ကြီး၏ အကျိုး၊ ပြည်ထောင်စုဖွား ညီနောင်တိုင်းရင်းသားတို့၏ အကျိုးတို့ ပေါ်ထွန်းလာနိုင်ပါမည့်အကြောင်း။

 

 မြန်မာ့အလင်း