ဒစ်ဂျစ်တယ် စီးပွားရေးအကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်

၁၆ ဒီဇင်ဘာ

 

ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားမှုကာလအတွင်း စီးပွားရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင်လည်ပတ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ပြည်သူကို ပညာပေးမျှဝေပေးမည့် ဒစ်ဂျစ်တယ်စီးပွားရေးအကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဒီဇင်ဘာ ၁၆ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့ရာ ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။

 

အစီအစဉ်မှူး။   ။           စီးပွားရေးလုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါမှာ ဒစ်ဂျစ်တယ် နည်းပညာနဲ့ e-Commerce စနစ် အသုံးပြုပြီး ကုန်စည်စီးဆင်းမှုတွေနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကို ဘယ်လိုဆောင်ရွက်နိုင်သလဲဆိုတဲ့ အကြောင်းအရာတွေ ဆွေးနွေးမယ့် ဒစ်ဂျစ်တယ်စီးပွားရေးအကြောင်း သိကောင်းစရာ အစီအစဉ်ကနေ ကြိုဆိုပါတယ်။

 

ယနေ့ဆွေးနွေးပွဲတွင် ခေတ်မီလက်လီလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ City Holdings Ltd မှ Group CEO ဒေါ်ဝင်းဝင်းတင့် နဲ့ Online travel Company flymya.com and IT Company BOD Tech Ventures မှ Founder ဦးသန်းထွန်းဝင်းတို့က ပါဝင်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

 

ပထမဦးဆုံး မေးခွန်းအနေနဲ့ e-Commerce လို့ဆိုတဲ့နေရာမှာ ဘယ်လိုအကြောင်းအရာတွေ ပါဝင်နေသလဲဆိုတာ ဒေါ်ဝင်းဝင်းတင့်အနေနဲ့ ရှင်းလင်းပြောကြားပေးပါဦး။

 

ဒေါ်ဝင်းဝင်းတင့်။                      ။           e-Commerce လို့ပြောတယ်ဆိုရင် ပထမဦးဆုံး မြင်မိတာက အွန်လိုင်းပေါ်မှာ ကုန်ပစ္စည်းတွေ ရောင်းတာလို့ ထင်ကြပါတယ်။ ဒါပေမယ့် e-Commerce ဆိုတာ ကုန်ပစ္စည်းတွေ ရောင်းဝယ်ရုံတင် မဟုတ်ပါဘူး။ အွန်လိုင်းပေါ်မှာ တစ်ဖက်နဲ့တစ်ဖက် ရောင်းဝယ်မှု ပြုလုပ်တဲ့အခါ ကုန်ပစ္စည်းတွေသာမက ဝန်ဆောင်မှုလုပ်ငန်းတွေကိုပါ နောက်ပိုင်းမှာ ရောင်းချလာတာကို တွေ့ရပါတယ်။

 

ဝန်ဆောင်မှုလို့ဆိုရာမှာ အွန်လိုင်းပေါ်က Netflix လို ရုပ်သံလိုင်းတွေကို Subscription လုပ်ပြီး ကြည့်တာမျိုး၊ အွန်လိုင်းမီဒီယာတွေ၊ အွန်လိုင်းပို့ဆောင်ရေးတွေ၊ အစားအသောက်တွေ၊ ခရီးသွားလုပ်ငန်းတွေ၊ ဒစ်ဂျစ်တယ်ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုတွေ၊ ကျန်းမာရေးဝန်ဆောင်မှုတွေနဲ့ အခုဆိုရင် အွန်လိုင်းပညာရေးနဲ့ ပတ်သက်တဲ့ ဝန်ဆောင်မှုတွေကိုပါ အွန်လိုင်းပေါ်ကနေ ရောင်းချတာကို တွေ့ရမှာ ဖြစ်ပါတယ်။

 

e-Commerce လုပ်ငန်းမှာ စီးပွားရေးလုပ်ငန်းတွေကနေပြီး စားသုံးစွဲသူတွေကို တိုက်ရိုက်ရောင်းချတာတွေ Business to Customer (B to C) ဖြစ်နိုင်သလို Business to Business (B to B) စီးပွားရေးလုပ်ငန်း အချင်းချင်းရောင်းချတာလည်း ဖြစ်နိုင်ပါတယ်။ စားသုံးသူတွေကနေ စားသုံးသူတွေကို ပြန်ပြီးရောင်းချတဲ့ပုံစံ Customer to Customer (C to C) တွေလည်း အများကြီးတွေ့ရမှာ ဖြစ်ပါတယ်။

 

ဒီလိုမျိုးရောင်းချတဲ့အခါ ကိုယ်ပိုင်ဝက်ဘ်ဆိုက်တွေ၊ အက်ပလီကေးရှင်းတွေကနေ ရောင်းချတာတွေကိုလည်း တွေ့ရမှာဖြစ်သလို တခြားသူရဲ့ ဝက်ဘ်ဆိုက်မှာလည်း ရောင်းချတာတွေ ရှိပါတယ်။ ဥပမာ - မြန်မာပြည်မှာရှိတဲ့ Shop.com, Rgo47 တို့လို့ ဝက်ဘ်ဆိုက်တွေကနေတစ်ဆင့် ရောင်းချတာ ဖြစ်ပါတယ်၊ ဒီလိုဝက်ဘ်ဆိုက်တွေကို Market Place လို့ခေါ်ပါတယ်။ အပြင်မှာ ဆိုင်တွေအများကြီး ပါဝင်တဲ့ Shopping Center လိုဖြစ်ပါတယ်။ အခုခေတ် ဆိုရှယ်မီဒီယာကလည်း ရောင်းချတဲ့ Social Commerce လည်း ထွန်းကားပါတယ်။ ဆိုရှယ်မီဒီယာဖြစ်တဲ့ Facebook တို့၊ WhatsApp တို့၊ Viber တို့ကနေ ဆိုင်တွေဖွင့်ပြီး အွန်လိုင်းကနေတစ်ဆင့် ရောင်းချနေတာတွေကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။

 

e-Commerce ရဲ့ အဓိက အကျိုးကျေးဇူးထဲမှာ ဘာပါသလဲဆိုရင် အပြင်မှာ ဆိုင်တွေဖွင့်သလိုမျိုး အချိန်အပိုင်းအခြားနဲ့ ရောင်းရတာမျိုး မဟုတ်တော့ဘဲ အချိန်မရွေး ၂၄ နာရီ ရောင်းချလို့ရတယ်။ နောက်တစ်နေရာထဲမှာ၊ မြို့တစ်မြို့ထဲမှာ ဆိုင်ဖွင့်ထားပြီး အဲဒီမှာဘဲ လာဝယ်ရသလိုမျိုး မဟုတ်ဘဲ တစ်နိုင်ငံလုံးမှာရှိတဲ့ စားသုံးသူတွေကို ဦးတည်ပြီး ရောင်းချလို့ရတယ်။ ဒါ့အပြင် တစ်ခြားနိုင်ငံအရပ်ရပ်မှာရှိတဲ့ စားသုံးသူတွေကိုလည်း ကိုယ့်အနေနဲ့ ပစ်မှတ်ထားပြီး ရောင်းချမယ်ဆိုရင် ရောင်းချလို့ရတဲ့ နည်းစနစ်ဖြစ်တဲ့အတွက် အခုနောက်ပိုင်း တွင်ကျယ်လာတာ ဖြစ်ပါတယ်။

 

ကုန်ပစ္စည်းတွေ ရောင်းချမယ်ဆိုရင်ဆိုင်တွေ အများကြီးဖွင့်ဖို့ဆိုတာ ကုန်ကျစရိတ်တွေ၊ ရင်းနှီးမြှုပ်နှံမှုတွေ အများကြီး ကြီးမြင့်ပါတယ်။ e-Commerce အပေါ်မှာ မှီပြီး စားသုံးသူအများကြီးကို လုပ်ငန်းရင်းနှီးမြှုပ်နှံစရိတ် မများဘဲနဲ့ ရောင်းချနိုင်တာ ဖြစ်တဲ့အတွက် အကျိုးကျေးဇူးရှိပါတယ်။

 

အခုဆိုရင် မြန်မာနိုင်ငံမှာ Facebook ဆိုရှယ်မီဒီယာကနေပြီး ဈေးရောင်းချတာတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေတာတွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အခုနောက်ပိုင်းဆိုရင် ထင်ရှားကျော်ကြားသူတွေ (Social Influencer) ကိုသုံးပြီး Facebook Shop ကနေတစ်ဆင့် ရောင်းချနေတာတွေကို တွေ့ရပါတယ်။ အဲဒီလို Facebook Shop တွေကနေ ရောင်းချဖို့ Set-up လုပ်ရတာက လွယ်ကူပါတယ်။ ကုန်ကျစရိတ်လည်း နည်းနည်းပဲ ရှိပါတယ်။

 

ဒါပေမယ့် ဒီထက်ပိုပြီး တွင်တွင်ကျယ်ကျယ် ရောင်းချချင်တယ်ဆိုရင် နောက်ပိုင်းမှာ နည်းစနစ်တွေနဲ့ ထပ်ပြီးပေါင်းစပ်ဖို့ လိုပါတယ်။ ဥပမာ - Inventory စာရင်းဆိုင်ရာ၊ Payment ငွေပေးချေမှုဆိုင်ရာ၊ Supply Chain ထောက်ပံ့ရေးဆိုင်ရာ စနစ်တွေနဲ့ ဆက်စပ်ပြီး သုံးစွဲနိုင်ဖို့လိုပါတယ်။

 

ကိုယ်ပိုင် ဝက်ဘ်ဆိုက်တွေ၊ အက်ပလီကေးရှင်းတွေနဲ့ ရောင်းချမယ်ဆိုရင်လည်း ခုနက စနစ်တွေကိုထည့်ပြီး Integrated လုပ်ပြီး ကျယ်ကျယ်ပြန့်ပြန့် ရောင်းချမယ်ဆိုပြီး လုပ်ထားတဲ့ လုပ်ငန်းတွေလည်း မြန်မာနိုင်ငံမှာ အများကြီး ပေါ်ထွန်းလာပြီ ဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်မယ်ဆိုရင် နည်းပညာအပေါ်မှာ သင့်လျော်တဲ့ ရင်းနှီးမြှုပ်နှံမှုမျိုးတွေ လုပ်ရပါမယ်။ နားလည်တတ်ကျွမ်းတဲ့လူ၊ အရင်းအမြစ်တွေကို ရှာရပါမယ်။ ဒါ့အပြင် ပြုပြင်ထိန်းသိမ်းရတဲ့ စရိတ်တွေ ရှိပါတယ်။ လောလောဆယ်မှာ e-Commerce ကို ကျွန်မအနေနဲ့ အခုပြောပြီးသလောက် ပုံစံနဲ့ ပုံဖော်လိုပါတယ်။

 

အစီအစဉ်မှူး။   ။           မြန်မာနိုင်ငံအနေနဲ့ e-Commerce စနစ်ကို ပြောင်းလဲပြီး သုံးမယ်ဆိုရင် စိန်ခေါ်မှုနဲ့ အလားအလာတွေက ဘယ်လိုမျိုးတွေ ရှိမယ်ဆိုတာကို ဦးသန်းထွန်းဝင်းအနေနဲ့ ရှင်းလင်းပြောကြားပေးပါဦး။

 

ဦးသန်းထွန်းဝင်း။         ။           လက်ရှိ မြန်မာ့ e-Commerce အနေနဲ့ ပြောရရင် ကျွန်တော်တို့က ကမ္ဘာ့နဲ့၊ အရှေ့တောင်အာရှနဲ့ ယှဉ်ကြည့်လိုက်ရင် မြန်မာနိုင်ငံက နိုင်ငံပေါင်း ၁၅၇ နိုင်ငံမှာ အဆင့်က ၁၂၆ ဖြစ်ပြီး အဆင့်က အောက်ကိုရောက်နေပါတယ်။ ပြည်သူတွေက အွန်လိုင်းမှာ ပစ္စည်းဝယ်ဖို့နဲ့ ပစ္စည်းငွေချေဖို့ရယ် သူတို့က နားလည်လား၊ လုပ်တတ်လားအပေါ်မှာ ကျွန်တော်အနေနဲ့ နည်းနည်း အားနည်းတာကို မြင်ရပါတယ်။

 

ဒုတိယအနေနဲ့ မြန်မာနိုင်ငံမှာ ဟမ်းဖုန်းသုံးတဲ့ လူအရေအတွက်က သန်း ၅၀ ကျော်ရှိပါတယ်။ တော်တော်များများက နိုင်ငံရဲ့ လူဦးရေအရ ဟမ်းဖုန်း တစ်လုံးထက် နှစ်လုံးကိုင်နိုင်ပါတယ်။ ဒီအထဲမှာ မိုလ်ဘိုင်းအင်တာနက် 3G, 4G သုံးတဲ့သူက ၂၂ သန်းပဲ ရှိပါတယ်။ ဒါက နိုင်ငံလူဦးရေရဲ့ ၄၀ ရာခိုင် နှုန်းပဲ ရှိပါတယ်။ ဒီ ၂၂ သန်းထဲက တကယ့်အွန်လိုင်းမှာ ငွေချေဖူးတာတို့၊ ပစ္စည်းဝယ်ဖူးတာတို့၊ အွန်လိုင်းကနေ အခွန်ပေးဆောင်ဖူးတာတို့ကို ကောင်းကောင်းလုပ်တတ်တဲ့သူက ၂ သန်းပဲ ရှိပါတယ်။

 

ဟမ်းဖုန်းသုံးစွဲသူက သန်း ၅၀ / ၆၀ ရှိပေမယ့်၊ တကယ့်အွန်လိုင်းမှာ ပစ္စည်းဝယ်တတ်သူက ၂ သန်းလောက်ပဲ ရှိပါတယ်။ e-Commerce အနေနဲ့ ပြောရင် အများကြီး လိုပါသေးတယ်။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ VeChain Volume အနေနဲ့ ကြည့်မယ်ဆိုရင် ဒေါ်လာ ၁၀ ဘီလီယံလောက် ရှိတယ်လို့ ပြောကြပါတယ်။ အွန်လိုင်းရဲ့ ရောင်းတဲ့အားနဲ့ တကယ့် VeChain အားနဲ့ ကြည့်လိုက်ရင် နိုင်ငံက ၀ ဒသမ ၀၁ ရာခိုင်နှုန်းပဲ ရှိပါတယ်။

 

ပုံမှန်ဆိုရင် ပြောင်းလဲဖို့ အချိန် အများကြီးပေးရပါတယ်။ ဒါပေမယ့် အခု ၂၀၂၀ ပြည့်နှစ်မှာ မထင်မှတ်ဘဲ ကိုဗစ် - ၁၉ ရောဂါဖြစ်လာတဲ့အချိန်မှာ Stay at Home ဖြစ်လာပြီး နိုင်ငံခြားလည်း သွားလို့မရဘူး၊ မြို့နယ်လည်း ကူးလို့မရတဲ့အချိန်၊ ဆိုင်တွေကလည်း ပိတ်ခံရတဲ့အချိန်၊ စားသောက်ဆိုင်တွေ ပိတ်ခံရတဲ့အချိန်မှာ လူတွေက မဖြစ်မနေ အွန်လိုင်းပေါ် တက်ရပါတယ်။ ဒါကို စစ်တမ်း ကောက်ကြည့်တဲ့အခါ ၁၀ ယောက်မှာ ၃ / ၄ ယောက်က ပထမဦးဆုံးအကြိမ် အသုံးပြုသူတွေအဖြစ် တွေ့ရပါတယ်။ သူတို့အနေနဲ့ ယခင်တုန်းက အသုံးမပြုခဲ့ဖူးဘူး၊ အခုကိုဗစ်ရောဂါ ဖြစ်တဲ့အချိန်မှာ မဖြစ်မနေ စမ်းသပ်အသုံးပြုပြီး ဝယ်ယူရတဲ့ စားသုံးသူအသစ်တွေကို အများကြီး ကျွန်တော်တို့ တွေ့ရပါတယ်။

 

ဈေးကွက်အနေနဲ့ ကိုဗစ်ရောဂါပိုး ရှိတဲ့အတွက် စီးပွားရေးက မကောင်းဘူး၊ ဒါပေမယ့် ဒစ်ဂျစ်တယ်လိုက်ဇေးရှင်းအပေါ်မှာ e-Commerce ရဲ့ပြောင်းလဲလာမှုကို ပိုပြီးမြင့်တက်လာပါတယ်။ ၂၀၁၉ ခုနှစ် ရန်ကုန်မြို့မှာ စက်ဘီးစီးပြီး အစားအသောက် ပို့ဆောင်သူတွေကို ကျွန်တော့် အမြင်အရ ၁၀၀၀ ပတ်ဝန်းကျင်လောက် ရှိပါတယ်။ ဒါပေမယ့် ၂၀၂၀ ပြည့်နှစ်မှာ ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှုနဲ့အတူ ဒီလိုပို့ဆောင်သူတွေအနေနဲ့ ၅၀၀၀ လောက်ဖြစ်လာပြီး ၅ ဆလောက် တက်လာပါတယ်။ စားသောက်ဆိုင်တွေအနေနဲ့ ဆိုင်ဖွင့်လို့မရတဲ့အတွက် အွန်လိုင်းကို အားကိုးလာရပါတယ်။ သူတို့ရဲ့ ရောင်းအားကလည်း အွန်လိုင်းကနေ ၁၀ ဆလောက် တက်လာပါတယ်။

 

အရင်တုန်းက အွန်လိုင်းမှာ အဓိက ဟမ်းဖုန်းတွေ ရောင်းကြတယ်၊ အဝတ်အစားတွေ ရောင်းကြတယ်၊ အစားအသောက်မှာယူကြတာ များပါတယ်။ အရင်တုန်းက တချို့လူတွေဆိုရင် ပင်လယ်စာဆိုရင်လည်း ဆိုင်မှာ ကြည့်ပြီးဝယ်ယူကြတာ များပါတယ်။ ဒီငါးက လတ်ဆတ်ရဲ့လားဆိုပြီး မျက်မြင်ကိုယ်တွေ့ ဝယ်ယူကြတာ များပါတယ်။ ဒါပေမယ့် အခုက မထင်ဘဲနဲ့ တချို့အွန်လိုင်းမှာ ပင်လယ်စာ ရောင်းတာ၊ အသီးအနှံရောင်းတာ၊ ပန်းရောင်းတာကအစ အများကြီး Hot ဖြစ်လာပါပြီ။ ဒါက ရေရှည်အတွက် ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတွေက e-Commerce ကို ပိုပြီး ယုံကြည်လာတယ်၊ ရေရှည်မှာ e-Commerce ရဲ့ အကျိုးတွေကလည်း အများကြီးရှိပါတယ်။

 

ကျွန်တော် အိုင်တီလုပ်ကိုင်တာကို ၂၀၁၅ ခုနှစ်မှာ စတင်ပါတယ်။ ဒါပေမယ့် ၂၀၁၅ - ၂၀၁၆ ခုနှစ်နဲ့   ၂၀၁၉ - ၂၀၂၀ ခုနှစ်ကို ယှဉ်ကြည့်လိုက်ရင် အရင်တုန်းက e-Commerce လို့ပြောရင် ခက်ပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က Facebook မှာ ဆိုင်ဖွင့်လိုက်ရုံနဲ့ မပြီးပါဘူး၊ ငွေလက်ခံဖို့အတွက် Mobile Wallet တွေ လိုပါတယ်။ ပစ္စည်းပို့ဖို့ကလည်း တစ်ရက်ကို အော်ဒါ ၅ ခု/ ၇ ခုဆို ကိုယ်တိုင် ဆိုင်ကယ် သို့မဟုတ် ကားမောင်းပြီး ပို့လို့ရပါတယ်။ ဒါပေမယ့် အော်ဒါတွေ အများကြီး ဖြစ်လာပြီဆိုရင် ကိုယ်တိုင်လည်း မနိုင်တဲ့အတွက် တစ်ဆင့်ခံပို့ဆောင်ပေးမယ့်သူတွေ လိုလာပါတယ်။ အရင်တုန်းဆိုရင် တစ်ဆင့်ခံပို့ဆောင်ပေးသူတွေက အလွန်နည်းပါတယ်၊ Mobile Wallet တွေကလည်း သိပ်အဆင်မပြေပါဘူး။ ဒါပေမယ့် ၂၀၁၉ - ၂၀၂၀ မှာ အရေးကြီးဆုံး ၂ ချက်ကို ကျွန်တော် မြင်ရပါတယ်။

 

အွန်လိုင်းငွေချေတာနဲ့ ပစ္စည်းပို့ဆောင်ပေးတဲ့ ဝန်ဆောင်မှုလုပ်ကိုင်သူတွေ အများကြီးထွက်လာတဲ့အတွက် အခက်အခဲတွေက အတော်နည်းသွားပါတယ်။ ဒါကြောင့် ကျွန်တော်တို့က အွန်လိုင်းမှာရှိတဲ့ Market Place မှာ ဆိုင်ဖွင့်ဖွင့်၊ Facebook မှာ ဆိုင်ဖွင့်ဖွင့်၊ ကိုယ့်ရဲ့ဝက်ဘ်ဆိုက်မှာ ရောင်းရောင်း မိုလ်ဘိုင်းအင်တာနက်အသုံးပြုသူ ၂၂ သန်းက ကိုယ့်ရဲ့ ဝယ်ယူသူတွေ ဖြစ်လာနိုင်ပါတယ်။ ပြောရရင် ဆိုင်ဖွင့်ထားတဲ့နေရာ အနီးတစ်ဝိုက်ကို ထိန်းထားနိုင်ပေမယ့်၊ အွန်လိုင်းကနေပြီး တစ်နိုင်ငံ လုံးကို ပျံ့နှံသွားနိုင်ပါတယ်။ ဒါကို ကျွန်တော်အနေနဲ့ အများကြီး အားပေးပါတယ်။ အခုက ကိုဗစ်ရောဂါဖြစ်ပွားနေတဲ့အတွက် မဖြစ်မနေ ပြောင်းလဲရမယ့် အချိန်လည်းဖြစ်လာပါပြီ၊ ဒီအချိန်မှာ မလုပ်ရင် နောက်ကျသွားမယ်လို့ ကျွန်တော် စိတ်ပူပါတယ်။

 

အစီအစဉ်မှူး။   ။           မိရိုးဖလာနည်းနဲ့ ဆိုင်ခန်းတွေ ရောင်းချနေရင်းကနေ e-Commerce စနစ်အပေါ်ကို သွားမယ်ဆိုရင် အခက်အခဲတွေက ဘာတွေရှိလာနိုင်လဲ၊ ဘယ်လိုပြောင်းလဲသင့်သလဲ ဆိုတာကို ဒေါ်ဝင်းဝင်းတင့်အနေနဲ့ အကြံပြုဆွေးနွေးပေးပါဦး။

 

ဒေါ်ဝင်းဝင်းတင့်။          ။           ကိုဗစ်ကာလ မတိုင်ခင်တုန်းက စီးပွားရေးလုပ်ငန်းတွေအနေနဲ့ဆိုရင် Facebook မှာ ကြော်ငြာကြတယ်။ အရောင်းအဝယ် စမ်းလုပ်ကြည့်မယ်ဆိုပြီး တစ်နိုင်တပိုင် လုပ်နေတဲ့သူတွေ များပါတယ်။

 

ဒါပေမယ့် ကိုဗစ် ဖြစ်သွားတဲ့အချိန်မှာ စီးပွားရေး တော်တော်များများက အွန်လိုင်းပေါ်ကို မဖြစ်မနေရောက်ကို ရောက်လာရမယ့် အခြေအနေမျိုး ဖြစ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Stay at Home နဲ့ Social Distancing တွေကြောင့် ဈေးအတော်များများက ပိတ်ရပါတယ်၊ ပိတ်ရတဲ့ အတွက်ကြောင့် လုပ်ငန်းဆက်လက် လည်ပတ်နိုင်ဖို့ အကုန်လုံးက အွန်လိုင်းကို မဖြစ်မနေ ရောက်လာကြရပါတယ်။ မမျှော်လင့်တဲ့ကိစ္စဖြစ်တဲ့အတွက် ချက်ချင်းမြန်မြန်ကြီးကို လုပ်ယူရပါတယ်၊ အခက်အခဲတွေ အများကြီးရှိပါတယ်။

 

ဘာဖြစ်လို့လဲဆိုတော့ နည်းပညာကို အကျွမ်းတဝင် မရှိတာတွေ၊ ဗဟုသုတပိုင်းနဲ့ ကျွမ်းကျင်မှု မရှိတာတွေ၊ နည်းပညာကို အသုံးချဖို့အတွက် ရယ်ဒီမဖြစ်တာတွေ အဲဒီလိုမျိုး အခက်အခဲတွေနဲ့ ၂ လ / ၃ လ လောက်က အွန်လိုင်းပေါ်မှာရောင်းဖို့ လက်လီဆိုင်တွေ တော်တော်လေးကို ခက်ခဲတဲ့ကာလပါ။ ဒါပေမယ့် ဖြစ်အောင် ရောင်းချရမယ်ဆိုပြီး လုပ်ကိုင်ဆောင်ရွက်တဲ့အခါ အခုနောက်ပိုင်း တော်တော်များများအနေနဲ့ Facebook ပေါ်မှာ ရောင်းချလာနိုင်ပါတယ်။ နောက် ဝက်ဘ်ဆိုက်တွေ၊ Market Place တွေမှာ ရောင်းချလာတာကို အများကြီးတွေ့လာရပါတယ်။ ဒီအချိန်အတွင်းမှာ 3rd Party Logistic Service ပေးသူတွေလည်း အများကြီးဖြစ်လာပြီး Logistic ပိုင်းကလည်း တိုးတက်လာတာကို တွေ့ရပါတယ်။

 

အခြားနိုင်ငံတွေမှာ e-Commerce တွေ စဖြစ်လာတဲ့အချိန်မှာ အီလက်ထရောနစ်ပစ္စည်းတွေ၊ လူသုံးကုန်တွေ၊ ဖက်ရှင်ပစ္စည်းတွေ၊ အလှကုန်တွေ၊ ကလေးပစ္စည်းတွေ တော်တော်များများကလည်း e-Commerce ကို ပြောင်းသွားတာကို တွေ့ရပါတယ်။ ဒီလိုပစ္စည်းမျိုး ရောင်းချသူတွေအနေနဲ့ e-Commerce အပေါ်မှာ အားစိုက်ထုတ်ဖို့ လိုပါတယ်။ ဒါကို မလုပ်ရသေးဘူးဆိုရင်လည်း စတင်လုပ်ကိုင်ဖို့ လိုတယ်လို့ ကျွန်မအနေနဲ့ မြင်ပါတယ်။ ဒီလို စတင်လုပ်ကိုင်တဲ့အခါမှာလည်း Facebook ကနေ ရောင်းချတာကို စတင်ပြီး တဖြည်းဖြည်းနဲ့ ကိုယ်ရဲ့ နည်းစနစ်တွေကို ပိုပြီးကောင်းမွန်အောင်၊ Customer Call Center, Customer Care တွေ၊ ကုန်ပစ္စည်းသိုလှောင် ဖြန့်ဖြူးတာတွေကို ပိုမိုကောင်းမွန်အောင် လုပ်ကိုင်ဆောင်ရွက်သွားဖို့ ကျွန်မအနေနဲ့ အများကြီး အားပေးပါတယ်။

 

မိရိုးဖလာ လုပ်ကိုင်ဆောင်ရွက်နေသူတွေရဲ့ အားသာချက်က သူတို့မှာ ကုန်ပစ္စည်းတွေနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေရှိတယ်၊ ကိုယ့်ဆိုင်တံဆိပ်ကို ယုံကြည်သက်ဝင်နေတဲ့ ဖောက်သည်တွေ ရှိပြီးသားဖြစ်တယ်။ နောက်ပိုင်းမှာ မိရိုးဖလာလက်လီလုပ်ငန်းတွေက အွန်လိုင်းအပြင် Offline ပါ ပေါင်းစပ်ပြီး ရောင်းချနိုင်မယ့် နည်းလမ်းတွေ အများကြီးရှိလာပါတယ်။ မိရိုးဖလာရောင်းချသူတွေ အနေနဲ့ အွန်လိုင်းကနေ ရောင်းချတာကို သိအောင်လုပ်ပြီး တဖြည်းဖြည်းနဲ့ ရောင်းချမယ်၊ ပြီးတော့ အွန်လိုင်းကရရှိလာတဲ့ သတင်းအချက်အလက်တွေ၊ နည်းပညာတွေကို Offline  အရောင်းဆိုင်တွေမှာ ပိုပြီးရောင်းကောင်းအောင် လုပ်ဆောင်မယ်ဆိုတဲ့ အရွေ့ကို ရှေးရှုစေချင်ပါတယ်။

 

အစီအစဉ်မှူး။   ။           e-Commerce စနစ်နဲ့ ရောင်းချခြင်းက လက်လီရောင်းချခြင်းထက် ပိုပြီး ခက်ခဲသလား၊ ဘယ်လိုအခြေအနေမျိုးနဲ့ ကြုံရနိုင်သလဲဆိုတာကို ဦးသန်းထွန်းဝင်းက သုံးသပ်ပြောကြားပေးပါဦး။

 

ဦးသန်းထွန်းဝင်း။         ။           ပထမ ကျွန်တော် မြင်တာက e-Commerce အနေနဲ့ နည်းနည်းအချိန် ပေးလိုက်ရင် လက်လီရောင်းချတာတွေက ပိုလွယ်နိုင်ပါတယ်။ ဒါပေမယ့် လက်ရှိ ဆိုင်ကို ပိတ်ထားပြီး e-Commerce ကို လုံးဝသွားရမယ်လို့ ပြောတာမဟုတ်ပါဘူး၊ ခုနပြောသလို အွန်လိုင်းကော၊ Offline ကပါ ရောင်းချခြင်းက အကောင်းဆုံးပါ။

 

လက်ရှိခေတ်သစ်မှာ အွန်လိုင်း သို့မဟုတ် Offline ရောင်းချတယ်ဆိုတဲ့ စိတ်ဓာတ်မျိုး မရှိသင့်ဘူးလို့ ကျွန်တော်မြင်ပါတယ်။ တကယ့်ဆိုင်ဖွင့်တဲ့အချိန်မှာ ပထမအခက်အခဲက ဆိုင်ခန်းငှားရမ်းခပါ။ ဆိုင်ခန်းငှားရမ်းခကလည်း ဈေးကြီးတယ်၊ အခုကိုဗစ်ကာလမှာ လူတွေက ဆိုင်လည်း ဖွင့်လို့မရဘူးဆိုတဲ့အချိန် ဆိုင်ခန်းငှားရမ်းခက လက်လီရောင်းချသူတွေအတွက် အများကြီး ဖိအားတွေဖြစ်စေပါတယ်။ အွန်လိုင်းမှာ ရောင်းတဲ့အတွက် ဆိုင်ခန်းငှားရမ်းခ ပြဿနာမရှိနိုင်ဘူး၊ ရင်းနှီးမြှုပ်နှံမှုလည်း နည်းသွားမယ်။

 

အွန်လိုင်းမှာ ဆိုင်ဖွင့်တဲ့အချိန် ဘာဈေးမှ သိပ်မရှိပါဘူး။ Facebook မှာ ဆိုင်ဖွင့်တာကလည်း အင်တာနက်ဖိုးပဲ ကုန်မှာပါ။ မြန်မာနိုင်ငံမှာ အောင်မြင်နေတဲ့ အွန်လိုင်းဈေးကွက်တွေမှာ ပစ္စည်းသွားတင်တာ၊ ဆိုင်ခန်းသွားဖွင့်တယ်ဆိုရင် ဘာအခကြေးငွေမှ သူတို့ကောက်တာ မရှိပါဘူး၊ ပစ္စည်းရောင်းလိုက်တဲ့အချိန်မှာ ကော်မရှင် အနည်းငယ် ကောက်ပါတယ်။

 

ကျွန်တော်အမြင်က အွန်လိုင်းမှာ ကိုယ့်ရဲ့ Facebook ဆိုင်လည်း ဖွင့်သင့်တယ်၊ အွန်လိုင်း ဈေးကွက်မှာလည်း ဆိုင်တွေ များများသွားဖွင့်သင့်ပါတယ်။ Facebook မှာ ကိုယ့်ရဲ့ ဆိုင်နာမည် သို့မဟုတ် ကုန်ပစ္စည်းနာမည်နဲ့ Page တွေ များများထောင်ကြပါ။ တချို့လူတွေ Facebook မှာ ဆိုင်သွားဖွင့်တဲ့အခါ Business Page ကို မဖွင့်ဘဲ Personal Page အနေနဲ့ ဖွင့်လိုက်တာမျိုးကို သတိထားစေချင်ပါတယ်။ Facebook မှာ ဆိုင်ဖွင့်ရင် Personal Page အနေနဲ့ မဖွင့်ပါနဲ့ Business Page အနေနဲ့ ဖွင့်ကြပါ။ ဒါက ရေရှည်အတွက် ပိုကောင်းပါတယ်။

 

အွန်လိုင်းမှာ ဆိုင်ဖွင့်တဲ့အတွက် ကုန်ကျစရိတ် တော်တော်များများ သက်သာသွားတယ်။ အွန်လိုင်းရဲ့ အဓိက အားနည်းချက်က လူတွေရဲ့ ယုံကြည်မှုအားနည်းတာပါ။ အွန်လိုင်းကနေ ငွေချေလိုက်ပြီဆိုရင် ပစ္စည်းတကယ်ရမလား၊ ကြော်ငြာထားတဲ့ ပစ္စည်းမဟုတ်ဘဲ တခြားတစ်မျိုးဖြစ်နေ မလားဆိုတာတွေကို အချိန်ပေးပြီး တဖြေးဖြေး ဖြေရှင်းရမှာ ဖြစ်ပါတယ်။

 

ဒါကြောင့် အွန်လိုင်းမှာ ရောင်းရင် ယုံကြည်မှုရှိအောင် Customer တွေက လာမေးရင် မြန်မြန်ဆန်ဆန် ဖြေကြားပေးပါ။ ဝယ်ယူသူတွေအနေနဲ့ ဆိုင်တစ်ခုထဲကို မမေးပါဘူး။ ၂ ဆိုင် / ၃ ဆိုင်ကို မေးလိုက်တယ်၊ ဈေးနှုူန်းယှဉ်ကြည့်တယ် ဆိုင်က မြန်မြန်ဆန်ဆန်နဲ့ ပြန်လည်ဖြေကြားပေးရင် သူတို့ အနေနဲ့ ပိုယုံကြည်မှုရှိပါတယ်။ အွန်လိုင်းမှာ ဆိုင်ဖွင့်ထားပေမယ့်၊ ဆိုင်ကို မပစ်ထားပါနဲ့ ဝယ်သူမေးတဲ့အချိန်မှာလည်း အချိန်တိုတိုနဲ့ အမြန်ဆုံးဖြေပေးပါ။ ယုံကြည်မှုပိုရှိလာအောင် ဝယ်သူတွေကို ပစ္စည်းမကြိုက်ရင် ပြန်လဲပေးတာ၊ ပိုက်ဆံပြန်အမ်းပေးတာ၊ ဝယ်သူစိတ်ကြိုက်ဆောင်ရွက်ပေးနိုင်ရင် ပိုမိုအောင်မြင်လာမယ်လို့ ကျွန်တော်ထင်ပါတယ်။ အခုခေတ်မှာ အနည်းဆုံး အွန်လိုင်းဈေးဆိုင် တစ်ခုရှိသင့်ပါတယ်။

 

ထက်လျှံ