ဒေါသများနှင့် စာမျက်နှာ

လောကကြီးတစ်ခုလုံးအပူရှိန်အောက်မှာ ခြောက်သွေ့ ကြွပ်ရွနေချိန်။ သဘာဝအလျောက်ဖြစ်စေ၊ လူ့ပယောဂကြောင့်ဖြစ်စေ တောမီးတို့ လောင်ကျွမ်းသောအခါ ကောင်းကင်နှင့်လေထုထဲမှာပါ တောမီးခိုးတို့ ပိတ်ဆို့မှိုင်းမှုန်ကာ မီးတောက်မီးလျှံများ၏ ဝါးမြိုမှုကြောင့် သစ်ပင် သစ်တော၊ ဝါးတောများ မီးသွေးပြာမှုန်အဖြစ် ပြောင်းလဲသွားရသည့် မြင်ကွင်းတို့က တရားသဘောကိုထင်ဟပ်ပြနေကြသည်။

 

ဗုဒ ̈ဓမ္မတွင်ဒေါသနှင့်တောမီးကိုထပ်တူပြု၍ ဥပမာပြထားသည်။ သစ်ပင်သစ်တောတို့ကိုစွဲလောင်သည့် တောမီးသည် သစ်ပင်သစ်တော တို့ကို ပျက်စီးစေသကဲ့သို့၊ ထင်းကိုစွဲလောင်သည့်မီးသည်ထင်းကိုပြာကျ ပျက်စီးစေသကဲ့သို့ စိတ်ကိုမှီ၍ ဖြစ်လာသည့်ဒေါသကလည်း စိတ်ကို လောင်ကျွမ်းပျက်စီးစေသည်။ အဘိဓမ္မာသဘောအရ စိတ်သည်မူလ သဘောအရသန့်ရှင်းစင်ကြယ်သည်။ ပြိုးပြိုးပြက်ပြက်နှင့် ကြည်လင် လျက်ရှိသည်။ ပင်ကိုအားဖြင့်ဖြူစင်သန့်ရှင်းနေသော စိတ်သည်အခိုက် အတန့်အားဖြင့် ပေါ်လာတတ်သည့်အညစ်အကြေးတို့ကြောင့် ညစ်နွမ်း သွားရသည်။ စိတ်၏အညစ်အကြေး အကုသိုလ်စေတသိက် ၁၄ မျိုးရှိသော် လည်း အရင်းအမြစ်အားဖြင့် လောဘ၊ ဒေါသ၊ မောဟတို့သာလျှင် ဖြစ် သည်။

 

 

ယင်းတို့အနက်မှ ဒေါသသည်ကြမ်းတမ်းခက်ထန်သည့် သဘောရှိ သည်။ ငြိမ်းချမ်းနေ၊ ရွှင်ပျနေသည့်အခြေအနေကို ဖျက်ဆီးပစ်သည့် သဘောလည်းရှိသည်။ စိတ်၏ကြမ်းတမ်းခက်ထန်နေသည့်သဘောသည် ဒေါသဟုဆိုရာ၌ စိတ်ညစ်မှု၊ စိတ်မချမ်းသာမှု၊ ကြောက်ရွံ့ မှု၊ စိတ်ပျက်မှု၊ စိတ်ကောက်မှု၊ စိတ်ဆိုးမှု၊ ရန်ငြိုးဖွဲ့ မှု၊ ဆဲဆိုမှု၊ ငေါက်ငမ်းမှု၊ ခြိမ်းခြောက်မှု၊ သေကျေပျက်စီးအောင်ကြံဆောင်မှု၊ တိုက်ခိုက်မှုတို့လည်းပါဝင်သည်။ ကြမ်းတမ်းမှုကဒေါသဖြစ်သလို ကြောက်ရွံ့မှုကလည်း ဒေါသသာ ဖြစ်သည်။ လူတစ်ယောက်နှင့်တစ်ယောက် စရိုက်ကွဲပြားကြရာတွင် ဒေါသစရိုက်ရှိသူတို့မှာ ရန်ငြိုးဖွဲ့ သည့် (အာဃာတ)၊ ငြူစူသည့် (ဣဿာ)၊ ဝန်တိုသည့် (မစ္ဆရိယ)၊ သူတစ်ပါးဂုဏ်ကိုဖျက်ဆီးလိုသည့်(မက္ခ)၊ ဂုဏ်တု ဂုဏ်ပြိုင်ပြုသည့် (ပဠာသ)၊ အဆုံးမခက်သည့် (ဒုဗ္ဗစ) တရားတို့ ဖြစ်ပွားလေ့ရှိသည်။ မည်သို့ဖြစ်ပွားသည်ဖြစ်စေ ဒေါသနှင့်စပ်၍ဖြစ်သည့် အလျောက် အမှီပြုရာစိတ်ကို တောမီးကဲ့သို့ပင် လောင်ကျွမ်းပျက်စီးစေမည်သာဖြစ်သည်။

 

လူတို့၏စရိုက်သဘာဝကွဲပြားခြားနားမှုကို တစ်ဦးချင်းစီ၏နေထိုင်ပုံ၊ သွားလာပုံ၊ စားသောက်ပုံ၊ အကျင့်သဘာဝစသည်တို့ကို ကြည့်ရှုလေ့လာပြီး မည်သူသည် မည်သည့်စရိုက်ရှိကြောင်းအကဲဖြတ်ကြသည်။ နည်းပညာတို့ တိုးတက်ပြောင်းလဲလာသောခေတ်တွင်မူ လူတို့၏ ပေါင်းသင်းဆက်ဆံ ရေးနယ်ပယ်က ပိုမိုကျယ်ပြန့်သလောက်ပိုမို၍လည်း လျင်မြန်လာသည်။ ယခင်ကရပ်ထဲရွာထဲမှာတွေ့ခဲ့ကြရသည့် လူတို့၏စရိုက်သဘာဝများက လူမှုကွန်ရက်များဆီအထိ ခြေဆန့်ဖြန့်ကြက်လာသည်။ အာဃာတ၊ ဣဿာ၊ မစ္ဆရိယ၊ မက္ခ၊ ပဠာသ၊ ဒုဗ္ဗစတို့က လူမှုကွန်ရက်စာမျက်နှာများ ပေါ်ထိ ကူးစက်ပျံ့နှံ့လောင်ကျွမ်း လာသည်။

 

“Social Media Facebook တွင် ကြည့်သည့်အခါ ဒေါသများ အင်မတန်များသည်ကို သတိပြုမိပါကြောင်း၊ တစ်ယောက်နှင့်တစ်ယောက် မလိုလားအပ်သည့်စိတ်၊ မုန်းတီးသည့်စိတ်၊ ဒေါသစိတ်၊ ဝေဖန်ချင်သည့် စိတ် ထိုအရာများဖြင့် ရေးသားနေပြီး ယင်းတို့သည် မိမိတို့ နိုင်ငံအတွက် အကျိုးပြုသည်မဟုတ်ပါကြောင်း၊ အပေါင်းလက္ခဏာမဆောင်ပါကြောင်း၊ မိမိ၏အကောင်းကိုမြင်၍သူတစ်ပါး၏ အကောင်းကိုကျုံ့ ၍မြင်ခြင်းသည် သူတော်ကောင်းစိတ်ဓာတ်မဟုတ်ဘဲ သူယုတ်မာစိတ်ဓာတ်ဖြစ်ပါကြောင်းဟူ၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က မကြာ သေးမီကပြောကြားခဲ့သည်ကို မှတ်မှတ်ထင်ထင်ပင်ဂရုပြုမှတ် သားမိသည်။

 

အထက်တွင်ဆိုခဲ့သည့်အတိုင်းပင်စိတ်၏မူလသည် ပြိုးပြိုးပြက်ပြက် ကြည်လင်သန့်ရှင်းသော်လည်း အခိုက်အတန့်ရောက်လာသည့် ကိလေသာ အညစ်အကြေးတို့ကြောင့်သာ ညစ်နွမ်းကြရခြင်းဖြစ်သည်။ ကိလေသာ အညစ်အကြေးတို့၏ သဘောမှာအခိုက်အတန့်သာဖြစ်သည့်အလျောက် စိတ်မှာစွဲထင်ခြင်း မရှိရအောင် ဖယ်ရှားပစ်၍ရသည်။ ပထမနည်းလမ်းမှာ မိမိတို့၏စိတ်ကိုဖြူစင်သန့်ရှင်းအောင် သတိတရားဖြင့်ကောင်းစွာ ထိန်းသိမ်းစောင့်ရှောက်ထားရန်ဖြစ်ပြီး ဒုတိယနည်းလမ်းမှာ စိတ်အညစ် အကြေးတို့ကိုဖယ်ရှားသွားရန်ဖြစ်သည်။ ရေကြောင့်ဖြစ်သည့်ရွှံ့ နွံများကို ရေဖြင့်သာ ပြန်လည်ဆေးကြောရသကဲ့သို့ပင် စိတ်တွင် ဖြစ်ပေါ်လာသည့် အညစ်အကြေးတို့ကို စိတ်ဖြင့်သာ ပြန်လည်သန့်စင်ကြရမည်ဟု ဆိုပါကြောင်း။ မြန်မာ့အလင်း